ဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ အဆိုပြု တောင်းဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းဥပဒေပြု အမတ်ဟောင်း ၄၄ ဦးဟာ ကြီးမားတဲ့ ကျင့်ဝတ် ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းအမျိုးသား အဂတိ တိုက်ဖျက်ရေး ကော်မရှင် (NACC)က ဆုံးဖြတ်ခဲ့ပါတယ်။
အခုအခါ ဖျက်သိမ်း ခံထားရပြီးဖြစ်တဲ့ ရှေ့သို့ချီပါတီ (MFP)ရဲ့ အမတ်တွေဟာ တော်ဝင် အသရေဖျက်မှု ဥပဒေအဖြစ် လူသိများတဲ့ ရာဇဝတ်ဥပဒေ ပုဒ်မ ၁၁၂ ကို ချိုးဖောက်ခဲ့တယ်လို့ NACCက ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီဥပဒေဟာ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို ပုတ်ခတ်စော်ကား ပြောဆိုမှုတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်အောင် ရေးဆွဲထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန် ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယ အများဆုံး ရခဲ့တဲ့ ပြည်သူ့ပါတီ (PP) မတိုင်ခင် ကနဦး ပါတီဖြစ်ခဲ့တဲ့ MFPဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက မဲဆွယ်ကတိတွေ ပေးခဲ့ရာမှာ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ပေးမယ်ဆိုတဲ့ ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာတော့ MFPဟာ လွှတ်တော်အမတ်နေရာ အများဆုံး ရွေးကောက်ခံရပြီး အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ ကိစ္စရဲ့ ကနဦး အရင်းအမြစ်ဟာ ၂၀၂၃ ရွေးကောက်ပွဲ မတိုင်ခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။ အဲဒီတုန်းက MFPရဲ့ ခေါင်းဆောင် ဖိထာ လင်ဂျရွန်ရတ်ဟာ အမတ် ၄၄ ဦး စုပေါင်း လက်မှတ် ရေးထိုးထားတဲ့ ဥပဒေ ပြင်ဆင်ရေး မူကြမ်းကို လွှတ်တော်ဆီ တင်ပြခဲ့ပါတယ်။ MFP အမတ်တွေချည်း တင်ပြခဲ့တဲ့ အဲဒီ အဆိုကြမ်းမှာတော့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ တရားစီရင်မှုဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ်ဖို့၊ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

Public Service Announcement
ထိုင်းမှာ တော်ဝင်မိသားစုနဲ့ ပတ်သက်တဲ့ အရေးတွေဟာ အရမ်းထိလွယ်ရှလွယ် ရှိတာကြောင့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ချင်တယ်ဆိုတဲ့ ကိစ္စဟာ ပြည်သူတွေကြားမှာတော့ ထောက်ခံမှုရော၊ ဝေဖန်မှုတွေနဲ့ပါ အတော်လေး အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။
၂၀၂၃ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာ မေလ ၃၀ မှာတော့ ရှေ့နေ တစ်ဦးဖြစ်တဲ့ သီရာယွတ် ဆူဝဏ္ဏကက်ဆွန်က ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ အားထုတ်ခဲ့တဲ့ ဖိထာနဲ့ MFP အမတ်တွေရဲ့ လုပ်ရပ်ဟာ ထိုင်းရဲ့ စည်းမျဉ်းခံ ဘုရင်စနစ်အပေါ် ရန်လိုတဲ့ သဘောထား မြောက်တာကြောင့် စစ်ဆေးပေးစေလိုကြောင်း ရှေ့နေချုပ်ဆီ တောင်းဆိုခဲ့ပါတယ်။ နောက်တော့ သူဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကိုလည်း အဲဒီကိစ္စကို တင်ပြခဲ့ပါတယ်။
ပုဒ်မ ၁၁၂ ကိုပြင်ဆင်ချင်ခဲ့တဲ့ MFPရဲ့ အားထုတ်မှုဟာ ဘုရင်ကို နိုင်ငံရဲ့ ဦးသျှောင်အဖြစ် သတ်မှတ်ထားမှုကို ဖယ်ရှားဖို့ ဒီမိုကရေစီ စနစ်ကို တလွဲအသုံးချရာ ရောက်ခဲ့တယ်လို့ ခုံရုံးက ၂၀၂၄ ဇန်နဝါရီ လကုန်မှာ ဆုံးဖြတ်ခဲ့ပြီး ပါတီကို ဖျက်သိမ်းစေခဲ့ပါတယ်။ ပါတီရဲ့ အမှုဆောင် ၁၁ ဦးဟာလည်း နိုင်ငံရေးနဲ့ ၁၀ နှစ်ကြာ ပတ်သက်ခွင့် မရှိဘူးလို့ ပိတ်ပင် ခံခဲ့ရပါတယ်။
အခုတော့ အဲဒီတုန်းက ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့ MFP အမတ် ၄၄ ဦးစလုံးကပါ ကျင့်ဝတ်စည်းကမ်း ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ NACCက မဲခွဲ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို NACCက တရားရုံးချုပ်ဆီ ဆက်လက် တင်ပြမှာဖြစ်ပြီး တကယ်လို့ တရားရုံးချုပ်က အမှုကို ကိုင်တွယ် စစ်ဆေးဖို့ လက်ခံမယ်ဆိုရင် အဲဒီ အမတ် ၄၄ ဦးဟာ လက်ရှိ တာဝန်တွေကနေ ချက်ချင်း ဆိုင်းငံ့ ခံရမှာ ဖြစ်ပါတယ်။ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်တယ်လို့ စွပ်စွဲခံရသူတွေထဲမှာ MFP ဖျက်သိမ်းချိန် ကတည်းက နိုင်ငံရေးနဲ့ ၁၀ နှစ် ကင်းကွာရမယ်လို့ အမိန့်ချခံထားရပြီးသား ပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။
MFPဟာ ပါတီဖျက်သိမ်း ခံရပြီး အမှုဆောင်တွေလည်း နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေ တားဆီး ခံခဲ့ရတဲ့တိုင် သီရာယွတ်က ပုဒ်မ ၁၁၂ ပြင်ဆင်ရေး အဆိုမှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ MFA အမတ်တွေရဲ့ လုပ်ရပ်အပေါ် ကျင့်ဝတ်စည်းမျဉ်းပိုင်း ချိုးဖောက်မှု ရှိမရှိ စစ်ဆေးပေးဖို့ ဆက်ပြီး တောင်းဆိုခဲ့ပြီး အခုတော့ NACCက စွပ်စွဲခံရသူတွေမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Khaosod
ဓာတ်ပုံ – Khaosod

















































