ပြည်တွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို အကြောင်းပြုပြီး အမေရိကန်က စွက်ဖက်လာတာ၊ တိုက်ခိုက်လာတာတွေရှိရင် ကျိန်းသေ လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။
အီရန်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့ကစလို့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုကြောင့် သေဆုံးသူ ရာနဲ့ချီ များပြားလာပါတယ်။ အစောပိုင်းတုန်းက နိုင်ငံရဲ့ ရီယယ် ငွေကြေးတန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်းမှုတွေကို ကုန်သည်တွေ၊ စျေးသည်တွေက မြို့တော် တဟီရန်မှာ ချီတက် ဆန္ဒပြခဲ့ရာက စတင်ခဲ့တဲ့ လူထု အုံကြွမှုကြီးဟာ သီတင်းနှစ်ပတ်အတွင်း တစ်နိုင်ငံလုံးအနှံ့ မြို့ရွာတွေဆီ ပျံ့နှံ့ကုန်ပါတယ်။ ပြီးတော့ ဘာသာရေး ခေါင်းဆောင်တွေ အုပ်စိုးတဲ့ အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကြီးအဖြစ် ပီပီပြင်ပြင် ပြောင်းလဲလာပါတယ်။
အီရန် အာဏာပိုင်တွေကလည်း အဲဒီ ဆန္ဒပြပွဲတွေကို အလွန်အကျွံ အင်အားသုံး ဖြိုခွင်းနေပြီး အသေအပျောက်တွေ ရာနဲ့ချီ ရှိလာခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ တဟီရန်မြို့က ရေခဲတိုက် တစ်ခုနားမှာ အလောင်းတွေ ထည့်ထားတဲ့ အိတ်ပေါင်း ၁၈၀ လောက် ရှိနေခဲ့တာကို တွေ့ရပါတယ်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု သတင်းအေဂျင်စီ (HRANA)က နှစ်ဖက် အဓိကရုဏ်းတွေအတွင်း ဆန္ဒပြသူ ၄၉၅ ဦးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၄၈ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြောပါတယ်။ အီရန် အစိုးရက ဆန္ဒပြသူတွေကို ဆူပူအကြမ်းဖက်သူတွေလို့ စွပ်စွဲပြီး နိုင်ငံရဲ့ လုံခြုံရေးနဲ့ အစ္စလာမ်မစ် အုပ်ချုပ်ရေးတွေအပေါ် ထိပါးလာတဲ့ ဘယ်လို အကဲစမ်းမှုကိုမှ သည်းခံမှာ မဟုတ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement
တခြားတစ်ဖက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်အစိုးရက ဆန္ဒပြ ပြည်သူတွေကို ဆက်ပြီး အကြမ်းဖက် သတ်ဖြတ်နေမယ်ဆိုရင် သူတို့ကို ကူညီ ကာကွယ်ဖို့အတွက် အမေရိကန်က စစ်ရေးအရ စွက်ဖက်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ထရမ့်က အဲဒီ သတိပေးမှုကို ထပ်လောင်း ပြောဆိုခဲ့ပေမယ့် အီရန် ပိုင်နက်ထဲထိ အမေရိကန် မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ဖို့တော့ မရှိဘူးလို့ မှတ်ချက်ပေးသွားပါတယ်။
အီရန်ပြည်သူတွေဟာ လွတ်လပ်မှုကို ရှာဖွေနေပုံရပြီး အမေရိကန်ကလည်း ကူညီပေးဖို့ အသင့်ပဲလို့ ထရမ့်က ပြောကြားသွားပါတယ်။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာထိ ထဲထဲဝင်ဝင် စွက်ဖက်ဖို့ စဉ်းစားထားသလဲ ဆိုတာကိုတော့ သူက တိတိကျကျ ထုတ်မပြောခဲ့ပါဘူး။
ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ အီရန် လွှတ်တော် ဥက္ကဋ္ဌက တကယ်လို့ အမေရိကန်ကသာ အီရန်ကို စတင်တိုက်ခိုက်လာမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ အီရန်နဲ့ အစ္စရေးရဲ့ စစ်ရေး၊ ရေကြောင်းကုန်သွယ်ရေး ဌာနတွေဟာ အီရန်အတွက် တရားဝင် တိုက်ခိုက်ခွင့်ရှိတဲ့ ပစ်မှတ်တွေ ဖြစ်လာကြလိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းကလည်း ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ဆူပူ ဆန္ဒပြမှုတွေအတွက် အမေရိကန်နဲ့ အစ္စရေးကို အပြစ်တင်ခဲ့ပါတယ်။ အဲဒီ နှစ်နိုင်ငံဟာ ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ လူပုဂ္ဂိုလ် တချို့ကို အခုလို ဂြိုဟ်မွှေနိုင်အောင် စနစ်တကျ လေ့ကျင့် ပံ့ပိုးပေးနေကြောင်း၊ အီရန်ကို အကြမ်းဖက်မှုတွေ တင်သွင်းခဲ့ပြီး ဗလီတွေကို မီးရှို့တာ၊ စျေးတွေကို တိုက်ခိုက်တာတွေ ကျူးလွန်စေခဲ့ကြောင်း ပက်ဇက်ရှ်ခန်းက စွပ်စွဲခဲ့ပါတယ်။
အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေးမှာ ဖြုတ်ချခံခဲ့ရတဲ့ ရှားဘုရင်ရဲ့ သားဖြစ်ပြီး လောလောဆယ် အမေရိကန်မှာ နေထိုင်နေတဲ့ အိမ်ရှေ့မင်းသားဟောင်း ရက်ဇာ ပါဟ်လာဗီကတော့ အီရန် ပြည်သူတွေရဲ့ ရဲရင့်ထက်သန်တဲ့ ဆန္ဒပြမှု၊ တောင်းဆိုမှုတွေကို သမ္မတ ထရမ့်က အထူးတလည် အာရုံစိုက် စောင့်ကြည့်နေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
အီရန်မှာ အစ္စလာမ်မစ် အစိုးရအပေါ် ဆန့်ကျင်မှုတွေ ပိုမိုပြင်းထန်လာခြင်းနဲ့အတူ ပါဟ်လာဗီကို နေရပ်ပြန်လာဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ သူက မကြာခင်မှာတော့ ပြည်သူတွေနဲ့ လာပူးပေါင်းနိုင်မယ်ဆိုတာ သိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ပါဟ်လာဗီဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေသူ ဖြစ်ပါတယ်။ သူက လက်ရှိ အီရန် အစိုးရဟာ သူတို့လိုသလို ခိုင်းစေနိုင်မယ့် ကြေးစားတွေ လျော့နည်းလာလို့ ပြဿနာ တက်နေပြီလို့လည်း မှတ်ချက်ပြုထားပါတယ်။ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင် တော်တော်များများဟာ သူတို့ရဲ့ အလုပ်နေရာတွေနဲ့ ဌာနတွေကို ကျောခိုင်း ထွက်ပြေးကုန်သလို အထက်အမိန့်ကို မနာခံကြတော့ဘူးလို့ ပါဟ်လာဗီက ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာတော့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ရှိနေတဲ့ အီရန် သံရုံး ဝရန်တာမှာ လွှင့်ထူထားတဲ့ အီရန်အလံကို ဆန္ဒပြသူတွေကို ဖယ်ရှားပစ်ခဲ့ကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အီရန် အစိုးရက ဗြိတိန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး သတိပေး ကန့်ကွက်ခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC




















































