သတင်း

ရှမ်းမြောက် နောင်ချိုမြို့မှ တပ်များမဆုတ်ဟု  TNLA ပြော

စစ်တပ်က မြို့ပေါ် နှစ်ရပ်ကွက်ကို ထိန်းချုပ်ထားပြီး ကျန် လေးရပ်ကွက်ကို ထိုးစစ်ဆင်နေသော်လည်း TNLA တပ်များ မြို့ပေါ်မှ မဆုတ်ခွာဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် ရှေ့တန်း တပ်မှူးများကြားတွင် သုံးသပ်မှုများ လုပ်ဆောင်နေပြီး တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခြင်းမရှိသေးကြောင်း တအာင်းတပ် (TNLA) ပြောခွင့်ရသူ လွေးယေဦးက ပြောသည်။

စစ်တပ်က နောင်ချိုမြို့ပေါ် ရပ်ကွက်နှစ်ခုအား ထိန်းချုပ်ထားပြီး TNLA တပ်ဖွဲ့များ မြို့ပေါ်မှ ဆုတ်ခွာနေ သည်ဟု သတင်းများ ထွက်နေသည့်အပေါ် Myanmar Now က ယနေ့ နံနက်က ဆက်သွယ်မေးမြန်းရာ TNLA ဘက်မှ ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။

“ကျွန်မတို့ တပ်ဖွဲ့တွေ နောင်ချိုမှာ ရှိနေပါတယ်။ ကျွန်မတို့ လက်ရှိအချိန်အထိ ထိန်းနိုင်တဲ့အခြေအနေမှာ ရှိပါတယ်။ အနီးအနားမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ နောင်ချိုတိုက်ပွဲနဲ့ပတ်သက်လို့ ကျွန်မ တို့ ခေါင်းဆောင်ပိုင်းတွေဘက်ကလည်း သုံးသပ်မှုတွေ ရှိနေပါတယ်”

မြို့ပေါ် ခြောက်ရပ်ကွက်နှင့် လူဦးရေ တစ်သိန်းလေးသောင်းခန့် နေထိုင်သည့် နောင်ချိုမြို့အား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀၂၇ စစ်ဆင် ရေး ဒုတိယပိုင်းအတွင်း TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ခဲ့ ခြင်းဖြစ်သည်။

TNLA က မြို့ကို တစ်နှစ်ကြာ ထိန်းချုပ်ထားပြီးနောက် နောင်ချိုမြို့ပေါ် တောင်ရပ်ကွက် နှင့် ပါဟတ် ရပ်ကွက် နှစ်ခုကို တောင်းခမ်းရွာဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းက ဇူလိုင် ၁၃ ရက်နေ့တွင် စတင်ထိန်းချုပ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ကျန် မြို့ပေါ် ရပ်ကွက်လေးခုဖြစ်သည့် ဈေး၊ ဘူတာ၊ သပြေရေနှင့် နားရှိုးရပ်ကွက်များနှင့် နောင်ချိုမှ ကျောက်မဲမြို့ဘက်သို့အထွက်လမ်းရှိ လမ်းအသုံးပြုခကောက်ခံရေးဂိတ်၊ မူးယစ်စစ်ဆေးရေးဂိတ်များ အား စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေသည်ဟု နောင်ချိုမြို့ခံတို့က ဆိုသည်။

“ငြိမ်းနေတာ နှစ်ရက်လောက် ရှိပြီ။ အခု မြို့ထဲဘက်မှာ အသေးအကြီးအသံတွေ ပြန်ကြားနေရပြီ။ မနေ့ ညနေပိုင်းက စကြားရတာ” ဟု နောင်ချိုမြို့ခံတစ်ဦးက ယနေ့ နံနက်တွင် ပြောသည်။

နောင်ချိုနှင့်ကျောက်မဲကြားရှိ ဂုတ်တွင်းကားလမ်းတံတားအား ဇူလိုင် ၁၃ ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးခံရ ပြီး ဆက်သွယ်မှုများ ပြတ်တောက်နေသည်ဟု ဒေသခံများက ဆိုသည်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ် များကမူ တံတားဖောက်ခွဲမှုမှာ TNLA လက်ချက်ဟု ဆိုကြပြီး မြို့၏ သုံးပုံနှစ်ပုံကို သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း ဖော်ပြနေကြသည်။ 

ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းများသည် ယခုရက်ပိုင်းတွင် နောင်ချို- မိုးကုတ်လမ်းရှိ ဆမ္မဆယ်ကျေးရွာ ထက်ဝက်နီးပါးအား ထိန်းချုပ်ထားသည်။

စစ်ကြောင်းတချို့သည် နောင်ချိုမြို့နှင့် လေးမိုင်အကွာ ကျောက်ကြမ်းရွာအား ဇူလိုင် ၁၃ ရက်နေ့တွင် ထိန်းချုပ်လိုက်သည်ဟု စစ်ကောင်စီထောက်ခံသူတို့က ဆိုသည်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ဖော်ပြထားသည့် နောင်ချိုမြို့နယ်တွင်းမှ စစ်ကောင်စီတပ်သားများ။

ကျောက်ကြမ်းရွာနှင့် တစ်မိုင်အကွာတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ) ၁၁၄ တပ်ရင်းနှင့် ၁၁၅ တပ်ရင်းများရှိပြီး ထိုးစစ်ဆင်လာသည့် စစ်တပ်အား TNLA နှင့် မဟာမိတ်တပ်များက ဆက်လက် ခုခံနေ သည်ဟု မြေမြင် စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

နောင်ချိုတွင် စစ်ရေး ပြင်းထန်နေချိန် TNLA ထိန်းချုပ်ရာ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့ များရှိ စစ်ရေး ပစ်မှတ်မဟုတ်သည့် နေရာများအား စစ်တပ် လေကြောင်းမှ ခပ်စိတ်စိတ် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု လွေးယေဦးက ဆိုသည်။

TNLA ထိန်းချုပ်ရာ သီပေါမြို့လယ်ခေါင်ကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲတွင် TNLA ထိန်းချုပ်မြို့များမှ နောင်ချို၊ ကျောက်မဲ အပါအဝင် ငါးမြို့ ကို ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့သော်လည်း သဘောတူညီမှု မရခဲ့ဘဲ စစ်ကောင်စီတပ်က ရှမ်းမြောက်ဝင်ပေါက် နောင်ချိုမြို့ကို ပြန်ရရန် အပြင်းအထန် ထိုးစစ်ဆင်နေသည်။

စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့ကြား လာမည့် ဩဂုတ်လတွင် ဆက်လက်တွေ့ဆုံရန် သဘောတူထားသည်။ ထိုတွေ့ဆုံပွဲတွင် ဖိအားပေးနိုင်ရန် စစ်တပ်မှ TNLA ကို ဖိအား ပေးနေခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ် တစ်ဦးက ဆိုသည်။

ဇူလိုင် ၅ ရက်နေ့က ပြုလုပ်သော TNLA သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံက တိုက်ပွဲများ ရပ်တန့် ရန် စစ်ကောင်စီနှင့် တအောင်းတပ်တို့ကို မကြာသေးခင်က သီးခြား စီတွေ့ဆုံ စကားပြောခဲ့ပြီး နှစ်ဖက်လုံး ကို အပစ်ရပ်ရန် ပြောခဲ့ကြောင်း TNLA မှ လွေးယေ ဦးက မီဒီယာများကို ပြောခဲ့သည်။

သို့ရာတွင် စစ်ကောင်စီဘက်မှ လေကြောင်းနှင့် မြေပြင်ထိုးစစ်များ ဆက်ရှိနေသဖြင့် မြေပြင်တွင် တိုက်ပွဲ များ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေရှိနေ၍ အရပ်သားများ အနေဖြင့် စစ်ရေးသတိရှိကြရန် တိုက်တွန်းလိုသည်ဟု လွေးယေဦးက ဆိုသည်။ 

TNLA ဦးဆောင်သည့် မဟာမိတ်တပ်များသည် ၂၀၂၄ ဇူလိုင် ၁၀ ရက်နေ့တွင် နောင်ချိုမြို့ပေါ်ကို သိမ်း ပိုက်ပြီးနောက် မြို့၏ တောင်ဘက် ၁၈ မိုင်အကွာ တောင်းခမ်းရွာကို ယင်းနှစ် ဩဂုတ် ၁၀ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်ခဲ့သည်။

တောင်းခမ်းရွာမှာ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် မိုင် ၅၀ ခန့်သာဝေးပြီး ရှမ်းမြောက်နှင့် ရှမ်းတောင်ကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တည်ရှိနေသည်။

တောင်ခမ်းရွာတောင်ဘက် ကျောက်ဂူရွာနှင့် အင်တောမြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး အင်တော တောင်ဘက် ဆက်ဆင်းပါက ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့သို့ ရောက်မည် ဖြစ်ရာ ကျောက်ဂူ – အင်တော – ရပ်စောက်လမ်းမှတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ပေါက်ဖြစ်နေ သဖြင့် စစ်ရေးအရ အရေးပါသည်။ 

တောင်းခမ်းရွာတိုက်ပွဲများသည် ထိုစဉ်မှစတင်၍ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တောင်းခမ်းရွာ မှတဆင့် နောင်ချိုမြို့ဘက်သို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

ယခုနှစ် မတ်လမှ စတင်သော တိုက်ပွဲများအတွင်း တောင်းခမ်းရွာမှ TNLA နှင့်မဟာမိတ်တပ်များ တပ် ဆုတ်လာရပြီးနောက် လက်ရှိတွင် နောင်ချိုမြို့ပေါ် ရပ်ကွက်နှစ်ခုကိုပါ စစ်တပ်က ပြန်လည်ရယူသွားခြင်း ဖြစ်သည်။ TNLA ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ် (DPLA) စသည့် တော်လှန်ရေးတပ်များ ပါဝင်တိုက်ခိုက်နေသည်။

နောင်ချိုမြို့ကို ထိုးစစ်ဆင်နေသော စစ်ကောင်စီက ပို့ဆောင်ရေးလမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ် ၍ ပြင်ဦးလွင်–နောင်ချိုလမ်းပိုင်းတွင် စားသောက်ကုန်နှင့် ဆေးဝါးသယ်ဆောင်ခွင့် ယခုလဆန်းကတည်း က ပိုမိုတင်းကြပ်ခဲ့သည်။

တောင်ခမ်းမှ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းတွင်  ပြည်သူ့စစ်မှုထမ်း တပ်သား သစ်များ အများအပြားပါဝင်ပြီး အများစုက ထွက်ပြေးလာသည်ဟု နောင်ချိုစစ်မျက်နှာတွင် TNLA နှင့်ပူးတွဲ တိုက်ပွဲဝင်နေသည့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) က ယမန်နေ့တွင် သတင်းထုတ် ပြန်သည်။

လက်နက်အပြည့်အစုံဖြင့်  DPLA ထံ လက်နက်ချပူးပေါင်းလာသည့် လူငယ်များအား သူတို့၏ ဆန္ဒအတိုင်း မိသားစုများထံ ပြန်လည်လွှဲပြောင်းမည်ဟု DPLA  ကဆိုသည်။ လက်နက်ချလာသည့် အရေအတွက်ကို မူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

နောင်ချိုမြို့နယ်အတွင်း ဇွန်လ ၂၄ ရက်နေ့မှ စတင်ကာ ဇူလိုင် ၁၄ ရက်နေ့အထိ  စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ နေ့စဉ်ဖြစ်နေသည်ဟု DPLA ထုတ်ပြန်ချက်တွင် ဖော်ပါထားသည်။

စစ်ကောင်စီသည် မြို့ငါးမြို့များကို ပြန်ပေးရန် တောင်းဆိုချက်ကို TNLA က ပြန်ပေးရန် ငြင်းဆန်ထားရာ စစ်ကောင်စီသည် လေကြောင်း၊ မြေပြင်စစ်ကြောင်းများဖြင့် ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေပြီး TNLA ထိန်းချုပ်နယ်မြေများ၊ ရှမ်းတောင်နှင့်ကယား ဒေသများ ပါဝင်သော ကရင်နီတော်လှန်ရေးနယ်မြေများ ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်သော နိုင်ငံအလယ်ပိုင်းမှမြို့ကြီးများကို ပစ်မှတ်ထားနေ သည်။

နောင်ချိုမြို့အနီးရှိ နာမည်ကျော်ဂုတ်ထိပ်တံတားပေါ်မှ TNLA နှင့် မဟာမိတ်များ။ (ဓာတ်ပုံ –   DPLA)

Related Articles

Back to top button