close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အအေးလွန်ကဲတဲ့ တစ်ပတ်တာအတွင်း ယူကရိန်းမြို့ကြီးတွေကို ရုရှားတိုက်ခိုက်မှာ မဟုတ်ကြောင်း ထရမ့်ပြော

ရာသီဥတု လွန်လွန်ကဲကဲ အေးခဲနေမယ့် သီတင်းပတ်မှာ ယူကရိန်း မြို့ကြီးတွေကို မတိုက်ဖို့ ရုရှားက သဘောတူထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - EPA

ရာသီဥတု လွန်လွန်ကဲကဲ အေးခဲနေမယ့် သီတင်းပတ်မှာ ယူကရိန်း မြို့ကြီးတွေကို မတိုက်ဖို့ ရုရှားက သဘောတူထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ယူကရိန်းရဲ့ အစိတ်အပိုင်း အများစုဟာ အပူချိန် အနုတ် ၁၄ ဒီဂရီ ဆဲလ်ဆီးရပ်စ်အောက်ထိ ကျဆင်းတဲ့ အခြေအနေမျိုး ကြုံရလိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။ အဲဒီ တစ်ပတ်တာလောက် ကာလအတွင်း ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတွေကို မတိုက်ဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကတိပေးထားတယ်လို့ ထရမ့်က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ထရမ့်က ရုရှားရဲ့ တိုက်ခိုက်မှု ရပ်စဲမယ့်ကာလ ဘယ်အချိန်က စမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ထည့်မပြောခဲ့ပါဘူး။ ပြီးတော့ ရုရှားဖက်ကလည်း ယူကရိန်းရဲ့ မြို့ကြီးတွေကို တစ်ပတ်ကြာ ပစ်မှတ်ထား တိုက်ခိုက်မှု ရပ်စဲထားမယ်ဆိုတဲ့ သဘောမျိုး တရားဝင် ထုတ်ပြန်မထားပါဘူး။

ထရမ့်ကတော့ ယူကရိန်းရဲ့ မြို့တွေကို တစ်ပတ်လောက် မတိုက်ပါနဲ့လို့ ပူတင်ကို ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့ပြီး ရုရှားသမ္မတက လက်ခံခဲ့တယ်လို့ ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ တချို့တွေက ပူတင်ကို ဒါမျိုးတောင်းဆိုလည်း အကြောင်းထူးမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ဖူးပေမယ့် တကယ်တမ်းမှာတော့ အလုပ်ဖြစ်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ကို အခုလို တောင်းဆိုပြီး အောင်မြင်ခဲ့တယ် ဆိုတာကို ယူကရိန်းတောင်မှ မယုံနိုင် ဖြစ်နေခဲ့ကြောင်း၊ ဘာပဲဖြစ်ဖြစ် ရလဒ်အတွက် ယူကရိန်းကလည်း ပျော်ရွှင်နေကြောင်း၊ ဘာလို့လဲဆိုတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းကလည်း အကြီးအကျယ် ရုန်းကန်နေရလို့ဖြစ်ကြောင်းလည်း ထရမ့်က ဆက်ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ အရမ်းအေးခဲနေတဲ့ ကာလတစ်ခုမှာ ကိယက်ဗ်နဲ့ ယူကရိန်းရဲ့ တခြားမြို့ကြီးတွေရဲ့ လုံခြုံရေးကို အထောက်အပံ့ ဖြစ်စေမယ့် အရေးတကြီး ကြေညာချက်တစ်ခု သမ္မတ ထရမ့်ဆီက ထွက်ပေါ်လာခဲ့ကြောင်း၊ ရုရှားအနေနဲ့ အဲဒီသဘောတူညီချက်ကို လက်တွေ့ အကောင်အထည်ဖော်ပြီး ကတိတည်မယ်လို့ မျှော်လင့်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

အခု သဘောတူညီမှုဟာ ရုရှား၊ အမေရိကန်နဲ့ ယူကရိန်း ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူအေအီးနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ချိန်အတွင်း ရရှိခဲ့တာလို့ ယုံကြည်ရပါတယ်။ အရမ်းအေးခဲနေတဲ့ ကာလမှာ ရုရှားက ယူကရိန်းရဲ့ မြို့ကြီးတွေကို တိုက်ခိုက်မှု ရပ်ထားသလို ယူကရိန်းကလည်း ရုရှားမြို့တွေဆီ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကို ရပ်ဆိုင်းထားဖို့ အပြန်အလှန်အဖြစ် သဘောတူထားဖွယ် ရှိပါတယ်။

ယူအေအီးမှာ လုပ်ဆောင်ခဲ့တဲ့ သုံးပွင့်ဆိုင် အစည်းအဝေးမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့ကြောင်း နိုင်ငံသုံးခုစလုံးက ပြောခဲ့ပေမယ့် ထရမ့်ဆီက ကြေညာချက် ထွက်ပေါ်မလာခင်ထိ ရုရှားက ယူကရိန်းရဲ့ မြို့ကြီးတွေကို တိုက်ခိုက်မှုတွေ ဆက်ပြီး လုပ်ဆောင်နေခဲ့ပါသေးတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားခဲ့တဲ့ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ရုရှားနဲ့ စစ်ပွဲပြီးဆုံးရင် နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ အမေရိကန်က အာမခံပေးမယ့်ကိစ္စ ဆွေးနွေးမှုတွေ ၁၀၀ ရာခိုင်နှုန်း ပြီးပြတ်နေပြီလို့ ယူကရိန်း သမ္မတက ပြောကြားခဲ့ပါတယ်။

သတင်း

ရုရှား၊ ယူကရိန်း၊ အမေရိကန် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပြီး မကြာခင်မှာပဲ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်း လက်ခံရရှိနေတဲ့ လေကြောင်းကာကွယ်ရေးဆိုင်ရာ ခဲယမ်းမီးကျောက်တွေဟာ ရုရှားရဲ့ ရန်လိုမှုကို တုံ့ပြန် တားဆီးဖို့ လုံလောက်မှု မရှိကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Facebook