Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံရေး စုဝေးပွဲ တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ၄၄ ဦးထက်မနည်း သေဆုံး

အစ္စလာမ်မစ် ဘာသာရေး အခြေပြု ပါတီ တခုဖြစ်တဲ့ ဂျာမီရက် အူလီမာအီ အစ္စလာမ် ဖာဇဲလ်က ဦးဆောင်တဲ့ အခမ်းအနားတခုကို နိုင်ငံ အနောက်မြောက်ပိုင်း ဘာဂျူအာ ခရိုင်မှာ ကျင်းပနေတဲ့အချိန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ပါကစ္စတန် နိုင်ငံရေး စုဝေးပွဲ တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ၄၄ ဦးထက်မနည်း သေဆုံး
ပါကစ္စတန် နိုင်ငံရေး စုဝေးပွဲ တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ၄၄ ဦးထက်မနည်း သေဆုံး

ပါကစ္စတန် နိုင်ငံက လူထု စုဝေးပွဲ တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက လူ ၄၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အစ္စလာမ်မစ် ဘာသာရေး အခြေပြု ပါတီ တခုဖြစ်တဲ့ ဂျာမီရက် အူလီမာအီ အစ္စလာမ် ဖာဇဲလ်က ဦးဆောင်တဲ့ အခမ်းအနားတခုကို နိုင်ငံ အနောက်မြောက်ပိုင်း ဘာဂျူအာ ခရိုင်မှာ ကျင်းပနေတဲ့အချိန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ဇူလိုင် ၃၀ က ဖြစ်ရပ်မှာ အသေအပျောက် ၄၄ ဦး စာရင်းရထားပြီး နောက်ထပ် ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲမှုရဲ့ အကြောင်းရင်းမှန်ကို မသိရသေးပေမယ့် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ရဲတွေက ယူဆထားပါတယ်။

အဲဒီ ကောက်ချက်ကို အထောက်အကူ ဖြစ်စေမယ့် သက်သေ အထောက်အထား တချို့ကိုလည်း ရဲတွေက တွေ့ရှိထားပြီးပါပြီ။ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးမှာ ဒဏ်ရာရသူ အားလုံးကို ဆေးရုံတင်ပို့နိုင်ခဲ့ပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိ ပျောက်ဆုံးနေသူ မရှိဘူးလို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒဏ်ရာရသူတွေထဲမှာ အနည်းဆုံး ၁၅ ယောက်လောက်ရဲ့ အခြေအနေက အတော်ဆိုးရွား ပြင်းထန်တာကြောင့် အသေအပျောက်ဦးရေ တိုးလာမှာကို စိုးရိမ်နေရပါတယ်။

အသေခံ ဗုံးခွဲမှု ဖြစ်တယ်ဆိုတာ သေချာရင် အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်း ရှိနေသလဲ၊ ပြီးတော့ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ကျူးလွန်သလဲ ဆိုတာတွေကို တိတိကျကျ မသိရသေးပါဘူး။

ဘာဂျူအာခရိုင်ထဲက ခါးဟ်မြို့နယ်ထဲမှာ ပါတီက ဦးဆောင်ကျင်းပတဲ့ အလုပ်သမား ညီလာခံ အခမ်းအနားကို တက်ရောက်ခဲ့သူ ရာပေါင်းအတော်များများ ရှိတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာဟာ အာဖဂန် နစ္စတန် နယ်စပ်နဲ့ မနီးမဝေးမှာ တည်ရှိနေပါတယ်။

ဒေသခံ ဆေးရုံတွေမှာတော့ ဒဏ်ရာရ လူနာတွေနဲ့ ပြည့်နှက်သွားတဲ့အတွက် ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။ ပေါက်ကွဲမှုမှာ ပါတီရဲ့ ဒေသဆိုင်ရာ အကြီးအကဲ တစ်ဦးဖြစ်တဲ့ မော်လာနာ ဇီအာလာလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခု တိုက်ခိုက်မှုက သူ့ကို ပစ်မှတ်ထားတာ ဟုတ်မဟုတ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှာရစ်ဖ်က အခုဖြစ်စဉ်ကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ပါကစ္စတန်နိုင်ငံ၊ ကိုရန်ကျမ်းစာနဲ့ အစ္စလာမ် ဘာသာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတိုင်းကို ထိရောက်တဲ့ ပြစ်ဒဏ်မျိုး စီရင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်သမားတိုင်းဟာ ပါကစ္စတန်ရဲ့ ရန်သူဖြစ်ကြောင်း၊ အဲဒီ အဖျက်သမားတွေ ကမ္ဘာပေါ်ကနေ ပျက်စီး ပျောက်ကွယ်သွားတဲ့ထိ ပါကစ္စတန် အစိုးရက မဆုတ်မနစ် အားထုတ်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ပါကစ္စတန်ဟာ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ လျာထားပြီး ဂျာမီရက် အူလီမာအီ အစ္စလာမ် ဖာဇဲလ် ပါတီက လူထုထောက်ခံမှုတွေ စည်းရုံးယူနိုင်ဖို့အတွက် အခု အခမ်းအနားကို စီစဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။