ကရင်ပြည်နယ်မှ ထိုင်း-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော အာရှလမ်းမကြီး ပေါ်ရှိ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ယနေ့(ဇူလိုင် ၂၅) ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ကြေညာထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီသည် ထိုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ၃ လကျော်ကြာ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲကြီး ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ အထိဖြစ်ပွားခဲ့ကာ PDF အလောင်းတချို့ နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု စစ်တပ်၏ ဝါဒဖြန့်သတင်းစာ၌ မှတ်တမ်းဓာတ်ပုံများဖြင့် ဖော်ပြထားသည်။
စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်သော လမ်းပိုင်းသည် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းပေါ်ရှိ နေရာ တစ်ချို့သာဖြစ်ပြီး စစ်ရေးသဘောအရ တော်လှန်ရေးအင်အားစုများဘက်က နောက်ဆုတ်ပေးခြင်း ဖြစ် သည်ဟု တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့ပတ်ဝန်းကျင်ကိုလည်း တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထိန်းချုပ် ထားသည်ဟု သူက ဆက်ပြောသည်။
“ ပြောမယ်ဆိုရင် ကော့ကရိတ်မြို့ထဲကနေ ကျုံးဒိုးကို သူတို့(စစ်ကောင်စီ) သွားလို့ မရသလို ကော့ ကရိတ်မြို့ထဲကနေ တောနော(ရေတံခွန်)ဘက်ကိုလာလို့လည်းမရဘူး။ အာရှလမ်းပေါ်ကိုလည်း တက်လို့မရဘူး ” ဟု သူက ပြောဆိုသည်။
တောနောရေတံခွန်သည် ကော့ကရိတ်မြို့ နှင့် မြ၀တီမြို့လမ်းပေါ်တွင် တည်ရှိသည်။
ကော့ကရိတ်မြို့တွင် စစ်ကောင်စီ၏ ခလရ (၉၇) ၊ ခလရ (၂၃၀) ၊ ခလရ (၂၃၁) နှင့် အမြောက်တပ်ရင်း (၃၁၂) တို့ရှိနေသည်။ အဆိုပါ တပ်ရင်းများကို သိမ်းပိုက်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ KNLA တပ်မဟာ (၆) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ်၊ ဧပြီလအတွင်း၌ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
သို့သော် စစ်ကောင်စီတပ်ကလည်း လေကြောင်း နှင့် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုကာ ပြန်ခုခံခဲ့၍ နောက်ပိုင်းတွင် တော်လှန်ရေးတပ်များဘက်က ပြန်လည်ဆုတ်ခွာခဲ့ရသည်။
လက်ရှိအချိန်တွင်လည်း ကော့ကရိတ်မြို့တွင် စစ်ကောင်စီကသာ ပြန်လည်တပ်စွဲထားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကျုံဒိုး- ကော့ကရိတ်လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်သည်ဆိုသော သတင်းသည် ရန်သူ၏ စိတ် ဓာတ်စစ်ဆင်ရေးတစ်ခုပင်ဖြစ်သည်ဟု စစ်ရေးနှင့်နီးစပ်သည့် ကော့ကရိတ် ဒေသခံတစ်ဦးကလည်း Myanmar Now သို့ ပြောသည်။
“ မြို့သိမ်းတိုက်ပွဲကို KNU က ရှောင်တယ်၊ လူထုအထိနာတယ်၊ မြို့ပျက်တယ်၊ထိန်းသိမ်းရတာခက် တယ်။ အဲဒီ စစ်ရေးဗျူဟာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ကျုံဒိုး ကော့ကရိတ်လမ်းမ ပြန်ထိန်းချုပ်နိုင်သတင်းက ရန်သူစိတ်ဓာတ်စစ်ဆင်ရေးပါ” ဟု သူက ပြောဆိုသည်။
လတ်တလောတွင် KNU အနေဖြင့်လည်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်း များကို ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသလို မြ၀တီမြို့နယ်ထဲမှ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ဝေါလေဗျူဟာကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သူက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ထဲရှိ စစ်ကောင်စီက သက်ရှိစည်းရိုးဟု အမည်ပေးထားသော ဥကရစ်ထစစ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက ဇူလိုင်လ ၁၂ ရက်တွင် သိမ်းယူနိုင်ခဲ့သည်။
ဥကရစ်ထ စခန်းသည် မြဝတီမြို့တောင်ဘက် မိုင် ၃၀ အကွာ ဥကရစ်ထရွာတွင် တည်ရှိပြီး ထိုင်း – မြန်မာနယ်စပ် အနောက်ဘက် ကိုက် ၁၇၀ အကွာတွင်တည်ရှိသည့် စခန်းဖြစ်သည်။
ထို့ပြင် KNU နှင့် ပူးပေါင်းတပ်များသည် အာရှလမ်းမကြီးပေါ်ရှိ အဓိကလမ်းပိုင်းများတွင် ခံစစ်ပုံစံရှိနေ သည်ဟု စစ်ရေးနှင့်နီးစပ်သည့် ကော့ကရိတ် ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ နာမည်ကျော် အောင်ဇေယျစစ်ကြောင်းသည်လည်း ကော့ကရိတ်-မြ၀တီလမ်းပိုင်းရှိ ဒေါနတောင်ပေါ်တွင် တော်လှန်ရေးအင်အားစုများ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရလျက်ရှိသည်။
ရိက္ခာ၊ ခဲယမ်းဖြတ်တောက်ထားခံမှုကြောင့် ထိုစစ်ကြောင်းမှ တချို့သော စစ်ကောင်စီတပ်တော်လှန်ရေး တပ်များထံသို့ လက်နက်ချအညံံ့ခံမှုများလည်းရှိသည်။
စစ်ကောင်စီ၏ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်ကိုယ်တိုင် ကွပ်ကဲသည့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖြင့် ဧပြီလတွင် မြ၀တီသို့ ချီတက်လာသောအောင်ဇေယျစစ်ကြောင်းသည် သံချပ်ကာကား၊ အမြှောက်များ၊ အတွဲလိုက်ပစ်ဒုံးတင် ကားများ ပါဝင်ပြီး စစ်သည် အင်အား ၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
ယခုအခါ အင်အားမည်မျှကျန်ရှိနေသည်ကို မသိရှိရသေးပေ။
ထိုအခြေအနေများရှိသည့်တိုင် စစ်ကောင်စီကမူ ထိုင်း-မြန်မာအဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကော့ကရိတ်-မြ၀တီလမ်းပိုင်းအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ရေး အမြန်ဆုံးရှင်းလင်းဆောင်ရွက်သွား မည်ဟု ထုတ်ပြန်ထားသည်။



