မတ်-၁၀၊၂၀၂၆။People’s Spring
ပြည်တွင်းစစ်ကြောင့် နိုင်ငံစီးပွားရေး ယိမ်းယိုင် ကျပ်တည်းနေတဲ့တိုင် ရန်ကုန်မြို့ရဲ့ကွန်ဒိုတိုက်ခန်း စျေးနှုန်းတွေက ငါးနှစ်အတွင်း နှစ်ဆလောက် ခုန်တက်လာကြောင်း စင်ကာပူ အခြေစိုက် Straits Timesသတင်းဌာနကဖော်ပြပါတယ်။
တောင်ကိုရီးယားက တာဝန်ယူ ဆောက်လုပ်တဲ့ Inno City အိမ်ရာ ပရောဂျက်မှာ အိပ်ခန်းသုံးခုပါ ကွန်ဒိုခန်းဟာ မြန်မာ ငွေကျပ်သိန်းပေါင်းတစ်သောင်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၄၇၆,၀၀၀ လောက်ထိ ကျသင့်နေကြောင်း သိရပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှု မဖြစ်ပွားခင်က အဲဒီလို ကွန်ဒိုတိုက်ခန်းမျိုးရဲ့ စျေးဟာ ဒေါ်လာ ၂၈၆၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။
ရန်ကုန် အိမ်ခြံမြေစျေးတွေ မြင့်တက်မှုနှုန်းဟာပုံမှန်မဟုတ်ဘဲ ရူးလောက်တဲ့ အခြေအနေမျိုးလို့ စျေးကွက် အကြံပေး ပညာရှင်တွေကပါ သုံးသပ်ထားပါတယ်။

Public Service Announcement
နိုင်ငံရဲ့ စီးပွားရေးကနိမ့်ပါးနေတဲ့တိုင်၂၀၂၀ပြည့်နှစ်နောက်ပိုင်း ရန်ကုန် အိမ်စျေးတွေက တရိပ်ရိပ် မြင့်တက်လာနေကြောင်း၊ မြို့ပြင်ရပ်ကွက် တချို့မှာဆိုရင် အိမ်စျေး၊ မြေစျေးတွေကသုံးဆလောက်ထိ ထိုးတက်လာကြောင်း Colliers Thailandရဲ့ ကာလိုပေါ့ဘရီက ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကြောင့် မြန်မာ့စီးပွားရေးဟာ ဆုတ်ယုတ်မှုတွေနဲ့ ကြုံတွေ့နေပြီး ၂၀၂၆ ခုနှစ်၊ မတ်လမှာ ပြီးဆုံးမယ့် ဘဏ္ဍာရေးနှစ်မှာ ၂ ရာခိုင်နှုန်း ပိုမို ကျဆင်းလာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ငွေကြေးဖောင်းပွမှုကလည်း ၂၀ ရာခိုင်နှုန်းကျော်ထိ ဆက်ရှိနေပါတယ်။
အိမ်စျေးတွေ တက်လာတယ် ဆိုတာက လူတွေ ဝင်ငွေတိုးလာလို့ မဟုတ်ဘဲ လက်ထဲမှာ ရှိနေတဲ့ ငွေကို မယုံကြည်ဘဲ ရင်းနှီးမြှုပ်နှံချင်တာကြောင့် ဖြစ်တယ်လို့ အိမ်ခြံမြေစျေးကွက် သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။
ကိုသိန်းဆွေ (အမည်လွှဲ)ဆိုတဲ့ အမျိုးသား တစ်ယောက်က ၂၀၂၂ ခုနှစ်မှာ သူ့ရဲ့ အလုပ်အကိုင်က မရေမရာ ဖြစ်လာပြီး အဲဒီကစလို့ အိမ်ခြံမြေဆိုင်
ရာ ရင်းနှီးမြှုပ်နှံမှုတွေကို စတင် ရွေးချယ်လာခဲ့ပါတယ်။သူက အမေရိကန် ဒေါ်လာနဲ့ ယှဉ်ကြည့်ရင် ကျပ်ငွေနဲ့ တွက်ချက်တဲ့ ပြည်တွင်းအိမ်ခြံမြေ စျေးတွေက နည်းပါးတာကို သတိပြုမိခဲ့ပါတယ်။ အဲဒီအတွက်လည်း သူဟာအိမ်ဟောင်းတွေကို ဝယ်ယူ၊ ပြန်လည်မွမ်းမံ ပြင်ဆင်ပြီးအမြတ်ပေါ်တဲ့အချိန်မှာ ရောင်းချတဲ့လုပ်ငန်းကိုစတင်ခဲ့ပါတယ်။
၂၀၂၀ မတိုင်ခင်တုန်းကနဲ့ ယှဉ်ရင် လက်ရှိ အိမ်ခြံမြေ စျေးကွက်ဟာ ထင်ကြေးအယူအဆတွေအပေါ် မူတည်ပြီးခပ်မြန်မြန် လက်လွှဲရောင်းချတဲ့ ကုန်သွယ်မှုပုံစံမျိုးဆီ ကူးပြောင်းလာနေကြောင်း သူက ပြောပါတယ်။
တခြားပြည်နယ်နဲ့ တိုင်းတွေက စစ်ရှောင်တွေက ရန်ကုန်ဆီ ရွှေ့ပြောင်း အခြေချလာပြီး အိမ်ခြံမြေအတွက် တောင်းဆိုမှုတွေ မြင့်တက်လာခြင်းကလည်း ရန်ကုန်က အိမ်စျေးတွေကို မြင့်တက်လာစေပါတယ်။ မနှစ်က မတ်လတုန်းက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖျက်ဆီးအား ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မှာတော့ အထိအခိုက် မရှိခဲ့ပါဘူး။အဲဒီ အခြေအနေကလည်း ရန်ကုန် အိမ်ခြံမြေ စျေးကွက်အပေါ် စိတ်ဝင်စားမှုတွေကို မြင့်တက်လာစေခဲ့ပါတယ်။
ပြည်ပမှာ ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ လူချမ်းသာတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အာဏာသိမ်း စစ်တပ်က နိုင်ငံခြားဝင်ငွေကိုကျပ်ငွေအဖြစ် ပြောင်းလဲဖို့နဲ့ ပြည်တွင်းက ဒေါ်လာကို ပြည်ပထွက်ခွာမှုကနေတားမြစ်ဖို့အမိန့်တွေထုတ်ပြန်ထားတဲ့နောက်အိမ်ခြံမြေဝယ်ယူမှုတွေမှာပိုမိုရင်းနှီးမြှုပ်နှံလာကြပါတယ်။
ရန်ကုန်အခြေစိုက် အိမ်ခြံမြေ စျေးကွက် အကြံပေး တစ်ဦးဖြစ်တဲ့ ကိုစံပြည့်ကတော့ ကွန်ဒို တိုက်ခန်းတွေကို နေထိုင်ဖို့ မဟုတ်ဘဲ ပိုင်ဆိုင်မှု တစ်ခုအဖြစ် ဝယ်ယူသူ အများအပြားရှိနေကြောင်း ပြောပါတယ်။ ဒါဟာ ကျပ်ငွေတန်ဖိုးထိုးဆင်းသွားခြင်းကြောင့် အထိနာမှုတွေကို ကာကွယ်ဖို့ အတွက်လည်းဖြစ်ပါတယ်။၂၀၂၁ခုနှစ်တုန်းကအမေရိကန် တစ်ဒေါ်လာကို ၁၃၃၀ကျပ် ရှိခဲ့ပြီး၂၀၂၅ မှာတော့၄၅၂၀ ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။
ကိုးကား-Straits Times

















































