ဆောင်းပါးအတွေးအမြင်

စစ်ကောင်စီ နှင့် စစ်ကော်မရှင်မှ စစ်ဒီမိုကရေစီ ရွေးကောက်ပွဲသို့

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ​​စစ်တပ်ဆက်လက်ကြီးစိုးနိုင်ရန် စီမံ၊ ဆိုးရွားသည့်ဥပဒေများ ပြဋ္ဌာန်းကာ “စစ်ဒီမိုကရေစီ”ကို ဖော်ဆောင်လျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဦးဆောင်ပြီး လွန်ခဲ့သော လေးနှစ်ခွဲလုံးလုံး စစ်ရာဇဝတ်မှုပေါင်းများစွာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) အမည်ဖြင့် ကျူးလွန်ထားသော မင်းအောင်လှိုင်သည် ၎င်းတို့အဖွဲ့၏ အမည်ကို   စစ်ကော်မရှင်ဟု  ပြောင်းလဲလိုက်ပြီး သမိုင်းစာမျက်နှာအသစ် စတင်လိုက်ပြီဟု ဇူလိုင်လ ၃၁ ရက်နေ့က ကြွေးကြော်ခဲ့သည်။ 

မြန်မာ့လူ့အဖွဲ့အစည်းက သမိုင်းစာမျက်နှာအဟောင်းများကို မေ့လွယ်တတ်သော ဗီဇအားနည်းချက် ရှိကြောင်း ကောင်းစွာသိထားသော မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက်သည် စစ်ကောင်စီကို အတိတ်တွင် ချန်ထားလိုက်ပြီး၊ အချိန်ကာလ၏ တိုက်စားမှုနှင့်အတူ ၎င်း၏ တည်ရှိခဲ့မှုနှင့် ၎င်းကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို မေ့ပျောက်သွားကြလိမ့်မည်ဟု ယုံကြည်တွက်ဆထားကြ ပါလိမ့်မည်။

မဝေးလှသေးသော အတိတ်သမိုင်းတွင် ထိုကဲ့သို့ အတွေ့အကြုံမျိုးကို အာဏာရှင်ဟောင်း သန်းရွှေက ၎င်း၏ တပည့် မင်းအောင်လှိုင်ကို လမ်းပြထားခဲ့ပြီ မဟုတ်ပါလား။ ၂၀၁၁ ခုနှစ် မတ်လတွင် “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” (နအဖ) ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ဖူးသည်ကို ပြည်သူများလည်း ကြုံတွေ့ဖူးပြီး ဖြစ်သည်။ 

နအဖ ကဲ့သို့ စစ်ကောင်စီကို မေ့ပျောက်လွယ်နိုင်သလား

ထိုဖြစ်စဉ်တွင် နိုင်ငံကို ၂၂ နှစ်ကျော် အုပ်ချုပ်ခဲ့၊ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သော ယခင် စစ်ဗိုလ်ချုပ်များက နအဖ အဖွဲ့ကြီး၏ သမိုင်းစာမျက်နှာကို ကြေညာချက်တစ်စောင်ဖြင့် ပိတ်သိမ်းလိုက်သည်၊ ထို့နောက် နအဖ စစ်ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ဦးဆောင်ဖွဲ့စည်းလိုက်သည့် အစိုးရသစ်က နှစ်ပေါင်းများစွာ လှောင်အိမ်ထဲထည့်သွင်း ဖိနှိပ်ထားသော ပြည်သူများကို မစို့မပို့ အခွင့်အရေးတချို့ နေ့ချင်းညချင်း ဖွင့်ပေးလိုက်ရာ နအဖ စစ်အစိုးရ လုပ်ရပ်များကို မြန်မာပြည်သူတို့ အလျင်အမြန် မေ့လျော့သွားခဲ့ကြသည်။ သန်းရွှေနှင့် စစ်ဗိုလ်တစ်သိုက်မှာ ထိုဖြစ်ရပ်များကို နေပြည်တော်ရှိ ကြီးကျယ်ခမ်းနားသော စံအိမ်တော်အသီးသီးတွင် နေထိုင်ပြီး ပြုံးလျက်သား ကြည့်ရှုကျေနပ်နေကြမည်မှာ မလွဲဧကန်ဖြစ်သည်။

မမေ့နိုင်ကြသူများက မိသားစုဘဝများ ပျက်စီးခံပြီး၊ နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နှစ်ရှည်ထောင် ဒဏ်များဖြင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသော လက်တစ်ဆုပ်စာ ဒီမိုကရေစီ နိုင်ငံရေးသမားများ ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်  ဒီမိုကရေစီနိုင်ငံရေးသမား များကို အမှန်တကယ်ထောက်ခံသည့် ပြည်သူအနည်းစုပါဟု စစ်ဗိုလ်ချုပ်အဆက်ဆက်က ပြောခဲ့ကြသည်မှာ အဓိပ္ပာယ်ရှိသည်။

ထိုပြောဆိုမှုမျိုး ကြားရတိုင်း ဒီမိုကရေစီ နိုင်ငံရေးသမားများက လှောင်ပြောင်လိုက်ကြသည်။ သို့သော် စစ်ဗိုလ် အသိုက်အဝန်းတွင် ၎င်းတို့ဖွင့်ဆိုထားသော ကိုယ်ပိုင်အဓိပ္ပာယ် ရှိနေဟန်တူသည်။ ၁၉၆၂ ခုနှစ် ကတည်းက စစ်ဗိုလ်ချုပ်များသည် မြန်မာပြည်သူများ၏ “ကောက်ရိုးမီး” သဖွယ် မေ့ပျောက်လွယ်သော အားနည်းချက်ကို ကောင်းစွာ သိရှိ ထားကြသူများ မဟုတ်ပါလား။ ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ၁၉၉၅ ခုနှစ် ကာလများအတွင်း ၎င်း၏ နေအိမ်ခြံရှေ့ လူထုတွေ့ဆုံပွဲများအတွင်း “ကောက်ရိုးမီး” ဥပမာဖြင့် ၎င်းအားထောက်ခံကြသော ပြည်သူများကို သတိပေး မေးခွန်းထုတ်ခဲ့ဖူးသည် မဟုတ်ပါလား။

အမိန့်ပေး စစ်တပ်နှင့် အမိန့်နာခံရသော ပြည်သူ  

မြန်မာစစ်တပ်တွင် တိုင်းပြည်ကို အုပ်ချုပ်နိုင်သော ခေတ်မီစွမ်းရည်များ ရှိရန် မလိုအပ်ပါ။ ပြည်သူကို ရက်စက်ပြ၊ ပို၍ ရက်စက်ပြ၊ လိုအပ်ရင် အစွန်းကုန် ရက်စက်ပြလိုက်ပါ။ သူတို့ ငြိမ်ဝပ်ပိပြား သွားပါလိမ့်မည်။ ပြီးလျှင် ၎င်းတို့ စေခိုင်းသည့်အတိုင်း နာခံစွာ နေထိုင်သွားကြပါလိမ့်မည်။ ထိုကဲ့သို့ နေထိုင်ကြသော ပြည်သူများကို စစ်ဗိုလ်ချုပ်များက ၎င်းတို့ကို ထောက်ခံသော ပြည်သူများဟု အဓိပ္ပာယ်ဖွင့်ဆို နေကြခြင်း ဖြစ်သည်။ 

အကြောင်းမှာ စစ်တပ်သည် အမိန့်ပေးခြင်းဆိုသည့် တစ်ခုတည်းသော အတတ်ပညာကိုသာ တတ်ပြီး၊ ထိုအမိန့်ကို နာခံသူ မှန်သမျှ ၎င်းတို့ကို ထောက်ခံသူများ ဟု သတ်မှတ်ခြင်း ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ၏ ထိုအတွေးအခေါ် လုံးဝမှားယွင်းသည်ဟု မဆိုသာပေ။ ၎င်းတို့၏အမိန့်ကို နာခံ၍ ထိုအတိုင်းနေထိုင်ကြသော ပြည်သူများဖက်က မည်သို့သော ဆင်ခြေများရှိစေကာမူ စစ်ဗိုလ်ချုပ်များ ဂရုမစိုက်ပေ။ လိုရင်းမှာ အမိန့်နာခံတတ်ရန်သာ ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရာစုနှစ် တစ်ဝက်ကျော် သိမ်းပိုက်ထားသော အာဏာကို ၎င်းတို့၏ ရန်သူတော်ထံ ပထမဆုံးအကြိမ် လက်လွှတ်ဆုံးရှုံးလိုက်ရသည့်အခါ၊ အာဏာပြန်လည်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို “ဒီမိုကရေစီ အာဏာရှင်” ဟု စစ်ဗိုလ်ချုပ်များက မီးစမွှေး စတင်ခေါ်ဝေါ် သမုတ်ခဲ့ပြီး၊ ဒီမိုကရေစီ နိုင်ငံရေးသမား အချင်းချင်း အိုးမဲသုတ် တိုက်ခိုက်ခိုင်းခဲ့ရာ အလွန်ထိရောက်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူများ၏ ချစ်ခင်မှု၊ လေးစားမှု၊ ထောက်ခံမှုများကို ဖျက်ဆီးရန် ခက်ခဲကြောင်း စစ်ဗိုလ်ချုပ်များ ကောင်းစွာသိသည်။ ထို့ကြောင့် ၎င်းတို့၏ပစ်မှတ်သည် ရွေးကောက်ပွဲတွင် မဲရှုံးပြီး အာဏာမရခဲ့ သော ဒီမိုကရေစီနိုင်ငံရေးသမားများ၏ အာဏာလိုချင်သော အတ္တစိတ်ကို နှိုးဆွပေးရုံမျှဖြင့် ၎င်းတို့အချင်းချင်း ပြန်လည်တိုက်ခိုက်ရန်ကိုသာ ဦးတည်ချက် ထားခဲ့ခြင်းဖြစ်သည်။ ထိုနည်းဖြင့် ပြည်သူအများစုအကြား အာရုံထွေပြား အောင် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဒီမိုကရေစီစနစ်၏ အမှောင်ဖက်ခြမ်းကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။

မင်းအောင်လှိုင်သည် လွတ်လပ်ရေးရပြီးနောက် ပါလီမန် ဒီမိုကရေစီခေတ် အကွဲအပြဲများကို အာဏာမသိမ်းမီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တတ်ရောက်မိန့်ခွန်းပြောကြားမှုများထဲတွင် မကြာခဏ ရည်ညွန်းထုတ်ဖော် ပြောဆိုလေ့ ရှိသည်ကို သတိထားမိကြပါလိမ့်မည်။ ထိုအချက်က ဖော်ညွှန်းနေသည်မှာ စစ်ဗိုလ်ချုပ်များသည် ဒီမိုကရေစီ၏ အားနည်းချက်များကို မည်ကဲ့သို့ ထိရောက်စွာအသုံးချရမည်ကို ကောင်းစွာလေ့လာထားပြီး၊ ထိရောက်စွာ အသုံးချ ခဲ့သည်ကို ယခင် နိုင်ငံရေးအကူးအပြောင်းကာလ ဆယ်စုနှစ်အတွင်း လေ့လာတွေ့ရှိရသည်။ 

ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဒီမိုကရေစီနိုင်ငံရေးသမားများ ဝိုင်းဝန်း ထိုးနှက်တိုက်ခိုက်မှုတွေအကြား နအဖ ခေတ် ဖိနှိပ်ရက်စက်မှုများက လုံးဝနစ်မြုပ် ပျောက်ဆုံးသွားခဲ့ပြီ၊ မည်သူကမျှ သတိတရ မရှိတော့ခြင်းမှာ စစ်တပ် ၏ တိတ်တဆိတ်အောင်ပွဲ (Silent Victory) ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် ကတည်းက ကျင့်သုံးလာသော ပြည်သူများ၏ မေ့လွယ်မေ့ပျောက်မှု အားနည်းချက်ကို ၎င်းတို့ကျွမ်းကျင်သော စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းများဖြင့် ပေါင်းစပ် ပြီး စစ်ဗိုလ်ချုပ်များ ကောင်းစွာ အသုံးချသွားခဲ့ကြသည် မဟုတ်ပါလား။  

စစ်ကော်မရှင်၏ စစ်ဒီမိုကရေစီ စနစ်သို့

ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြည်သူများက ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး၊ စစ်တပ်က လမ်းခင်းပေးခဲ့ကြောင်း စောမောင်၊ သန်းရွှေ၊ မင်းအောင်လှိုင် စစ်ခေါင်းဆောင် အဆက်ဆက် ကြက်တူရွေး စာအံသလို ပြောဆိုခဲ့ကြသည်။ သို့သော် အာဏာရှင်ဟောင်း သန်းရွှေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် “စည်းကမ်းပြည့်ဝသော” ဒီမိုကရေစီ ဟု ဘောင်သွင်းခဲ့ပြီး “စစ်ဒီမိုကရေစီ” (Military Democracy) ကို ကျင့်သုံးရန် ဦးတည်ခဲ့သည်။

စစ်ဒီမိုကရေစီကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် အာဏာအစစ်အမှန်သည် စစ်တပ်တွင်သာ တည်ရှိပြီး၊ စစ်တပ်တည်ထောင်ထားသော ပါတီကသာ ရွေးကောက်ပွဲတိုင်း အနိုင်ရသည့် စနစ်မျိုး ဖြစ်သည်။ ထို့အတွက် သန်းရွှေသည် ၂၀၀၈ ခြေ/ဥ ကို နှစ်ပေါင်းများစွာ အချိန်ယူ စိတ်တိုင်းကျရေးဆွဲခဲ့ပြီး ထိုစနစ်ကို အသက်သွင်းပေးခဲ့ သည်။ ပြီးနောက် မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်မျိုးဆက်သစ်လက်ထဲ စစ်တပ်ကိုလက်လွှဲခဲ့ပြီး စိတ်ချလက်ချ အနားယူခဲ့သည်။ 

သို့သော် ကံအကြောင်းမလှစွာပင် သန်းရွှေသည် ၎င်းကိုယ်တိုင် အတွေ့အကြုံမရှိသော၊ တွက်ဆနိုင်စွမ်းမရှိသော ရွေးကောက်ပွဲစနစ် အားနည်းချက်များကို မမှန်းဆနိုင်ဘဲ ၂၀၀၈ ခြေ/ဥတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားရုံမျှဖြင့် လုံလောက်ပြီဟု အတွက်အချက်မှားယွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူထုထောက်ခံမှု ဆူနာမီလှိုင်းများ ထိုစနစ်ကို ဖြိုချကျော်လွှားပြီး အာဏာရယူပြခဲ့ရာ စစ်ခေါင်းဆောင်အားလုံး အငိုက်မိသွားကြသည်။    

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းမှုသည် အာဏာရှင်ဟောင်း သန်းရွှေ၏ အားနည်းချက်ကို ပြန်လည်ပြင်ဆင်ရေး လုပ်ရပ်သာ ဖြစ်သည်။ တနည်းအားဖြင့် မင်းအောင်လှိုင်သည် စစ်တပ်၏ အာဏာထိန်းချုပ်မှု ခိုင်မာစေရန် ပြန်လည်ပြင်ဆင်ရေး အာဏာရှင် (Reformist Dictator) အဖြစ် ခံယူပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲစာရင်းမှားခြင်းကြောင့် အာဏာသိမ်းခဲ့ရခြင်း ဆိုသည်မှာ ၎င်း၏ဆရာသမားများဖြစ်သော အာဏာရှင်ဟောင်း နေဝင်းနှင့် သန်းရွှေတို့၏ လမ်းစဉ်အတိုင်း အာဏာသိမ်းရန် အကြောင်းပြချက် ပေးခြင်းသာ ဖြစ်သည်။

ဇူလိုင်လ ၃၁ ရက်နေ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ခဲ့သော အမိန့်အမှတ် (၁/၂၀၂၁) ဖြင့် ၎င်းအား အာဏာသုံးရပ်လုံး လွှဲအပ်ပြီး စစ်အုပ်ချုပ်ရေးဆောင်ရွက်စေခဲ့ခြင်းနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် “တာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုချက်ကို ပြည်သူများ ကြားရသည့်အခါ ရယ်မောကြပါလိမ့်မည်။

သို့သော် စစ်ခေါင်းဆောင် ပြောဆိုခဲ့သော အဓိပ္ပာယ်မှာ (၁) စစ်တပ် မည်သို့မျှ အနိုင်မယူနိုင်သော ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခြေမှုန်းဖျက်ဆီးပစ်နိုင်ခဲ့ခြင်း၊ (၂) စစ်တပ်ပါတီ၏ လက်ထဲတွင်သာ အာဏာတည်မြဲရေး သေချာခိုင်မာသော အီလက်ထရောနစ် မဲပေးခြင်းအပါအဝင် ရွေးကောက်ပွဲစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲခဲ့ခြင်း၊ (၃) စစ်တပ်ကို ဆန့်ကျင်မည့် အရပ်သားနိုင်ငံရေးပါတီများကို ကောင်းစွာထိန်းချုပ် မည့် တင်းကျပ်သော ဥပဒေများ ပြဋ္ဌာန်းပြီး ဖြစ်ခြင်းတို့ကို ရည်ညွန်းခြင်း ဖြစ်သည်။ 

လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တော်လှန်ရေးကို မင်းအောင်လှိုင်က ၁၉၄၈ ခုနှစ်ကတည်းက တည်ရှိလာသော ပြဿနာ၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ရောထွေးသတ်မှတ်လိုက်ပြီး၊ စစ်တပ်၏ အာဏာခိုင်မြဲစေမည့် စစ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်လာခြင်း ဖြစ်သည်။

သို့သော် မင်းအောင်လှိုင်အတွက် အရေးကြီးဆုံး လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ရပ် ကျန်ရှိနေပါသေးသည်။ ယင်း မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သည်၊ ထိုအာဏာသိမ်းမှုတွင် ပါဝင်ခဲ့သော ၎င်းကိုယ်တိုင်နှင့် စစ်ကောင်စီ၊ စစ်ကော်မရှင် အဖွဲ့ဝင်အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးရမည်ဟူသော ဥပဒေတစ်ရပ်ပြဋ္ဌာန်းရေး ဖြစ်သည်။ 

ထိုဥပဒေကို ၎င်း၏ဆရာသမား အာဏာရှင်ဟောင်း သန်းရွှေခြေရာအတိုင်း ရွေးကောက်ပွဲအပြီး အာဏာ အလွှဲ အပြောင်းမပြုလုပ်မီ ပြဋ္ဌာန်းလာပါလိမ့်မည်။ သို့သော် သန်းရွှေနှင့် ကွာခြားချက်တစ်ခု ရှိသည်။  စစ်တပ်က မည်သည့်ရွေးကောက်ခံအစိုးရကိုမဆို ၂၀၀၈ ခြေ/ဥ  ဖောက်ဖျက်မှု အကြောင်းပြချက်ဖြင့် တရားဝင်ဖြုတ်ချ အာဏာသိမ်းပိုင်ခွင့်ရှိသည် ဟူသော အစဉ်အလာကို မင်းအောင်လှိုင် ထူထောင်နိုင်ပြီဆိုလျှင် ယင်းသည် စစ်တပ်၏ ရာသက်ပန် အာဏာထိန်းချုပ်ရေး အစီအမံ ပြီးမြောက်အောင်မြင်ပြီ ဖြစ်ပြီး၊ ၎င်း၏ အမြင့်မားဆုံး အောင်မြင်မှုလည်း ဖြစ်သည်။ 

သို့သော် ပြည်သူများအတွက် “စစ်ဒီမိုကရေစီ” စနစ်အောက် ရာသက်ပန် ရောက်ရှိသွားခြင်း ဖြစ်ပေသတည်း။ အချိန်ကြာသွားလျှင် ဒီမိုကရေစီစစ်စစ်ကို မေ့လျော့သွားပြီး၊ စစ်ဒီမိုကရေစီနှင့် အသားကျသွားလိမ့်မည် ဟု စစ်ဗိုလ် ချုပ်များ ယုံကြည်တွက်ဆထားမည်မှာလည်း မလွဲဧကန် ဖြစ်သည်။

Related Articles

Back to top button