တော်လှန်ရေးအင်အားစု တစ်နှစ်နီးပါး သိမ်းပိုက်ထားသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်က ဇူလိုင် ၂၂ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် မြို့ပေါ်ရပ်ကွက်များမှာ တပ်စွဲကာ ကျေးလက်ဒေသများကိုပါ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။
မြို့လယ်ရှိ မြို့ဦးတောင် ခေါ် အောင်စင်္ကြာဘုရားကုန်း အပါအဝင် နေရာတချို့တွင် ရှိနေပြီး ၁၂၀ မမ စိန်ပြောင်းများနှင့်အခြားလက်နက်ကြီးတချို့ တပ်ဆင်ထားကြောင်း တော်လှန်ရေးစစ်ရေးရင်းမြစ်များက ပြောသည်။
ဧရာဝတီမြစ်ကမ်းဘေး သပိတ်ကျင်းမြို့အနောက်ဘက်တွင် ကဘဲ့ရပ်ကွက်နှင့် ဆိပ်ကမ်းရပ်ကွက်တို့တွင် ရဲစခန်း၊ ဆေးရုံနှင့် အားကစား၊ အိမ်ရာဝင်းများရှိကာ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ မြို့နယ်တစ်ခုလုံးတွင် လူဦးရေ တစ်သိန်းလေးသောင်းကျော်နေထိုင်သည်။ သပိတ်ကျင်းနှင့် တကောင်း နှစ်မြို့ပေါင်း၍ သပိတ်ကျင်းမြို့နယ်အဖြစ် သတ်မှတ်ထားသည်။
မြို့အရှေ့ဘက်တွင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ထားသလို ရှမ်းပြည်နယ် မြောက် ပိုင်း မိုးမိိတ်နှင့် ဆက်သွယ်ထားသောလမ်းကြောင်းပေါ်တွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိသော တွင်းငယ်ကျေး ရွာရှိပြီး စစ်ရေး၊ သွားလာရေးအရ အချက်အချာကျသည်။
တော်လှန်ရေးပူးပေါင်းတပ်က ၂၀၂၄ ဩဂုတ်၂၅ ရက်နေ့တွင် မြို့ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသက ကြေညာခဲ့သည်။
သို့ရာတွင် မြို့နယ်အရှေ့ခြမ်းနှင့်မြောက်ဘက်တို့တွင် စစ်ကောင်စီတပ် ဆက်ရှိနေပြီး တန်ပြန်ထိုးစစ်ကို ယမန်နှစ် နိုဝင်ဘာတွင် စတင်ခဲ့သည်။ မြို့အရှေ့ဘက် ၇ မိုင်ရွာဘက်မှ ထိုးဖောက်ကာ ယခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် ၄ မိုင်အကွာ ကံသာကျေးရွာကို ထိန်းချုပ်နိုင်ခဲ့သည်၊ နောက်ရက် များတွင် တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ဇူလိုင် ၂၁ ရက်နေ့တွင် ဆေးရုံအနီး ရောက်ရှိတပ်စွဲကာ ၂၂ ရက်နေ့ညတွင် မြို့ပေါ် ရပ်ကွက်များကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များ မြို့ပြင် ကို ဆုတ်ခွာပေးလိုက်ရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၃ ရက်နေ့တွင် Myanmar Now ကို အတည်ပြုထားသည်။
ထိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၂၂၂) တပ်ရင်းမှ သတင်းတာဝန်ခံက မြို့အနီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း Myanmar Now ကို ယမန်နေ့ညက ပြောသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော် နီနီကျော်ကလည်း ၎င်းတို့ တပ်များသည် မဟာမိတ်များနှင့်အတူ ၇မိုင်၊ ကျောက်ကြီးနှင့် တွင်းငယ် စသည့် ဒေသများတွင် ဆက်လက်တိုက်ပွဲဝင်နေသည်ဟု Myanmar Now ကို ပြောသည်။
PLA တပ်သည် သပိတ်ကျင်းမြို့ပေါ်တိုက်ပွဲများတွင် မပါဝင်သော်လည်း ခရိုင်အတွင်း တိုက်ပွဲများတွင် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစု၏ အရင်းအနှီးများပြားစွာ ရယူထားရသည့် သပိတ်ကျင်းမြို့ကို လက်လွှတ်ရခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း သူက ဆိုသည်။
“ တချိန်လုံးတိုက်နေရတာ ဆိုတော့ ဒီသပိတ်ကျင်းနယ်ကို အဲ့ဒီလောက် ကျွန်မတို့ရဲဘော်တွေ ထိခိုက် ဒဏ်ရာရတာတွေ၊ အသက် ပေးဆပ်ပြီးတိုက်ထားရတာတွေရှိတယ်” ဟု ရဲဘော်နီနီကျော်က ပြောသည်။
“ဘယ်ရဲဘော်ပဲ တိုက်တိုက် အသက်သွေးချွေးတွေနဲ့ ရင်းပြီး တိုက်ထားတဲ့နေရာတွေ ရန်သူ့လက်ထဲကို ပါသွားပြီဆိုတော့ ကျွန်မတို့က တစ်လက်မမှ အပါမခံချင်ဘူး။ ဘယ်နေရာပဲ ပါသွားသွား… ကျွန်မတို့ စိတ်မကောင်း ဖြစ်မိတယ်”
လက်ရှိတွင် မြို့အပြင် တောင်ဘက်နှင့် အရှေ့ဘက်ခြမ်းတို့တွင် တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်ကို ပြန်ဝိုင်းထားသည်ဟု ဒေသတွင်း စစ်ရေးလှုပ်ရှားသူများက ဆိုကြသည်။
မြို့ပေါ်သို့ ထိုးစစ်ဆင်လာစဉ် ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြသည့်အဖွဲ့များထဲတွင် NUG ၏ အမှတ် (၁) ၊ (၂) စစ်ဒေသတပ်ရင်းများ၊ မိုးကုတ်ဗျူဟာ၊ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ပြင်ဦးလွင်ခရိုင်တပ်ရင်းများဖြစ်သော အမှတ်(၅၀၉)၊ (၅၁၀) ၊ (၅၁၂) တို့ ပါဝင်ကြောင်း သိရသည်။

ဒေသခံများ၏ စိုးရိမ်မှု
ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းကို မေးတင်ထားသည့်သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိပြီးနောက် ကာလရှည် စစ်ရှောင်နေခဲ့ကြသည့် မြို့ခံတချို့ မြို့ပေါ်ပြန်တက်လာခဲ့ကြသည်။
အိမ်စောင့်ရန်၊ အိမ်ပြင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မြို့ခံ ထောင်ဂဏန်းနီးပါး ပြန်လည် ဝင်ရောက် လာခဲ့သော်လည်း ၄ မိုင်ရွာသို့ စစ်ကောင်စီတပ်ရောက်လာချိန်မှစ၍ အဆိုပါမြို့ခံများ မြို့မှ ပြန်လည်ထွက် ခွာသွားကြကြောင်း သိရသည်။
မြစ်အရှေ့ ဘက်ကမ်း မြို့မြောက်ဘက်တလျှောက် စစ်ကောင်စီတပ်များက တွင်းငယ်ဒေသအထိ စိုးမိုးထားသည်။
မြစ်အနောက်ဘက်ကမ်းတွင် ဝါသဝ ဦးဆောင်သော ပျူစောထီး ခေါ် ပြည်သူ့စစ် အားကောင်းသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တည်ရှိပြီး မလည်ရွာသည်လည်း စစ်ကောင်စီ၏ အထိုင်စခန်းကြီးတစ်ခု ဖြစ်နေသေးသည်။ တော်လှန်ရေးတပ်များက သပိတ်ကျင်း၏ မြောက်ဘက် မှန်သာရွာ၊ တောင်ဘက်မှ သီဟတောရွာ တို့တွင်သာ စိုးမိုးထားသည်။
စစ်ကောင်စီက သပိတ်ကျင်းမြို့ကို ခြေကုပ်ယူ၊ အင်အားစုဖွဲ့ပြင်ဆင်ပြီး တော်လှန်ရေးတပ်များ စိုးမိုး ထားသည့် ဒေသများကို ထပ်မံ ထိုးစစ်ဆင်လာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။
၆ မိုင်၊ ၅ မိုင်နှင့် ၄ မိုင်ကျေးရွာတို့မှ ဒေသခံများမှာ တိုက်ပွဲများနှင့် အလှမ်းဝေးသည့် မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှ ဇရပ်ကွင်း၊ လိပ်ကျ၊ ချောင်းကြီး အစရှိသည့် ကျေးရွာများအတွင်းသို့ လည်းကောင်း၊ ယင်းရွာများအနီးဝန်းကျင်မှ တောတောင်များအတွင်းသို့လည်းကောင်း တိမ်းရှောင်နေထိုင်ခဲ့ကြရသည်။
“သပိတ်ကျင်းကို စကစ (စစ်ကောင်စီ) ဝင်သွားပြီဆိုတာ ကြားလိုက်တော့ ကျွန်တော်တို့က စိုးရိမ်ရပြီ၊ အခုတော့ မပြေးရ သေးပေမယ့်၊ ဘယ်အချိန် ထပြေးရမလဲ ဆိုတာကို စောင့်နေရသလိုဖြစ်နေတယ်”ဟု ဇရပ်ကွင်းရွာသားတစ်ဦးက ဆိုသည်။
၎င်းတို့မိသားစုလည်း အခြားရွာသူရွာသားများနည်းတူ ပြေးလွှားတိမ်းရှောင်နိုင်ရန် အထုပ်အပိုးများ ပြင်ဆင်ထားပြီး၊ တိုက်ပွဲသတင်းများကို နားစွင့်နေရပြီဖြစ်သည်ဟု ပြောသည်။
ဒေသတွင်း နောင်ချို့မြို့ကို ပြန်လည်သိမ်းယူထားသည့် စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့ကို ထပ်မံ ရရှိသွားရာ ထိုလမ်းကြောင်းများအတိုင်း မိုးကုတ်မြို့ဘက်သို့ အချိန်မရွေး ထိုးစစ်ဆင်လာနိုင်သည်ဟု ယူဆနေကြသည်။ စဉ့်ကူး၊ သပိတ်ကျင်းနယ်အတွင်းမှ တော်လှန်ရေးစိုးမိုးနယ်မြေများကိုလည်း စစ်ကောင်စီက လွှတ်ထားလိမ့်မည်မဟုတ်ဟုလည်း ယူဆနေကြသည်။
ဒေသခံတချို့ကမူ တော်လှန်ရေးတပ်ဖွဲ့များ ရှေ့တန်းတွင် တိုက်ခိုက်ပေးနေသဖြင့် တိမ်းရှောင်ခြင်းမပြုသေးသည်ကို တွေ့ရသည်။
“ရဲဘော်လေးတွေတောင် ရှေ့မှာ ပြင်းပြင်းထန်ထန် တိုက်ပေးနေသေးတယ်။ ကျွန်မတို့က ပြေးရမလား”ဟု သပိတ်ကျင်းနယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်သည် စုဖွဲ့ပြင်ဆင်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းများ လုပ်လာနိုင်သော်လည်း လွယ်လွယ် ကူကူ လျင်လျင်မြန်မြန် ဖြစ်လာလိမ့်မည်မဟုတ်ဟုလည်း သပိတ်ကျင်းဒေသခံအမျိုးသားတစ်ဦးက တုံ့ပြန်သည်။
သပိတ်ကျင်းမြို့ကို စစ်ကောင်စီထိုးစစ်ဆင်ခဲ့ပုံ
AA,TNLA,MNDAA ပါဝင်သော မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး (အပိုင်း ၁ နှင့် ၂) အတွင်း NUG တပ်များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း အတွင်းမှ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းဒေသများမှ စစ်ကောင်စီ တပ်စခန်းများကို အပြင်းအထန် ထိုးစစ် ဆင်ခဲ့ကြသည်။
မတ္တရာနှင့်စဉ့်ကူးမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ဦးဆောင်သည့် မဟာ မိတ်တပ်များ၊ တကောင်းနှင့် သပိတ်ကျင်းမြို့ပါဝင်သော သပိတ်ကျင်းမြို့နယ်ကို အရှေ့ဘက်မှ TNLA နှင့် မဟာမိတ်တပ်များ (မိုးကုတ်ဗျူဟာ၊ မိုးကုတ်ပကဖ၊ PLA)၊ တောင်ဘက်မှ MDY-PDF၊ သပိတ်ကျင်းပကဖ၊ အမှတ် (၁) စစ်ဒေသနှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်ခဲ့ကြခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်းမှာပင် အမှတ် (၁) စစ်ဒေသ၏ တပ်ရင်းတပ်ဖွဲ့များက သပိတ်ကျင်းမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ရရှိကြောင်းကြေညာခဲ့သည်။
နှစ်လယ်ခန့်တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ထိုးစစ်ကို တော်လှန်ရေးတပ်များဘက်က ရပ်တန့်လိုက် ချိန်၌ မတ္တရာမြို့နယ်၏ ၃ ပုံ ၂ ပုံခန့်၊ မြို့အပါအဝင် စဉ့်ကူးတစ်မြို့နယ်လုံး၊ သပိတ်ကျင်းမြို့ပေါ်နှင့် နေရာအများစုကို တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။
NUG က မြို့ကို သိမ်းပိုက်နိုင်ကြောင်း ကြေညာခဲ့သော်လည်း သပိတ်ကျင်းမြို့နယ်တွင်း အခြေစိုက်ထား သည့် ၇ မိုင် အောင်ချမ်းသာရွာရှိ အမှတ်(၂) စစ်ပညာအခြေခံသင်တန်းကျောင်း၊ ကျောက်ကြီးကျေးရွာရှိ နည်းပညာတပ်နှင့်တွင်းငယ်ကျေးရွာအနီးရှိ တကက (၁၃) ခေါ် အမှတ်(၁၃) တပ်မတော်တန်းမြင့်လေ့ကျင့် ရေးကျောင်း စသည့် အခြေစိုက်တပ်စခန်း ၃ ခုကို မသိမ်းယူနိုင်ခဲ့ပေ။
စစ်ဆင်ရေးရပ်နားလိုက်သည့် တစ်နှစ်ဝန်းကျင်ကာလအတွင်း သပိတ်ကျင်းနယ်အတွင်း ကျန်ရှိသည့် အထက်ပါစစ်ကောင်စီတပ်များကို တော်လှန်ရေးအင်အားစုက ပိတ်ဆို့ထားခဲ့ကြသည်။
စစ်ကောင်စီလေတပ်က စစ်ကောင်စီလက်ကျန် ၃ တပ်၏ ထိန်းချုပ် နယ်မြေအတွင်း ထောက်ပံ့ပို့ဆောင် ရေးလုပ်ခဲ့သည်။ စစ်မှုထမ်းတပ်သားသစ်အများအပြားကိုလည်း ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ထို့နောက် တပ် ၃ တပ် ပေါင်း ခန့်မှန်း အင်အား ၂၀၀၀ နှင့် လုံလောက်သည့်ခဲယမ်းများရရှိပြီးနောက် ယမန်နှစ် နှစ်ကုန်မှ စတင်ကာ ပြန်လည် ထိုးဖောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ဇွန်လတွင် အမှတ် (၁) စစ်ဒေသ တပ်ရင်းများ၊ TRI ဗျူဟာ (အမှတ် ၁၂၂၂ တပ်ရင်း)၊ ပြင်ဦးလွင် ခရိုင် PDF တပ်ရင်းများနှင့် ပကဖတပ်များ စစ်ဆိုင်ထားသည့် ၇ မိုင်ကျေးရွာ အနောက်ဘက် စစ်မျက်နှာ ကို အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။
တစ်လဝန်းကျင်ခန့် ထိုးစစ်ဆင်ပြီးနောက် သပိတ်ကျင်းမြို့အရှေ့ဘက် ၄ မိုင်အကွာတွင် တည်ရှိသည့် ၄ မိုင် ကံသာရွာအထိ ရောက်လာခဲ့သည်။
စစ်ကောင်စီတပ်များ မြို့အရှေ့ဘက် ၄ မိုင်နားအထိ ရောက်ရှိခဲ့သည်ဆိုသော်လည်း ဖြတ်သန်းသွားခဲ့ သည့် ၆ မိုင် စခန်းသာ၊ ၄ မိုင်ကံသာရွာ တို့တွင် တော်လှန်ရေးတပ်များနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
သပိတ်ကျင်း-ဖော့တော ကားလမ်း မြောက်ဘက် ခြမ်းတွင် စစ်ကောင်စီတပ်များ၊ တောင်ဘက်ခြမ်းတွင် တော်လှန်ရေးတပ်များက တပ်ဆိုင်ထားခဲ့ကြ သည်။
မြို့နှင့်အနီးဆုံးဖြစ်သည့် ၄ မိုင်ရွာအထိ ရောက်သွားသည့် စစ်ကောင်စီတပ်မှာ ထိုလမ်းမှ ဝင်ရောက်သွား ခြင်းမဟုတ်ဘဲ၊ တောလမ်းများမှ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ဆို သည်။
စစ်ကောင်စီတပ်က ဇူလိုင် ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သပိတ်ကျင်းမြို့ပေါ်ကို မြို့မြောက်ဘက်ရှိ ကံပဲ့(ကဘဲ့ကြီး) ရွာဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး မြို့အရှေ့ခြမ်း ၄ မိုင်ဘက် မှ မဟုတ်ကြောင်း ပြောကြသည်။
မြေပြင်အင်အား ၃၀၀ ခန့် ဖြင့် ထိုးစစ်ဆင်သလို၊ အနီးရှိ တပ်ရင်းတပ်ဖွဲ့အားလုံး၏ ပြင်းထန်များပြားသည့် လက်နက်ကြီးပစ်ကူများ၊ FVP သို့မဟုတ် ကာမီကာဇေ ဟုခေါ်ကြသည့် အသေခံဒရုန်းများ၊ စစ်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုများဖြင့် ပစ်ကူရယူကာ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။
တိုက်ပွဲ ၅ နာရီခန့်အကြာ ည ၁၀ နာရီဝန်းကျင်ခန့်တွင် တော်လှန်ရေးတပ်များ ဆုတ်ခွာပေးလိုက်ရသည်ဟု သပိတ်ကျင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ခံတစ်ဦးက ဆိုသည်။
“တိုက်ပွဲက အပြင်းအထန်ကိုဖြစ်ခဲ့ပြီးတော့မှ ဒီလေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ အဓိကက ကျွန်တော့်တို့ရဲ့ ဂျမ်မာတွေကို ဂရုမစိုက်တဲ့ အသေခံဒရုန်းတွေကြောင့် ကျွန်တော်တို့ဘက်က မြို့ကို ခွာလိုက်ရတယ်” ဟု သူက ပြောသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်သို့ ဦးတည်ဆန်တက်နေသည့် စစ်သင်္ဘောအုပ်နှစ်ခုအနက် ဒုတိယ အုပ်စုသည် သပိတ်ကျင်းအနောက်ဘက်ကမ်းတွင် ခေတ္တရပ်နားပြီး စက်လှေ နှစ်စီးစာ ခဲယမ်းနှင့်ရိက္ခာဟု ယူဆရသည့် ပစ္စည်းများ ချထားခဲ့သေးသည်။
သပိတ်ကျင်းနယ်မှ စစ်ရေးရင်းမြစ်တစ်ဦးကလည်း လေကြောင်းပစ်ကူကြောင့် လက်လွှတ်လိုက်ရသည် ဟု ဆိုသည်။
“အဓိကကတော့ လေကြောင်းပစ်ကူပေါ့။ လေကြောင်းရယ် ဒီရေကြောင်းတက်လာတဲ့ အနေအထားရယ်၊ ဒီဘက်က တတက ၁၃ တွင်းငယ်ဘက်ကဟာတွေနဲ့ အဲဒီဘက်ကပိတ်ထားရာက ပွင့်သွားနိုင်တဲ့အတွက် သူတို့သာလွန်အင်အားပေါ့။ အဲဒါကြောင့်မို့လို့လည်း သပိတ်ကျင်းမြို့က ပါသွားတာပေါ့”ဟု ၎င်းက ပြောသည်။

ဆုတ်ခွာရခြင်း
စစ်ကောင်စီလက်ကျန်တပ်များ ကျန်ခဲ့ခြင်း၊ တော်လှန်ရေးအင်အားစုက မတ္တရာဘက်တွင် အင်အားများ စုပြုံထားခြင်းတို့ကြောင့် သပိတ်ကျင်းကို လက်လွှတ်ဆုံးရှုံးရခြင်းဖြစ်သည်ဟု ရဲဘော် နီနီကျော်က ထောက်ပြသည်။
“ဒီသပိတ်ကျင်းနယ်ထဲကတပ်တွေကို အကုန်ကုန်အောင်တိုက်ပြီးတော့မှ သပိတ်ကျင်းကို သိမ်းလိုက် မယ်။ သပိတ်ကျင်းပြီးတော့ တကောင်းကိုသိမ်းလိုက်မယ်။ ပြီးတော့မှ မတ္တရာတို့ဘာတို့ကို ဆင်းသွားမယ် ဆိုရင် ဒီတပ် (လက်ကျန်တပ်)တွေက အသေဖြစ်အောင် ထိန်းချုပ်ထားပြီးပြီဆိုရင် သပိတ်ကျင်းလည်း ခုလိုပြန်ပါသွားမှာမဟုတ်ဘူး” ဟု သူက ဆိုသည်။
သပိတ်ကျင်းရပြီးနောက် မတ္တရာဘက်တွင် တော်လှန်ရေးတပ်များ အင်အားစုပုံကာ တိုက်ခိုက်နေချိန် သပိတ်ကျင်းတွင် စစ်တပ်က အင်အားဖြည့်ခဲ့ကြောင်း သူက ပြောသည်။
“ သပိတ်ကျင်းဆိုတာကရပ်ကွက်နှစ်ခုလောက်ပဲရှိတဲ့နေရာလို့သိရတယ်။ နောက်… တကောင်း ဆိုတာလဲ အိမ်ခြေ ၁၅၀၀ ကျော် တွင်းငယ် (ရွာ)သာသာပေါ့နော် ။ အဲလိုနေရာမျိုးတွေကို သိမ်းလိုက်တယ်ဆိုတော့ မတ္တရာဘက်ကို အင်အားအများစုက တိုက်တယ်ဆိုတော့ ဒီအနောက်ဖက် (သပိတ်ကျင်း) မှာက တပ် အင်အား သိပ်မရှိတဲ့အခါကြတော့ ရန်သူက သိတော့ နဂို မိုးမိတ်တို့ မိုးကုတ်တို့က ထွက်ပြေးတဲ့သူတွေက အဲ့တပ်တွေထဲမှာ ဝင်ပုန်းနေတာရှိတယ်။ နောက်ထပ်သူတို့က လေယာဥ်တွေနဲ့စစ်ကူတွေလာပြီးတော့ ချတယ်။ အဲဒီအပေါ်မှာဒီကောင်တွေက အချိန်တွေကြာလာတော့ အားတွေစုပြီး ပြန်တိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။
သပိတ်ကျင်းနယ်အတွင်း PLA အပါအဝင် TNLA တပ်များ၊ MDY-PDF ၊ ကျောင်းသားတပ် (ABSDF)၊ ကချင်တပ် (KIA) နှင့် မိုးကုတ်ဗျူဟာပူးပေါင်းတပ်များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ တကယ်လို့သာ ဒီသပိတ်ကျင်းနယ်ထဲမှာရှိတဲ့တပ်တွေကို ကျွန်မတို့ PLA တိုက်နေတဲ့အချိန်မှာ တအာင်း (TNLA) တွေ တိုက်နေတဲ့အချိန်မှာအကုန်လုံးပေါ့နော် ပူးပေါင်းပြီးတော့ လက်နက်အင်အား၊ လူအင်အား တောင့်တောင့်တင်းတင်းနဲ့တိုက်ပြီးတော့ သိမ်းနိုင်ခဲ့မယ်ဆိုရင် သပိတ်ကျင်းလည်း ရန်သူ့နောက်ကို ပါ သွားစရာမရှိဘူး။ ဒီဘက်တပ်တွေတော့ မတိုက်ဘဲ အရှေ့ဘက်တွေ အလံသွားစိုက်ပြီး တိုက်လိုက်တဲ့ ဟာက အခုတော့ ရန်သူက အကုန်သိမ်းသွားတာမျိုးဖြစ်နေတာပေါ့”
လက်နက်အင်အားမှာ စစ်ကောင်စီဘက်တွင် ပိုမို အားကောင်းသည်ဟု သူက ထောက်ပြသည်။
“လက်နက်ခဲယမ်းအင်အားက ကျွန်မတို့မှာလည်း အခက်အခဲရှိတော့၊ အကူအညီတွေရတာ နည်းတော့ ကျွန်မတို့မှာလည်း ရေရှည်ကာနိုင်ဖို့အခက်အခဲတွေရှိတာပေါ့နော်။ ဒါပေမဲ့ အစွမ်းကုန် ကာနေတယ်။ အခုလည်း ကျောက်ကြီးတို့ ၇ မိုင်တို့ဘက်တွေမှာ တိုက်နေတုန်းပဲ။ တွင်းငယ်ဘက်မှာလည်း ကျွန်မတို့ပါနေတုန်းပဲ”
သပိတ်ကျင်းမြို့နယ်မြောက်ပိုင်းတွင် ထီးချိုင့်၊ အရှေ့ဘက်တွင် တအာင်းတပ် (TNLA) သိမ်းထားသည့် မိုးကုတ်၊ မိုးမိတ်၊ တောင်ဘက်တွင် စဉ့်ကူး၊ မြစ်တစ်ဖက်ကမ်း အနောက်ဘက်တွင် လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်း ကန့်ဘလူ ၊ ခင်ဦးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
မြို့တောင်ဘက်ရှိ စဉ့်ကူးမြို့နယ်ကို MDY PDF နှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားပြီး ဖြစ် သလို မြို့အရှေ့ဘက်ရှိ မိုးကုတ်မြို့နယ်နှင့်မိုးမိတ်မြို့နယ်ကိုလည်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်ထားသည်။ မိုးမိတ်အထက်ဘက် မဘိမ်းမြို့နယ်ကို KIA က သိမ်းထား သည်။
သပိတ်ကျင်းမြို့နှင့်ကပ်လျက်ရှိ တကောင်းမြို့ကိုလည်း တော်လှန်ရေးအင်အားစုက သိမ်းပိုက်ထား သဖြင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတစ်ခုလုံး တော်လှန်ရေးအင်အားစုဘက်မှ စိုးမိုးနယ်မြေ ဖြစ်လာပြီး တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် စစ်ကောင်စီ ထိန်းချုပ်မြို့အနည်းငယ်သာကျန်သည့် ရှမ်းပြည်မြောက်ပိုင်းတို့ နယ်မြေတစ်ဆက်တည်း တည်ရှိခဲ့သည်။
မန္တလေးမြို့နှင့် မိုင် ၈၀ ကျော်အကွာ ရွှေတွင်းများကြောင့်နာမည်ကျော်သည့် သပိတ်ကျင်းကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း NUG က ယနေ့ ဇူလိုင် ၂၅ ရက်နေ့အချိန်အထိ တရားဝင်မထုတ်ပြန်သေးပေ။
NUG သိမ်းထားသည့် မြို့များအနက် ကောလင်းနှင့် သပိတ်ကျင်းမြို့ကို လက်လွှတ်လိုက်ရသော်လည်း စစ်ကိုင်းတိုင်းအတွင်းမှ မြို့သစ်၊ ခမ်းပတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့၊ မန္တလေးတိုင်းအတွင်း တကောင်းမြို့၊ စဉ့်ကူးမြို့တို့ကို သိမ်းထားဆဲဖြစ်သည်။




