Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းအတွက် လက်ခံနိုင်စရာ မရှိတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်မျိုး ပူတင်ထုတ်ပြန်

ပူတင်ရဲ့ အဆိုမှာ အရေးကြီးတဲ့ အချက်တွေအဖြစ် လက်ရှိ ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်း နယ်မြေတွေကို ယူကရိန်းက စွန့်လွှတ်ပြီး တပ်တွေ ရုပ်သိမ်းပေးဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေမှုတွေကို ရပ်တန့်ဖို့ ဆိုတာတွေ ပါရှိခဲ့ပါတယ်။

ယူကရိန်းအတွက် လက်ခံနိုင်စရာ မရှိတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်မျိုး ပူတင်ထုတ်ပြန်
ယူကရိန်းအတွက် လက်ခံနိုင်စရာ မရှိတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်မျိုး ပူတင်ထုတ်ပြန်

ယူကရိန်းဖက်က ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထုတ်ပြန်ခဲ့ပါတယ်။

ပူတင်ရဲ့ အဆိုမှာ အရေးကြီးတဲ့ အချက်တွေအဖြစ် လက်ရှိ ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်း နယ်မြေတွေကို ယူကရိန်းက စွန့်လွှတ်ပြီး တပ်တွေ ရုပ်သိမ်းပေးဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေမှုတွေကို ရပ်တန့်ဖို့ ဆိုတာတွေ ပါရှိခဲ့ပါတယ်။

တစ်ဖက်မှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ နိုင်ငံတကာ အသိအမှတ်ပြု ယူကရိန်း ပိုင်နက်ထဲက ရုရှားတပ်တွေ အကုန် ဆုတ်ခွာပေးရေးကို အစဉ်တစိုက် တောင်းဆိုနေပြီး အခုလကုန်ပိုင်းမှာလည်း နိုင်ငံအများစုက ထောက်ခံတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခုကို ဖော်ဆောင်နိုင်ဖို့ ကြိုးစား စည်းရုံးနေပါတယ်။

ဇွန်လ ၁၄ ရက်နေ့မှာ ပူတင်ရဲ့ အဆိုပြုချက် ထွက်ပေါ်လာတဲ့အခါ ဇီလန်စကီးက အဲဒီအဆိုတွေဟာ ကမ်းလှမ်းမှု တစ်ခုမဟုတ်ဘဲ ခြိမ်းခြောက် ရာဇသံ တစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ ပူတင်ဟာ ဒုတိယ ကမ္ဘာစစ်တုန်းက သောင်းကျန်းခဲ့တဲ့ နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာနဲ့ တဖြည်းဖြည်း ပိုတူလာနေပြီလို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ရဲ့ အဆိုပြုချက်ထဲမှာတော့ ယူကရိန်း တပ်တွေဟာ ဒွန်းညက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆွန်၊ ဇာပိုရစ်ဇီရာ ဒေသတွေကနေ ချက်ချင်း ဆုတ်ခွာပေးရမယ်လို့ ဖော်ပြထားပါတယ်။ ပူတင်က ရုရှား သံအရာရှိတွေဆီ လိပ်မူတဲ့ မိန့်ခွန်းတစ်ခုမှာ စစ်ရပ်ဆိုင်းရေးအတွက် သူ့ဖက်က သတ်မှတ်ထားတာတွေကို ကြေညာခဲ့တာပါ။

ပူတင် တောင်းဆိုတဲ့ထဲက ခါဆွန်နဲ့ ဇာပိုရစ်ဇီရာ ဒေသတွေရဲ့ အစိတ်အပိုင်း တော်တော်များများဟာ ယူကရိန်း လက်ထဲမှာ ရှိနေဆဲပါ။ တစ်နည်းအားဖြင့် စစ်ပွဲကို ရပ်ဆိုင်းစေချင်ရင် လက်ရှိ ရုရှားသိမ်းယူထားတာထက် ပိုများပြားတဲ့ နယ်မြေတွေ ပေးရမယ်လို့ ပူတင်က တောင်းဆိုတဲ့ သဘောပါပဲ။

ယူကရိန်းက တပ်တွေကို အမှန်တကယ် ရုပ်သိမ်းပြီး NATOနဲ့ ပူးပေါင်းမယ့် အစီအစဉ်ကိုလည်း ပီပီပြင်ပြင် ပြန်ရုပ်သိမ်းမယ်ဆိုရင် နောက်ဆုံးမိနစ်မှာ ဖြစ်စေဦးတော့၊ အပစ်အခတ် ရပ်စဲပြီး ဆွေးနွေးမှုတွေ စတင်နိုင်မှာ ဖြစ်တယ်လို့ ပူတင်က ပြောကြားသွားပါတယ်။

ရုရှားဟာ ယူကရိန်းကို ဘက်မလိုက်တဲ့၊ ကြားနေတဲ့၊ နျူကလီးယားလက်နက် မပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုအဖြစ်သာ ရှိစေချင်တယ်လို့လည်း ပူတင်က ဆိုတယ်။ ဇီလန်စကီးကတော့ ပူတင်ရဲ့ စကားတွေကို ချက်ချင်း တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။ G7ညီလာခံ တက်ရောက်ဖို့ အီတလီကို ရောက်နေတဲ့ ဇီလန်စကီးက ဒါက သတင်းစကား မဟုတ်ဘဲ ရာဇသံသာဖြစ်ကြောင်း၊ ဟစ်တလာရဲ့ လုပ်နည်းလုပ်ထုံးတွေနဲ့ တူတူပဲဖြစ်ကြောင်း သူက ပြောပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပူတင်ရဲ့ တောင်းဆိုမှုတွေဟာ စက်ဆုပ်စရာဖြစ်ပြီး ရုရှားက ယူကရိန်းကို မတရားသိမ်းယူပြီး ယူကရိန်း ပြည်သူတွေကို ဒုက္ခပေးချင်နေတာ မြင်သာစေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ယူကရိန်း သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် မစ်ခိုင်လို ပိုဒိုလ်ယက်ခ်ကလည်း ပူတင်ရဲ့ တောင်းဆိုမှုဟာ လက်တွေ့မကျတဲ့၊ စော်ကားတဲ့ ကိစ္စမျိုးသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

NATO အကြီးအကဲ ဂျန်စတိုလ်တန်ဘက်ဂ်ကတော့ ပူတင် လုပ်နေသမျှဟာ ယုံကြည်ချင်စရာ တစ်ခုမှ မရှိသလို အပစ်အခတ် ရပ်စဲရေး အဆိုပြုချက် ဆိုတာကလည်း ရုရှားရဲ့ စစ်ပွဲနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေ ပြည့်အောင် အဓမ္မ တောင်းဆိုတာ သက်သက်ဖြစ်ကြောင်း၊ ယူကရိန်းဟာ ရုရှား သိမ်းယူပြီးသားထက်တောင် နယ်မြေတွေ ဆုံးရှုံးရမယ် ဆိုတာမျိုးက အဓိပ္ပါယ် ကင်းမဲ့လွန်းကြောင်း ရှုတ်ချသွားပါတယ်။

သူက ပူတင် အဆိုပြုတာတွေဟာ ရုရှားက စစ်ပွဲရပ်ဆိုင်းချိန်မှာ နောက်ထပ် ကျူးကျော်စစ် တစ်ခုအတွက် ပြင်ဆင်နိုင်ဖို့ ရည်ရွယ်တဲ့ သဘောသာဖြစ်ပြီး ယူကရိန်း အပါအဝင် ပတ်ဝန်းကျင် နိုင်ငံတွေကို အကြီးအကျယ် ဆက်လက် ခြိမ်းခြောက်နေလိမ့်ဦးမယ်လို့ သတိပေးသွားခဲ့ပါတယ်။

ကိုးကား: 9 News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇီလန်စကီးကလည်း ယူကရိန်းအတွက် မယိမ်းမယိုင် ထောက်ပံ့ပေးနေဆဲ ဖြစ်တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ထဲမှာ အမှုထမ်းရင်း အိန္ဒိယ နိုင်ငံသားနှစ်ဦးဟာ ယူကရိန်း ပဋိပက္ခမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတွက် ဝမ်းနည်းမိကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျာမန်လုပ် ဒုံးကျည်တွေက ရုရှား ပိုင်နက်ထဲက ပစ်မှတ်တွေကို ထိခိုက်လာလေလေ၊ ရုရှား-ဂျာမနီ ဆက်ဆံရေး ပျက်စီးလေလေ ဖြစ်လိမ့်မယ်လို့ ပူတင်က ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုတိုက်ခိုက်မှုမှာ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် ရုရှားနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုလည်း ယူကရိန်း စစ်တပ်က အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။