close

ခင်ဦးဒေသခံ သက်ကြီးရွယ်အိုတစ်ဦး စစ်ရှောင်ရင်း သေဆုံး

ပူပြင်းသည့် အညာဒေသ ခင်ဦးမြို့နယ်တွင် အင်အား ၂၀၀ ကျော်သည့် စစ်ကောင်စီတပ်၏ ရန်ကြောင့် ကျေးရွာ ၂၀ မှ ဒေသခံများ ထွက်ပြေးစဉ် အသက် ၈၀ ကျော်တစ်ဦး သေဆုံးသွားသည်။

ခင်ဦးအနောက်ခြမ်းကျေးရွာများမှ စစ်ရှောင်လာသော ဒေသခံများကို ဧပြီ ၁၉ မွန်းလွဲပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသက် ၈၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး စစ်ရှောင်ရင်း သေဆုံးသွားပြီး ဒေသခံ အမျိုးသား ၅ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၁၈ တွင် အိမ်နီးချင်း ရေဦးမြို့ပေါ်မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး နောက်တစ်နေ့တွင် အင်အား ၁၄၀ ဝန်းကျင်ဖြင့် စစ်ကြောင်းနောက်တစ်ခု ထိုးခဲ့ကြောင်း၊ ယနေ့ (ဧပြီ ၂၀) တွင် ခင်ဦးမြို့နယ်အနောက်ခြမ်းကျေးရွာများမှ ထိုစစ်ကြောင်းနှစ်ခု ပြန်ဆုတ်ခွာသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အန္တရာယ်ကြောင့် ခင်ဦးအနောက်ခြမ်း ကျေးရွာ ၂၀ ခန့်မှ ဒေသခံ တစ်သောင်းကျော်သည် နီးစပ်ရာ တောတောင်များ၊ ပိုမိုလုံခြုံနိုင်သည်ဟု ယူဆရသည့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ အင်းပတ်ကျေးရွာမှ အသက် ၈၃ နှစ်အရွယ် ဒေါ်ပုစိန်မှာ ယမန်နေ့ (ဧပြီ ၁၉) က လမ်းခရီး၌ သေဆုံးခဲ့သည်ဟု သိရသည်။ 

ဒေါ်ပုစိန်သည် အခြားရွာသားများနှင့်အတူ တိမ်းရှောင်ခဲ့သည်၊ စစ်သားများ ထွက်သွားပြီး ရွာသို့ ပြန်ချိန် သေဆုံးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနက်အစောကတည်းက ကျွန်တော်တို့က ထွက်ပြေးကြရတာ။ ရွာတွေကလည်း အများကြီး၊ လူတွေကလည်း သောင်းဂဏန်းလောက် ရှိတယ်။ ဒီအဘွားက သူများ သုံးဘီးဆိုင်ကယ်လေးနဲ့ လိုက်ပြီး ပြေးရတာ၊ xxxx တွေ ထွက်သွားလို့ ရွာပြန်ရောက်တဲ့အချိန် အသက်မပါလာတော့ဘူး” ဟု အင်းပတ်ရွာသားတစ်ဦးက ဆိုသည်။

“ပြေးရလွှားရတာကလည်း နှစ်ရက်ဆက်တိုက်၊ နှစ်ရက်လုံးကလည်း နေပူကျဲကျဲမှာ လမ်းဘေးက သစ်ရိပ်ပင်ရိပ်လေးတွေ ရှာဖွေပြီး တစ်နေကုန်နေကြရတော့ ပင်ပန်းသွားတာလို့ ထင်တယ်။ ရေတောင်မှဗျာ ပူပူကြီး သောက်ကြရတာ။ ရေအေးတာကို သောက်စရာမရှိဖြစ်အောင် ပူတာ”

အင်းပတ်ရွာ စစ်ရှောင်များကလည်း ထိုအမျိုးသမီးသည် အသက်အရွယ်ကြီးရင့်ခြင်း၊ ရာသီဥတု ပူပြင်းခြင်းတို့ကြောင့် နေရောင်အောက်တွင် ထွက်ပြေးရစဉ် ပင်ပန်းကာ သေဆုံးရခြင်းဖြစ်မည်ဟု ယူဆကြသည်။

ယမန်နေ့ ညနေမှာပင် ဘုန်းကြီးတစ်ပါးပင့်ကာ ဒေါ်ပုစိန်၏ နာရေးအစီအစဉ်ကို အလျင်အမြန် လုပ်ဆောင်ပေးခဲ့ကြသည်ဟု သိရသည်။

ယမန်နေ့ နံနက်ကလည်း မြကန်ကျေးရွာနှင့် မြင်ဒေါင်းရွာအကြား စစ်ကောင်စီတပ်နှင့် မိုင်းထောင်ပြီး ပြန်ဆုတ်လာသော ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တချို့ ထိပ်တိုက်တိုးပြီး မြင်ဒေါင်းကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရသည်။ 

အလားတူ မြင်ဒေါင်းရွာသား ၂ ဦးနှင့် မြကန်ရွာသား ၃ ဦးတို့မှာ ယနေ့ မွန်းတည့်အချိန်အထိ ပျောက်ဆုံးနေပြီး စစ်တပ်က ဖမ်းဆီးသွားသည် ဟုတ်မဟုတ်၊ သေသည်ရှင်သည် မသိရသေးကြောင်း ကျေးရွာကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကိုမူ မြကန်ကျေးရွာအနီး ယမန်နေ့က တွေ့ခဲ့ပြီး ကောက်ယူသင်္ဂြိုဟ်ခဲ့ကြောင်း၊ ရွာသား ၅ ဦးသတင်း မကြားရသေးကြောင်း မြင်းဒေါင်းကျေးရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အလင်းရောင်ဆိုသူက ပြောသည်။

စစ်ကြောင်းနှစ်ခုအနက် တစ်ခုသည် ခင်ဦးအနောက်ခြမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ရိက္ခာနှင့် ခဲယမ်းကို ကား ၄ စီးဖြင့် လာရောက်ပို့ဆောင်ကာ ကျေးရွာများအတွင်း တပ်စွဲထားပြီးမှ ယနေ့ နံနက်တွင် ရေဦးမြို့သို့ ပြန်ထွက်သွားကြောင်း သိရသည်။

ကျေးရွာများကို စီးနင်းနေသည့် အခြားစစ်ကြောင်းသည်လည်း ယနေ့တွင် ခင်ဦးနယ်အနောက်ခြမ်းမှတစ်ဆင့် ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရောက်ရှိလာကြောင်း သိရသည်။

ယနေ့ (ဧပြီ ၂၀) မွန်းတည့်ချိန်အထိ ရရှိသော သတင်းအချက်အလက်များအရ ထိုစစ်ကြောင်းသည် ပြည်သူ့စစ် ခေါ် ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများ၏ ခြေကုပ်စခန်းရှိသော ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာသို့ ဦးတည်နေကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။