ဆီးရီးယားနိုင်ငံမှာ ဝတ်ပြုသူတွေ စည်ကားနေချိန် ဗလီတစ်ခုကို ပစ်မှတ်ထား ဗုံးခွဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းတုန်းက ဟွမ်းစ်မြို့မှာရှိတဲ့ ဗလီတစ်ခုမှာ သောကြာနေ့ ဝတ်ပြုသူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာပါ။
အစိုးရ သတင်းဌာန SANAရဲ့ ဖော်ပြချက်အရ အဲဒီ ဗလီထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို ကြိုတင် တပ်ဆင်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့ ဗလီထဲမှာ ဝတ်ပြုသူတွေ များပြားလာတဲ့ အချိန်မှာ ဖောက်ခွဲခဲ့တာပါ။
အင်မမ် အလီ အီဘင် အဘီ တာလက်ဘ် ဗလီရဲ့ အတွင်းပိုင်းမှာ ပေါက်ကွဲမှုဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ ပြီးတော့ လူ ၈ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၁၈ ဦးလောက် ဒဏ်ရာတွေ ရခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

Public Service Announcement
ဗလီရဲ့ အနီးတဝိုက်ကိုတော့ မှုခင်းဧရိယာအဖြစ် သတ်မှတ်ပြီး အဝင်အထွက် ပိတ်ထားသလို စုံစမ်းစစ်ဆေးမှုတွေ၊ သက်သေ အထောက်အထား စုဆောင်းမှုတွေ စတင်နေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အန်ဆာ အယ်လ်ဆွန်နာလို့ နာမည်ပေးထားတဲ့ အဖွဲ့အစည်း တစ်ခုက အဲဒီ တိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်လို့ ကြေညာပေမယ့် အာဏာပိုင်တွေကတော့ အတည်မပြုသေးပါဘူး။
ဆီးရီးယား ပြန်ကြားရေး ဝန်ကြီး ဟမ်ဇာ အယ်လ်မူစတာဖာက အခု တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို သစ္စာခံသူတွေ၊ အိုင်အက်စ် ဆဲလ်တွေနဲ့ တခြား အကြမ်းဖက် အဖွဲ့အစည်းတွေဟာ ရည်ရွယ်ချက် တစ်ခုတည်းအတွက် လှုပ်ရှားနေကြောင်း၊ အဲဒါက ဆီးရီးယား အစိုးရသစ် လက်အောက်မှာ ပြည်တွင်း လုံခြုံရေး၊ ပြည်သူတွေရဲ့ ငြိမ်းချမ်းမှုတွေ ပျက်စီးအောင် နှောင့်ယှက်ဖို့ဖြစ်ကြောင်း မူစတာဖာက စွပ်စွဲခဲ့ပါတယ်။
ဂျော်ဒန်၊ လက်ဘနွန်၊ ဆော်ဒီအာရေးဘီးယားနဲ့ ကာတာ အစိုးရတွေကလည်း အဲဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ထိခိုက်ခံစားခဲ့ရသူတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း အသီးသီး ကြေညာခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အာဏာရှင် သမ္မတ အာဆတ်ရဲ့ အစိုးရ ပြိုလဲသွားပြီးတဲ့နောက်ပိုင်း ဆီးရီးယားမှာ တော်လှန်ရေး အဖွဲ့တွေ ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရ အာဏာရလာပေမယ့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရုန်းကန်နေရပါတယ်။ ပြီးတော့ ပြည်တွင်းမှာ မတူညီတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကြား မုန်းတီး တိုက်ခိုက်မှုတွေလည်း ဆက်လက် ဖြစ်ပေါ်နေပါတယ်။
အယ်လ်ကိုင်ဒါ အဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်ခဲ့ဖူးသူ လက်ရှိ ဆီးရီးယား သမ္မတ အာမက် အယ်လ်ရှာရားကတော့ ဆီးရီးယားရဲ့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်း အားလုံးကို မျှတတဲ့ ကာကွယ်မှုမျိုး ထောက်ပံ့ပေးမယ်လို့ ကြေညာထားပေမယ့် တချို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ အစိုးရရဲ့ ညှိနှိုင်းမှုကို လက်မခံဘဲ အကြမ်းဖက် ရန်လိုတဲ့ မူဝါဒတွေကို ဆက်ပြီး ဆွဲကိုင်ထားဆဲ ဖြစ်ပါတယ်။
ကိုးကား: CNN

















































