Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပလိပ်မြို့ရဲစခန်းဝင်း ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်

ပလိပ်ရဲစခန်းရှေ့၌ ဆိုင်ကယ်စီးနင်းသူများအနေဖြင့် တွန်းသွားရပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ ဖြတ်သန်းခွင့်ပြုကြောင်း မြို့ခံများက ပြောသည်။

(ပလိပ်ရဲစခန်းရှေ့အား တွေ့ရစဥ်။ရဓာတ်ပုံ-PAFD)
(ပလိပ်ရဲစခန်းရှေ့အား တွေ့ရစဥ်။ရဓာတ်ပုံ-PAFD)

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်ရှိ ပလိပ်မြို့ရဲစခန်းဝင်းအတွင်း ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင်၃၀ ရက်) ည၈နာရီ၄၅မိနစ်ခန့်က စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရဲစခန်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံများပါ ကြားလိုက်​ရကြောင်း မြို့ခံများက ပြောသည်။

“ညဘက်ဆို ပိတ်ထားတာ စခန်းရှေ့က။ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ မြေပါတုန်တယ်။”ဟု ပလိပ်မြို့ခံတစ်ဦးက ပြောသည်။

ပလိပ်ရဲစခန်းဝင်းအတွင်းသို့ PAFD ရဲဘော်များ ဝင်ရောက်မိုင်းထောင်စဥ် ရဲများတွေ့သွားခဲ့ပြီး ၎င်းတို့အား လိုက်လံပစ်ခတ်နေသည့်ကြားက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရဲပင်မဆောင်နဲ့အနီးဆုံးကို ထောင်ခွဲတာပါ။ ဝင်ပုံဝင်နည်းတော့ လုံခြုံရေးအရ မပြောပါရစေနဲ့။ တော်တော်စွန့်စားရတယ်။ ပစ်ခံရတာလည်း တအားပဲ။”ဟု PAFD တာဝန်ခံက ပြောသည်။

စစ်အုပ်စုထိခိုက်မှုရှိ၊ မရှိကိုမူ မသိရသေးကြောင်း ရဲဘော်များက ပြောသည်။

ပလိပ်ရဲစခန်းရှေ့၌ ဆိုင်ကယ်စီးနင်းသူများအနေဖြင့် တွန်းသွားရပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ ဖြတ်သန်းခွင့်ပြုကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ အောက်တိုဘာအတွင်းက ပလိပ်မြို့ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဆိုအား ၎င်း၏နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။