ပင်လယ်ထဲက ဝေးလံတဲ့ သောင်ခုံကျွန်း တစ်ခုမှာ မြေရှားသတ္တုတွေ ရှိနိုင်ခြေကို ထောက်လှမ်း ရှာဖွေဖို့အတွက် ဂျပန်က သတ္တုတူးဖော်ရေး သင်္ဘောတစ်စီးကို စေလွှတ်လိုက်ပါတယ်။
အဲဒီ သင်္ဘောဟာ လျာထားဧရိယာထဲက သောင်ခုံကျွန်းရဲ့ ရွှံ့နမူနာတွေကို ရယူပြီး မြေရှားသတ္တု အမျိုးအစားတွေ ကြွယ်ကြွယ်ဝဝ ပါဝင်နိုင်ခြေကို စမ်းသပ်ဖို့ ရည်ရွယ်ချက်နဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ခရီးစတင်ခဲ့ပါတယ်။
တစ်လကြာမယ့် မစ်ရှင်ဟာ တိုကျိုမြို့တော် အရှေ့တောင်ဖက် ၁၉၀၀ ကီလိုမီတာလောက် အကွာမှာရှိတဲ့ သောင်ခုံကျွန်း တစ်ခုမှာ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတာပါ။ မျှော်လင့်ထားသလို ဖြစ်လာမယ်ဆိုရင် ပင်လယ်ကြမ်းပြင်အနက် ၆ ကီလိုမီတာလောက်မှာ ရှိနေမယ့် မြေရှားသတ္တုရိုင်းတွေကို ဂျပန်က အဆက်မပြတ် စုပ်ယူတူးဖော်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဂျပန်ဟာ အနောက်မဟာမိတ် နိုင်ငံတွေ နည်းတူ မြေရှားသတ္တုတွေ တင်သွင်းဝယ်ယူမှုမှာ တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတာကို လျှော့ချဖို့ ကြိုးစားနေပါတယ်။ ခေတ်မီ အီလက်ထရောနစ်နဲ့ နည်းပညာ ကိရိယာတွေ တည်ဆောက်မှုမှာ မရှိမဖြစ် လိုအပ်တဲ့ ကုန်ကြမ်းမျိုး ဖြစ်လာတဲ့ မြေရှားသတ္တုတွေရဲ့ ကမ္ဘာ့စျေးကွက် ဝေစု ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်က ထိန်းချုပ်ထားပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တရုတ်နဲ့ ဂျပန်တို့ကြားမှာ သံတမန်ရေးရာ တင်းမာမှုတွေ ဖြစ်ပေါ်လာတဲ့နောက် အခုအခါ တရုတ်ဟာ ဂျပန်ကို မြေရှားသတ္တု အမျိုးအစားတချို့ တင်ပို့မှုကိုလည်း စတင် ကန့်သတ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဂျပန်ဟာ ကမ်းဝေးပင်လယ် တစ်နေရာမှာ မြေရှားသတ္တုသိုက်တွေ ရှာဖွေမယ့် အခုစီမံကိန်းကို စတင်လာခဲ့တာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ၇ နှစ်လောက်ကြာအောင် အချိန်ယူ ပြင်ဆင်ခဲ့တာဖြစ်ပြီး အခုတော့ လက်တွေ့ စမ်းသပ်မှုတွေ စတင်နိုင်လာတဲ့အတွက် အရမ်း စိတ်လှုပ်ရှားမိကြောင်း အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ အဲဒီပရောဂျက်ရဲ့ အကြီးအဲ ရှိုအိချိ အိရှိက ပြောကြားခဲ့ပါတယ်။
ပရောဂျက်သာ အောင်မြင်ခဲ့မယ်ဆိုရင် ဂျပန်အနေနဲ့ ပိုပြီးကွဲပြား စုံလင်တဲ့ အရင်းအမြစ်တွေကနေ မြေရှားသတ္တုတွေ ရရှိနိုင်ဖို့ လမ်းပွင့်လာမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ နောက်ပြီး ရေမျက်နှာပြင်အောက် ၆ ကီလိုမီတာကနေ မဟာဗျူဟာမြောက် ဓာတ်သတ္တုတွေ ထုတ်လုပ်နိုင်မယ် ဆိုတာကလည်း နည်းပညာပိုင်းဆိုင်ရာ ထူးကဲတဲ့ အောင်မြင်မှု မှတ်တိုင်သစ်လို့ သတ်မှတ်ရမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
အစမ်းတူးဖော်မှုတွေ ပြုလုပ်မယ့် ရေယာဉ်မှာ အဖွဲ့သား ၁၃၀ လိုက်ပါသွားပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဂျပန်ကို ပြန်လည် ရောက်ရှိလာမယ်လို့လည်း သိပါတယ်။
ကိုးကား: Reuters



















































