သတင်း

ကောလင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ၄ ဦးဒဏ်ရာရ 

လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်စဉ် စစ်ရှောင်များ ထမင်းဆိုင်အနီး ကျရောက်ပေါက်ကွဲကာ ကလေးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရသလို ထမင်းစား ရပ်နားထားသော ဆီဘောက်ဆာကား ၂ စီးပါ ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဒိုးပင်ရွာကို ယမန်နေ့ (ဇူလိုင် ၁၄) ရက် ညနေက လေကြောင်း တိုက်ခိုက်ခံရပြီး စစ်ရှောင်များဖွင့်ထားသည့် ထမင်းဆိုင်အနီး ကျရောက်ပေါက်ကွဲရာ ကလေးငယ် အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ဆီဘောက်ဆာကား ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။ 

ကောလင်းမြို့အရှေ့ဘက်  မိုင် ၂၀ ကျော် အကွာ ရွှေဘို – မြစ်ကြီးနား လမ်းဘေးရှိ ဒိုးပင်ရွာကို ညနေ ၄ နာရီခွဲဝန်းကျင်တွင် တံတားဦး လေတပ်မှတက်လာသည့် တိုက်လေယာဉ်တစ်စီးက ဗုံးသုံးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ ထမင်းဆိုင်နောက်ကျောဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေး ၁ ဦး၊ အသက် ၃၀ ကျော် အရွယ် အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ၁ ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကောလင်းမြို့နယ် အမှတ် (၁) တပ်ရင်းထံက သိရသည်။ 

“ ဆီဘောက်ဆာတွေ ရပ်နေကျနေရာတော့ မဟုတ်ဘူးဗျ။ လမ်းဆိုတော့ ဆီဘောက်ဆာ ကားသမားတွေ သူတို့ ထမင်းစားရအောင်ဆိုပြီး ထမင်းဆိုင်ကိုရပ်တာ။ ပုံမှန်ကားရပ်တဲ့ကွင်းရယ်လို့မဟုတ်ဘူး။ လမ်းဘေးမှာချရပ်ထားတာ။ ကျတဲ့နေရာက ထမင်းဆိုင်ရဲ့နောက်ကျောကိုကျတော့ အစက လမ်းပေါ်မှာ ရှိတဲ့ ဆီဘောက်ဆာကားကိုသွားမှန်ပြီးတော့ မီးလောင်ပေါက်ကွဲတာပါ” ဟု ကောလင်း အမှတ်(၁ ) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ကောလင်းမြို့နယ်၊ ကောလင်း – ထီးချိုင့် နယ်စပ် ဒိုးပင်ရွာရှိ KIA/ PDF ထောက်ပို့စခန်းကို လေကြောင်းမှ ဗုံးကြဲရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်သည်။  

ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ကောလင်းမြို့ပေါ် တိုက်ပွဲများကြောင့် မြို့ကိုစွန့်ခွာထွက်ပြေးလာရ သည့် စစ်ဘေးရှောင်ပြည်သူများ ဖွင့်လှစ်ထားသည့် ထမင်းဆိုင်ဖြစ်ပြီး ထိုနေရာအနီး မြေပြင်တိုက်ပွဲ မရှိသလို စစ်ရေးလှုပ်ရှားမှု တစုံတရာမရှိကြောင်း ဒေသခံများက ပြောသည်။ 

ခရိုင်အဆင့်ရှိ ကောလင်းမြို့ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ပထမဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်က အင်အားအလုံးအရင်းဖြည့်တင်းကာထိုးစစ်ဆင်လာ သည့် အတွက် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် မြို့ကို ပြန်လည်လက်လွှတ်ခဲ့ရသည်။ 

ကောလင်းမြို့ကို စစ်တပ်က ထိန်းချုပ်ထားသော်လည်း တော်လှန်ရေးအင်အားစုများက ကျေးလက် ဒေသအများစုကို ထိန်းချုပ်စိုးမိုးထားပြီး စစ်တပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်ဘဲ လေကြောင်း တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။ 

 ဒိုးပင်ရွာ ထမင်းဆိုင်အနီး ဗုံးကျရောက်ပေါက်ကွဲထားသည့်နေရာအား တွေ့ရစဉ်။(ဓာတ်ပုံ – KLPDF)

ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ကလည်း ကောလင်းမြို့နှင့် ကျွန်းလှမြို့နယ်စပ်၊ ကျွန်းလှမြို့နယ်ရှိ အင်းလျားရှေရွာကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုမရှိကြောင်း ကောလင်းခရိုင် အမှတ်(၂) တပ်ရင်းက ထုတ်ပြန်သည်။ 

ထို့ပြင် ကနီမြို့နယ်တွင်လည်း ချင်းတွင်းမြစ်ကို ဆန်တက်လာသည့် ရေယာဉ်အုပ်စုကို အကာအကွယ် ပေးရန် မြစ်ကမ်းဘေးကျေးရွာများကို ယမန်နေ့ လယ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 

“မြစ်ကမ်းဘေးက ရွာတွေကို Y 12 နဲ့ တစ်နာရီခွဲ နှစ်နာရီလောက်ကြာတယ် Air strike လုပ်တာ။ ထိခိုက်တာတော့မရှိဘူး။ မုဌောရွာက အိမ်တစ်လုံးပျက်စီးတယ်”ဟု ဒေသတွင်းတော်လှန်ရေးအင်အားစု တစ်ခုဖြစ်သည့် Union Liberation Front မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှတက်လာသည့် စစ်ရေယာဉ်များအပါအဝင် ဆောက်လုပ်ရေးပစ္စည်း အများအပြားတင်ဆောင်လာသည့် သင်္ဘော ၂၆ စီးပါ အုပ်စုသည် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာချိန်တွင် မြစ်ကမ်းဘေးကျေးရွာများကို စစ်ရေယာဉ်ပါ လက်နက်ကြီးများ၊ လေကြောင်း ပစ်ကူများဖြင့် ကြိုတင်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ရေယာဉ်အုပ်စုသည် ယနေ့ (ဇူလိုင် ၁၅) နံနက်ပိုင်းတွင် ကနီမြို့ ဆိပ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင်လည်း မြို့အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံ ကသိရသည်။ 

စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းရန်တို့ကြောင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံများမှာ နေရပ်မပြန်ရဲဘေးဘဲ ဘေးလွတ်ရာရှောင်တိမ်းနေကြဆဲဖြစ်သည်။ 

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့် အညာဒေသတွင် မြေပြင်စစ်ကြောင်း မထိုးနိုင်သည့် စစ်တပ်သည် ချင်းတွင်းမြစ်ရေတက်ချိန်တွင် ရေကြောင်းမှတဆင့် မြစ်အထက်ပိုင်းဒေသ များသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းအပါအဝင် အင်အားဖြည့်တင်းနိုင်ရန် လုပ်ဆောင်လေ့ရှိသည်။ 

မတ် ၂၈ ရက် စစ်ကိုင်းငလျင်အပြီး  ဇွန်လ တတိယပတ်အထိ သုံးလနီးပါးအတွင်း စစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၆၂၀ ကျော် ပြုလုပ်ခဲ့ရာ   ၅၀၁ ဦးသေဆုံးပြီး ၁၀၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အနက် ထိခိုက်မှုအများဆုံးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ဇွန် ၂၀ ရက်က ထုတ်ပြန်ထားသည့် အချက်အလက်အရ သိရသည်။ 

နိုင်ငံအနှံ့ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုလုပ်နေသည့် စစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘုန်းကြီးကျောင်း ၊ စစ်ဘေးရှောင်စခန်း၊ ဈေးဆိုင်တန်းနှင့် ကျေးရွာ များကို တိုက်ခိုက်မှုများကို ခပ်စိတ်စိတ်လုပ်နေသည်။ 

ပြီးခဲ့သည့်ရက်ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာရှိ စစ်ရှောင် ၂၀၀ ကျော် ခိုလှုံ နေသည့် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကို ညသန်းခေါင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေး များအပါအဝင် ပြည်သူ ၂၂ ဦး သေဆုံးပြီး ၅၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

စစ်ကိုင်းတိုင်းအတွင်း ဇူလိုင် ၁၄ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်မြို့နယ်များ တည်နေရာပြ မြေပုံ။

Related Articles

Back to top button