close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယက ထောက်ခံထားတဲ့ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်းခဲ့တယ်လို့ ပါကစ္စတန်ပြော

အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်က ကြေညာခဲ့ပါတယ်။

အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်က ကြေညာခဲ့ပါတယ်။

ပါကစ္စတန် အနောက်တောင်ပိုင်းမှာရှိတဲ့ ဘာလော့ချီစတန် ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နာရီ ၄၀ လောက် ကာလအတွင်း စစ်သွေးကြွတွေရဲ့ ပစ်ခတ်မှု၊ ဗုံးခွဲမှုတွေ အပါအဝင် ပုံစံမျိုးစုံနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆက်တိုက် ကြုံခဲ့ရကြောင်း ပါကစ္စတန်က ဆိုပါတယ်။

ပါကစ္စတန် စစ်တပ်၊ ရဲနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အဲဒီ ဆိုးရွားကြမ်းတမ်းတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် လက်တုံ့ပြန်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

တိုက်ခိုက်မှုတွေဟာ ဇန်နဝါရီ ၃၁ ရက် မနက်အစောပိုင်းမှာ စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နေကုန်နီးပါးလောက် ဆက်လက် ဖြစ်ပွားနေခဲ့တာပါ။ နာရီ ၄၀ လောက်အကြာ စစ်သွေးကြွတွေကို ချေမှုန်းနိုင်ခဲ့ပြီးတဲ့နောက် အမျိုးသမီး ၅ ဦးနဲ့ ကလေး ၃ ဦး အပါအဝင် အရပ်သား ၁၈ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး၊ စုစုပေါင်း အသေအပျောက် ၃၃ ဦး စာရင်းရခဲ့ကြောင်း ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ထိရောက်မြန်ဆန်တဲ့ တုံ့ပြန်မှုအတွင်း ဖစ်တ်နာ အယ်လ် ဟင်ဒူနစ္စတန် အကြမ်းဖက် အဖွဲ့ဝင် ၁၄၅ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ဘာလော့ချီစတန် ပြည်နယ် ဝန်ကြီးချုပ် ဆာဖရက်ဇ် ဘူဂ်တီက ပြောကြားခဲ့ပါတယ်။ ဒီနာမည်ဟာ ဘာလော့ချီစတန် လွတ်မြောက်ရေးတပ် (BLA)ကို ပါကစ္စတန် အစိုးရက ခေါ်ဝေါ်တဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ကို အိန္ဒိယ အစိုးရက ထောက်ပံ့ပေးနေတယ်လို့ ပါကစ္စတန်က အရင်ကတည်းက စွပ်စွဲထားပါတယ်။

အိန္ဒိယက အားပေးထားတဲ့ အကြမ်းဖက်သမား ၁၄၅ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ထားကြောင်း၊ တချို့က အာဖဂန် နစ္စတန် နိုင်ငံသားတွေဖြစ်ကြောင်း ဘူဂ်တီက ဆက်ပြောပါတယ်။ သူက အဲဒီ စစ်သွေးကြွတွေဟာ အရပ်သား ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားဖို့နဲ့ ပြည်နယ် မြို့တော် ကွာယက်တာ မြို့လယ်ထိ ချီတက်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြောင်းလည်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ဘူဂ်တီက အဲဒီနှစ်ရက်တာအတွင်း သုတ်သင်ခဲ့တဲ့ စစ်သွေးကြွ ဦးရေဟာ ဆယ်စုနှစ်တွေအတွင်း အရေအတွက် အများဆုံး စံချိန် ဖြစ်လာတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ မီဒီယာတွေမှာ ဖော်ပြထားမှုအရတော့ ဘာလော့ချီစတန်က တိုက်ခိုက်မှုတွေမှာ အမျိုးသမီး အသေခံ ဗုံးခွဲသမားတွေပါ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဘူဂ်တီက အခုတိုက်ခိုက်မှုကို ကျူးလွန်တဲ့ စစ်သွေးကြွ အဖွဲ့ကို အိန္ဒိယသာ မကဘဲ အာဖဂန် နစ္စတန်မှာ ရှိနေတဲ့ တာလီဘန် အစိုးရကပါ အားပေး ထောက်ခံနေကြောင်းလည်း စွပ်စွဲသွားပါတယ်။ ပြီးတော့ အဲဒီ အကြမ်းဖက်သမားတွေဟာ အာဖဂန် ပိုင်နက်ထဲမှာ အခြေစိုက်ပြီး လှုပ်ရှားလေ့ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ အိန္ဒိယရော၊ အာဖဂန်ကပါ အခုစွပ်စွဲမှုတွေကို အသီးသီး ငြင်းဆိုထားကြပါတယ်။ BLAကို ပါကစ္စတန်က အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ် ကြေညာထားပါတယ်။ BLAဟာ အရင်ကလည်း ပါကစ္စတန် ပိုင်နက်ထဲမှာ တိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့ဖူးပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ သမိုင်းကြောင်းတလျှောက် ခါးသီးတဲ့ ရန်ဘက်တွေ ဖြစ်ခဲ့သလို အာဖဂန်နဲ့ ပါကစ္စတန် ဆက်ဆံရေးကလည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ တင်းမာလာခဲ့ပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ ဖြစ်ပွားခဲ့တဲ့ စျေးဝယ်စင်တာ မီးလောင်မှုမှာ လူ ၆ ဦး သေဆုံးခဲ့တဲ့အပြင် ပျောက်ဆုံးနေသူ ၆၀ နီးပါးလောက်ရဲ့ ကံကြမ္မာအတွက်လည်း စိုးရိမ်နေရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

သတင်း

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်

နိုင်ငံတကာ

စစ်တပ် အကြီးအကဲကို ရာသက်ပန် ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြုဖို့ ပါကစ္စတန် လွှတ်တော်က မဲခွဲ အတည်ပြုခဲ့ကြောင်း သိပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလာမ်မာဘတ်မှာ အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွားပြီး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။