အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် လေကြောင်းကာကွယ်ရေး စစ်စခန်းတွေမှာလည်း အရေးကြီးတဲ့ ရေဒါစနစ်တွေ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေအရ သိရပါတယ်။
အစ္စရေးနဲ့ ပူးပေါင်းပြီး ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေမှာ အီရန်ရဲ့ စစ်အင်အားနဲ့ စစ်ရေး အဆောက်အအုံတွေ အများအပြားကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အမေရိကန်က ကြွေးကြော်နေပေမယ့် တစ်ဖက်မှာလည်း အမေရိကန်လုပ် တန်ဖိုးကြီး အဆင့်မြင့် ရေဒါတွေ အပျက်အစီး ရှိခဲ့တာ ဖြစ်ပါတယ်။
အာရေဗျ ကျွန်းဆွယ်အနှံ့၊ အထူးသဖြင့် ဂျော်ဒန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံထဲက အမေရိကန် လေကြောင်းကာကွယ်ရေး ရေဒါစခန်းတွေ၊ လေကြောင်းကာကွယ်ရေး စစ်စခန်းတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိနေတာကို ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေ ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဂျော်ဒန်နိုင်ငံ ပိုင်နက်ထဲမှာ အမေရိကန်ရဲ့ နာမည်ကျော် THAAD ဒုံးကျည်စနစ်အတွက် ထောက်ပံ့ပေးနေတဲ့ ရေဒါစခန်း တစ်ခုဟာ အခု သီတင်းပတ် အစောပိုင်း ကတည်းက ကြီးကြီးမားမား ပျက်စီးနေခဲ့ဟန် ရှိတယ်လို့ CNNက ဆိုပါတယ်။ အလားတူ ရေဒါစနစ်တွေ ဖြန့်ကျက်ထားရာ ယူအေအီး ပိုင်နက်ထဲက နောက်ထပ် နေရာနှစ်ခုလောက်မှာလည်း ဂြိုဟ်တု ဓာတ်ပုံတွေအရ မီးကျွမ်းထားတဲ့ ပျက်စီးမှု အခြေအနေတွေကို မြင်ခဲ့ရပါတယ်။

Public Service Announcement
အမြင့်ကနေ ပျံသန်းလာတဲ့ ရန်သူ ဒရုန်း၊ လေယာဉ်၊ ဒုံးကျည်တွေကို ထောက်လှမ်းပြီး ကြားဖြတ် ပစ်ချရာမှာ အထူးအရေးကြီးတဲ့ အဆင့်မြင့် ကာကွယ်ရေး စနစ် THAADအတွက် အဲဒီ ရေဒါတွေက အရမ်းအရေးကြီးကြောင်း စစ်ရေး သုတေသီတွေက ပြောပါတယ်။
အမေရိကန်ဟာ အာရပ် မဟာမိတ် နိုင်ငံတွေမှာ THAAD စနစ်ပေါင်း ၈ ခုကို ဖြန့်ကျက်ထားပြီး ယူအေအီးက ၂ ခုနဲ့ ဆော်ဒီအာရေးဘီးယားက ၁ ခု ပိုင်ဆိုင်ပါတယ်။ ဂျော်ဒန်ရဲ့ မူဝါဖက် ဆယ်လ်တီ လေတပ်စခန်းမှာ တည်ရှိတဲ့ THAAD စနစ်ဟာ အီရန်နယ်စပ်နဲ့ မိုင်ပေါင်း ၅၀၀ လောက် ကွာဝေးပါတယ်။ THAADနဲ့ တွဲဖက်ထားတဲ့ AN/TPY-2 ရွှေ့ပြောင်း ရေဒါစနစ်ကို Raytheon ကုမ္ပဏီက ထုတ်လုပ်ပါတယ်။
ဂျော်ဒန်မှာရှိတဲ့ ရေဒါစခန်းဟာ မတ်လ ၁ ရက်၊ ဒါမှမဟုတ် ၂ ရက်နေ့မှာ အီရန် ဒုံးကျည်၊ ဒရုန်းတွေ ထိမှန်တာ ခံခဲ့ရဟန်ရှိကြောင်း CNNက ခန့်မှန်းထားပါတယ်။ မူဝါဖက် ဆယ်လ်တီ လေတပ်စခန်းကို ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေအရ ပြေးလမ်းတွေနားမှာ တိုက်လေယာဉ် အစီး ၅၀ လောက် ရှိနေတဲ့အပြင် ဒရုန်းနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကိုပါ တွေ့ရပါတယ်။ လေယာဉ်ရုံတွေထဲမှာ နောက်ထပ် လေယာဉ်တွေ ဒါဇင်နဲ့ချီ ရှိနေနိုင်သေးတယ်လို့ ယူဆရပါတယ်။
စစ်ပွဲရဲ့ အဖွင့်နေ့တွေမှာ အီရန်လက်ချက်ကြောင့် ပျက်စီးခဲ့တဲ့ ရေဒါစနစ်ဟာ အဲဒီတစ်ခုတည်း မဟုတ်ဘဲ ယူအေအီးရဲ့ ရူဝိုင်းစ်နဲ့ ဆာဒါးမှာရှိတဲ့ အလားတူ ဖြန့်ကျက်မှုတွေမှာပါ သိသာထင်ရှားတဲ့ ထိခိုက်မှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။
စစ်ရေး သုတေသီတွေက ရေဒါစနစ်တွေ ထိခိုက်ပျက်စီးခြင်းက THAAD ဒုံးကျည်တွေကို လုံးဝဥဿုံ သုံးမရ ဖြစ်သွားစေတာမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ တခြားချိန်ညှိမှု နည်းလမ်းတွေနဲ့ အဲဒီစနစ်တွေကို ဆက်ပြီး သုံးစွဲလို့ ရနိုင်ပေမယ့် စွမ်းဆောင်ရည်ပိုင်းကတော့ သိသိသာသာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
THAAD စနစ်တွေမှာ AN/TPY-2 ရေဒါတွေဟာ နှလုံးသည်းပွတ်အဖြစ် ပါဝင်နေပြီး လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေရဲ့ ပစ်မှတ်ရှာမှု၊ ပစ်မှတ်သရုပ်ခွဲမှုနဲ့ တခြား သတင်းအချက်အလက် အများအပြားကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
ဂြိုဟ်တုမှတ်တမ်း ဓာတ်ပုံတွေအရ ကာတာမှာရှိတဲ့ အမေရိကန်လုပ် လေကြောင်း အန္တရာယ် အ်ချက်ပေး စနစ်တစ်ခုကလည်း ပျက်စီးနေခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ကိုးကား: CNN
















































