Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ မဖြစ်အောင် တားဆီးဖို့ အစ္စရေး တာဝန်ရှိကြောင်း ICJ ဆုံးဖြတ်

ICJက အခုဆုံးဖြတ်ချက်ဟာ အပြီးသတ်အဆင့် ဖြစ်ပြီး အယူခံဝင်လို့ ရမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ICJဟာ စီရင်ချက်သာ ချမှတ်နိုင်ပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ ဖိအားပေးလို့တော့ မရပါဘူး။

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ မဖြစ်အောင် တားဆီးဖို့ အစ္စရေး တာဝန်ရှိကြောင်း ICJ ဆုံးဖြတ်
ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ မဖြစ်အောင် တားဆီးဖို့ အစ္စရေး တာဝန်ရှိကြောင်း ICJ ဆုံးဖြတ်

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က အစ္စရေး အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုဆန်တဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် တားဆီးဖို့ တာဝန်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံအချင်းချင်း အငြင်းပွားမှုတွေမှာ ကြားဝင် စီရင်ဆုံးဖြတ်နိုင်တဲ့ အမြင့်ဆုံး တရားရေးဌာနဖြစ်တဲ့ ICJဟာ တရားလို တောင်အာဖရိက နိုင်ငံက တောင်းဆိုတဲ့အတိုင်း ဂါဇာစစ်ပွဲကို ရပ်တန့်ဖို့ အထိတော့ စီရင်ချက်ထဲမှာ ထည့်သွင်း မဖော်ပြခဲ့ပါဘူး။

နောက်ပြီး ICJဟာ အစ္စရေး ဆင်နွှဲနေတဲ့ ဂါဇာစစ်ပွဲမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ တောင်အာဖရိကရဲ့ စွပ်စွဲချက် အနှစ်သာရနဲ့ ပတ်သက်လို့လည်း လက်ရှိ အဆင့်မှာ ဆုံးဖြတ်ချက် မပေးသေးပါဘူး။ အဲဒီအစား ICJရဲ့ တရားသူကြီး ၁၇ ဦးဟာ ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖြစ်မလာအောင် အရေးပေါ် တားဆီးမှု အစီအမံတစ်ခု လိုအပ်နေပြီ ဆိုတာကို မဲပေး သဘောတူခဲ့ကြပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာ ကြားဖြတ် စီရင်ချက် တစ်ခုအနေနဲ့ ICJက ညွှန်ကြားခဲ့ရာမှာ အစ္စရေးဟာ လက်အောက်ခံ တပ်ဖွဲ့တွေက ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ မကျူးလွန်နိုင်အောင် အစွမ်းကုန် တားဆီးပေးဖို့ တာဝန်ရှိကြောင်း ပါရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများ တားဆီးရေး ကွန်ဗန်းရှင်း သဘောတူညီမှုနဲ့အညီ အစ္စရေးဟာ လူမျိုးသုဉ်း သတ်ဖြတ်ဖို့ စေ့ဆော်မှုတွေကို တားဆီးဖို့၊ ပါလက်စတိုင်း ပြည်သူတွေအပေါ် ပိုမို အကာအကွယ်ပေးဖို့၊ ဂါဇာကို လူသားချင်း စာနာမှု အကူအညီတွေ ပိုမို ဝင်ရောက်နိုင်ရေး စီစဉ်ပေးဖို့ တာဝန်ရှိတယ်လို့ ICJက ဆုံးဖြတ်ပေးခဲ့ပါတယ်။

နောက်ပြီး တရားရုံး ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်နေမှု လုပ်ငန်းစဉ်တွေကို တစ်လအကြာမှာ ပြန်အစီရင်ခံဖို့လည်း အစ္စရေးကို ICJက ညွှန်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ICJရဲ့ တရားသူကြီး ၁၇ ဦးထဲမှာ ၁၅ ဦးက အရေးပေါ် တုံ့ပြန် အစီအမံတွေ လိုအပ်နေပြီလို့ မဲပေးခဲ့ကြပြီး ယူဂန္ဓာ နိုင်ငံရဲ့ တရားသူကြီး ဂျူလီယာ ဆီဘူတင်ဒီ တစ်ဦးတည်းက အစီအမံ အားလုံးကို ကန့်ကွက်မဲ ပေးခဲ့ပါတယ်။ ဟိဂ်မြို့က ICJ ဌာနချုပ်မှာ ရုံးထိုင်တဲ့ အစ္စရေး တရားသူကြီး အေဟာရွန် ဘာရက်ခ်က ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို အယုံအကြည် မရှိဘူး ဆိုပေမယ့် အရေးပေါ် တုံ့ပြန်ရေး အစီအမံ နှစ်ခုအတွက် ထောက်ခံမဲ ပေးခဲ့ကြောင်း ပြောပါတယ်။

တောင်အာဖရိက နိုင်ငံကတော့ ICJ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး နိုင်ငံတကာ ဥပဒေရေးရာ ပြတ်သားတဲ့ အောင်ပွဲတစ်ခုလို့ ကြွေးကြော်ခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ICJ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး အစ္စရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အပြည့်အဝ အခွင့်အရေး ရှိကြောင်းနဲ့ တောင်အာဖရိကရဲ့ စွပ်စွဲချက်ဟာ ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေးကို ခွဲခြားဆက်ဆံဖို့ ဆိုးယုတ်တဲ့ အားထုတ်မှု တစ်ခုထက် မပိုကြောင်း ဝေဖန်သွားခဲ့ပါတယ်။

ICJက အခုဆုံးဖြတ်ချက်ဟာ အပြီးသတ်အဆင့် ဖြစ်ပြီး အယူခံဝင်လို့ ရမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ICJဟာ စီရင်ချက်သာ ချမှတ်နိုင်ပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ ဖိအားပေးလို့တော့ မရပါဘူး။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ကတာ့ ICJရဲ့ စီရင်ချက်ဟာ အရေးပါတဲ့ အဆုံးအဖြတ် တစ်ခုလို့ ညွှန်းဆိုခဲ့ပြီး ဂါဇာဒေသမှာ ပါလက်စတိုင်းတွေအပေါ် နောက်ထပ် ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုဆန်တဲ့ လုပ်ရပ်တွေ ဆက်ကျူးလွန်လို့ မရနိုင်တော့ဘူးဆိုတာ အစ္စရေးရော၊ မဟာမိတ်တွေကိုပါ သတိပေးပြီး ဖြစ်သွားစေကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

ကိုးကား: BBC