ဇန်နဝါရီ-၃၁၊၂၀၂၆။People’s Speing
အာဏာသိမ်းမှုနောက်ပိုင်း လူငယ်လူရွယ် နိုင်ငံရေး အကျဉ်းသား ၇၄ ဦးထက်မနည်းဟာ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအတွင်း ကျဆုံးခဲ့ကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ဆန္ဒပြ ပြည်သူတွေ၊ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ၊ အရပ်သားအစိုးရရဲ့အရာရှိတွေကို နိုင်ငံရေး အကျဉ်းသားတွေအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အဆိုအရ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေထဲက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေ ကျဆုံးခဲ့မှုဟာ ၇၄ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကိန်းဂဏန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်ကလည်း ထောက်ခံ အတည်ပြုထားပါတယ်။

Public Service Announcement
စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် လူငယ်လူရွယ် အမြောက်အမြားဟာ လမ်းတွေပေါ်ထွက်ပြီး ဒီမိုကရေစီရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။အဲဒီဆန္ဒပြမှုတွေကိုစစ်တပ်အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းခဲ့ပြီး ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ နည်းလမ်းတွေနဲ့ အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် အဖမ်းခံရတဲ့ လူငယ်တွေထဲမှာလည်း အကျဉ်းထောင်တွေထဲမှာ သေဆုံးမှုတွေ ရှိလာခဲ့ပါတယ်။
PPNMရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်ခန့်ကာလအတွင်း စစ်တပ်ကပုဒ်မမျိုးစုံနဲ့ ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသူတွေထဲက ၂၇၃ ဦးဟာ ပြစ်ဒဏ်ကာလမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဲဒီထဲက ၇၄ ဦးကတော့ လူငယ်လူရွယ်တွေပါ။
Reuters သတင်းဌာနဟာ မိသားစုဆီ အကျဉ်းသားတွေက ပေးပို့တဲ့ စာတွေကို လေ့လာခွင့် ရခဲ့သလို အကျဉ်းသား မိသားစုတွေ၊ ထောင်အာဏာပိုင်တွေ၊ အကျဉ်းထောင်တွေရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း စကားပြောခွင့် ရခဲ့ပါတယ်။ အနှစ်ချုပ် အနေနဲ့ကတော့မြန်မာနိုင်ငံရဲ့အကျဉ်းထောင်တွေ အခြေအနေက အရမ်းဆိုးရွားတာ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ တားဆီး ပိတ်ပင်ခံထားရတာ၊ စုံစမ်းစစ်ဆေးမှုတွေ အတွင်းမှာ ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေတာတွေကို သိရှိလာရကြောင်း Reutersက ဆိုပါတယ်။
မနှစ်တုန်းကလည်း ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းကျနေသူတွေအပေါ် အာဏာပိုင်တွေကစနစ်တကျညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ ကျူးလွန်နေကြောင်း စွပ်စွဲခဲ့ဖူးပြီး အာဏာသိမ်း စစ်တပ်ကတော့ ငြင်းဆိုခဲ့ပါတယ်။
စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအတွင်း ကျဆုံးခဲ့သူတွေထဲက ထင်ရှားသူ တစ်ဦးကတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ ကျောင်းသူ မဝတ်ရည်အောင် ဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်မှာ ထောင် ၇ နှစ် စီရင်ချက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အဆိုအရ မဝတ်ရည်အောင်ဟာ စုံစမ်းစစ်ဆေးမှုတွေအတွင်း ဒဏ်ရာရခဲ့သလို နောက်ပိုင်းမှာ အရမ်း နာမကျန်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ မဝတ်ရည်အောင်ဟာ အသက် ၂၅ နှစ်အရွယ်နဲ့ပဲ ကွယ်လွန်သွားရှာပါတယ်။စစ်ကောင်စီအကျဉ်းဦးစီးအရာရှိတွေကတော့ မဝတ်ရည်အောင် သေဆုံးရတာဟာ နှလုံးပြဿနာကြောင့်လို့ ပြောပေမယ့် ကျောင်းသား အင်အားစုတွေကတော့ သေဆုံးမှု အကြောင်းရင်းဟာ မှန်ကန်သင့်တော်တဲ့ ဆေးဝါးကုသမှုတွေ ခံယူခွင့် မရခဲ့တာကြောင့်လို့ ဝေဖန်ထားပါတယ်။
နောက်ထပ် သေဆုံးမှု တစ်ခုကတော့ အသက် ၁၉ နှစ်အရွယ်မှာ အဖမ်းခံခဲ့ရတဲ့ ကိုခန့်လင်းနိုင်ရဲ့ ကျဆုံးမှု ဖြစ်ပါတယ်။ သူဟာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကိုခန့်လင်းနိုင်ဟာ ထောင်ဖောက်ပြေးဖို့ ကြိုးစားလို့ ပစ်သတ်တာ ခံရတယ်ဆိုတဲ့ အကြောင်းကြားစာကိုပဲ မိသားစုက လက်ခံရရှိခဲ့ပါတယ်။ မိသားစုဟာ အလောင်းပြန်မရခဲ့သလို အာဏာပိုင်တွေရဲ့ အကြောင်းပြချက်ကိုလည်း မယုံကြည်နိုင်ကြောင်း ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေအရေ လှုပ်ရှားသူတွေက ကိုခန့်လင်းနိုင်ဟာ မသေဆုံးခင်မှာ လွန်လွန်ကဲကဲ နှိပ်စက်ညှင်းပန်း ခံထားခဲ့ရပြီး ထောင်က ထွက်ပြေးနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။
ကုလသမဂ္ဂက စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ မြန်မာလူငယ်ထုအပေါ် အကြီးအကျယ် ဆိုးကျိုးသက်ရောက်စေခဲ့တယ်လို့ ဆိုပါတယ်။ သောင်းနဲ့ သိန်းနဲ့ချီ များပြားတဲ့ လူငယ်တွေဟာ နိုင်ငံကနေ ထွက်ပြေးကုန်ပြီး အများအပြားကတော့ ထောင်ထဲကို ရောက်နေကြပါတယ်။
တစ်နိုင်ငံလုံးရဲ့ ခါးခါးသီးသီး ဆန့်ကျင်မှုတွေ ရှိနေပေမယ့် စစ်တပ်ဟာ လက်နက်အားကိုးပြီး ပြည်သူအပေါ် အနိုင်ကျင့်ရင်း အာဏာကို ဆက်လက် ချုပ်ကိုင်ထားဆဲပါ။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်ခဲ့ရှာတဲ့ အသက်တွေအတွက် တရားမျှတမှုကို နောင်တစ်ချိန်မှာ ရယူနိုင်ဖို့ မျှော်လင့်နေကြဆဲလို့ Reutersက ဖော်ပြသွားပါတယ်။
ကိုးကား: Reuters



















































