စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ပစ်ခတ်၊ ဗုံးကြဲသံများ ဆက်တိုက် ထွက်ပေါ်နေစဉ် မြန်မာ့ရေပေါ် ကမ္ဘာဟု တင်စားကြသည့် အင်းလေးကန်သည် ရှမ်းတောင်တန်းများကြား တိတ်ဆိတ်စွာပင် ငြိမ်သက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်သွားမည့် အရေး လျစ်လျူရှုခံထားရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ကြား ညောင်ရွှေချိုင့်ဝှမ်းကြီး၏အလယ်၊ အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည့်အင်းလေးကန်သည် စတုရန်းမိုင် ၄၅ မိုင်ခန့် ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၀ တွင် တည်ရှိသည်။
စိမ်းစိုအုံ့မှိုင်းသည့် ရှမ်းတောင်တန်းများကြားမှ ကြည်လင်သောကောင်းကင်ကဲ့သို့ မိုးပြာရောင် ရေပြင်ကျယ်ကြီး ဖုံးလွှမ်းထားပြီး ပြည်တွင်းပြည်ပ ခရီးသည်များကို ဆွဲဆောင်နိုင်သည့် အလှတရားကို ပိုင်ဆိုင်ထားသည်။
ရေပေါ် တဲအိမ်ဆောက်၍ သီးနှံစိုက်ပျိုးလုပ်ကိုင်ပြီး လှေကိုခြေထောက်ဖြင့် လှော်သည့် အင်းသားတို့၏ ရေပေါ်ဘ၀မှာ ထင်ရှားသည်။ သာယာလှပပြီး ဂေဟစနစ် ကောင်းများကြောင့် ဇီ၀မျိုးစုံ မျိုးကွဲများ ကျက်စားရာ နေရာလည်းဖြစ်ရာ ထိုထူးခြားချက်တို့မှာ အင်းလေးကန်၏ အလှတရားနှင့် တန်ဖိုးများဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်းမတည်ငြိမ်မှုနှင့် ပဋိပက္ခများကြောင့် အင်းလေးကန်၏ အလှတရားများကို ထိန်းသိမ်းနိုင်မည့်အရေး အလှမ်းဝေးသွားတော့သည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောပြုန်းတီးမှု၊ ရွှေ့ပြောင်းတောင်ယာ ချဲ့ထွင်မှုတို့ကြောင့် ကန်အတွင်း နုန်းပို့ချမှုများလာခြင်း၊ ရေကြီးရေလျှံမှုနှင့် ငလျင်ကဲ့သို့ သဘာ၀ဘေးများက အင်းလေးကန် တိမ်မြုပ်ပျောက်ကွယ်သွားရန် ခြိမ်းခြောက်နေသည်။ ခရီးသွားလုပ်ငန်းလည်း ရပ်ဆိုင်းသွားရာ ဒေသခံတို့မှာ ပြောင်းလဲသွားသော အခြေအနေများတွင် ဆက်လက် ရှင်သန်ရန် ရုန်းကန်နေကြရသည်။
စိုးရိမ်ဖွယ်ရာ အင်းလေး၏အနာဂတ်
လွန်ခဲ့သော နှစ် ၃၀ ခန့်က ကန်ရေပြင်မှာ ကြည်လင်လှသည်ဟု အသက် ၆၀ အရွယ် အင်းသားကြီး ဦးမျိုးမြင့်က ဝမ်းနည်းစွာပြောပြသည်။ ကန်ရေ အရည်အသွေး ပြောင်းလဲမှုသည် ကန်ပတ်လည်ရှိ တောင်တန်းများမှ သစ်တောပြုန်းတီးမှုနှင့် ရွှေ့ပြောင်းတောင်ယာတိုးချဲ့မှု မြင့်တက် လာခြင်းတို့ကြောင့် နုန်းပို့ချမှုများ လာခြင်းတို့နှင့် ဆက်စပ်နေသည်။
“အင်းလေးကန်ရဲ့ရေက အခုဆိုရင် မကြည်တော့ဘူး၊ ရွံ့ရောင်ပြောင်းနေပြီ။ အရင်တုန်းက မိုးရွာလို့ ရေတက်လာရင်တောင် ရေအကြည်လေးတွေပဲ တက်လာတာ” ဟု အင်းလေးကန်အတွင်း ရေပေါ်တဲ ဆောက်နေထိုင်သည့် ဦးမျိုးမြင့်က ဆိုသည်။
အင်းလေးကန်သည် အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ)၏ ယဉ်ကျေးမှုအမွေအနှစ် ဥယျာဉ်တစ်ခုအဖြစ် ၂၀၀၃ ခုနှစ်တွင် သတ်မှတ်ခံထားရသည်။ အင်းလေးကန်အတွင်း ရှားပါးငါးမျိုးစိတ်များ၊ ရွှေ့ပြောင်းငှက်များနှင့် အခြားရေနေသတ္တဝါများ ကျက်စားရာနေရာဖြစ်၍ ယူနက်စကို ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းက မြန်မာ့ပထမဆုံးသော ဇီဝနယ်မြေကြိုးဝိုင်း (Biosphere Reserve) အဖြစ် ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သည်။
အင်းလေးဒေသတွင် ရေပေါ် စိုက်ခင်း (ခေါ်) ကျွန်းမျောစိုက်ခင်းများဖြင့် ခရမ်းချဉ်သီးနှင့် စပါးစိုက်ပျိုးခြင်း၊ ငါးဖမ်းလုပ်ငန်းတို့ကို အမှီပြုအသက်မွေးကြသူပေါင်း ၁၈၀,၀၀၀ ကျော်ရှိသည်။ ကျေးရွာ ပေါင်း ၄၀၀ ကျော်ဖြင့် အင်းလေးဒေသကို ဖွဲ့စည်းထားပြီး ထိုကျေးရွာများတွင် အင်းသားလူမျိုး အပြင် ရှမ်း၊ ပအိုဝ့်၊ ဓနု အစရှိသည့် လူမျိုးများလည်း နေထိုင်ကြသည်။

အင်းလေးဒေသ၏ အစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်သော ဖောင်တော်ဦးဘုရား ပွဲတော်မြင်ကွင်း။ (ဓာတ်ပုံ – SAI AUNG MAIN /AFP)
အင်းလေးကန်တွင် ၁၉၉၂ ခုနှစ်၌ ရေကြီးရေလျှံ တစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အတွင်း ရာဂီမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးမှု ထပ်ဖြစ်ပွားခဲ့သည်။ ထိုရေကြီးမှုသည် အင်းလေးဒေသအတွက် ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော် အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်လာသည်။
အင်းလေးဒေသရှိ ကျေးရွာ ၄၀၀ ကျော်မှ ၁၈၀ ခန့် ရေဘေးသင့်ခဲ့ပြီး ဒေသခံ သောင်းနှင့်ချီ ရေ ဘေးဒုက္ခသည်ဖြစ်ခဲ့သည်။ နေအိမ်နှင့် မရိတ်သိမ်းလိုက်ရသော သီးနှံစိုက်ခင်း အများအပြားလည်း ပျက်စီး ဆုံးရှုံးခဲ့သည်။
ရေကြီးစဉ်က ကန်ရေမြင့်တက်လာမှုသည် အနည်းဆုံး အမြင့် ခြောက်ပေကျော်အထိရှိခဲ့ပြီး ကျေးရွာများမှ တစ်ထပ်နေအိမ် အများစု နစ်မြုပ်ခဲ့သည်၊ နှစ်ထပ်အိမ်များမှာ အောက်ထပ် တစ်ထပ်လုံး နစ်မြုပ်ခဲ့သည်ဟု အင်းသားကြီး ဦးမျိုးမြင့်က ပြန်ပြောပြသည်။
“အင်းလေးကန်က အခုနှစ်ပိုင်းတွေမှာ ရေကြီးမှု ခဏခဏဖြစ်လာတယ်၊ ဒီလိုဖြစ်တာကလည်း လူတွေကြောင့်ပဲ။ နောင်တစ်ချိန်မှာ အင်းလေးကန်ကြီးက နုန်းတွေ ပြည့်နေတဲ့ ကန်တစ်ခု ဖြစ်သွား လိမ့်မယ်” ဟုလည်း သူက စိုးရိမ်ကြီးပြောသည်။
လွန်ခဲ့သည့် နှစ်များအတွင်း အင်းလေးကန်သည် ပြည်တွင်းပြည်ပ ခရီးသွားများကြား အထူးစိတ်ဝင်စားမှုမြင့်တက်လာ၍ ဒေသ၏ ခရီးသွားလုပ်ငန်းတိုးတက်လာခြင်းနှင့်အတူ ရွှေ့ပြောင်း နေထိုင်သူ ဦးရေ များပြားလာသည်။ တောင်ယာစိုက်ခင်း ချဲ့ထွင်မှုနှင့် သစ်ခုတ်မှုလည်း မြင့်တက်လာသည်။ ဟိုတယ် လုပ်ငန်းများ တည်ဆောက်ခြင်း အပါအဝင် အင်းလေးကန်ကို အမှီပြုသော စီးပွားရေးလုပ်ငန်းအများအပြား တိုးလာခြင်းကလည်း အင်းလေးဒေသ၏ သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်လာစေသည်။

Home Again Myanmar)
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အင်းလေးကန် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအောင်မြင်မှုများ အစီရင်ခံစာတွင် အင်းလေးကန် ရေဝေရေလဲဒေသ၏ သစ်တောဖုံးလွှမ်းမှု အခြေအနေသည် အလွန်ပင် စိုးရိမ်ဖွယ်ရာကောင်းသည်ဟု ထိုအချိန်ကတည်းက သတိပေးထားခဲ့သည်။
ထို့ပြင် အင်းလေးကန်မှ မြစ်ဖျားခံကာ ကယားပြည်နယ်(ကရင်နီ)၊ လွိုင်ကော်သို့ စီးဆင်းသော ဘီးလူးချောင်းကို အမှီပြုတည်ဆောက်ထားသည့် လောပိတ ရေအားလျှပ်စစ်စီမံကိန်းအတွက် လုံလောက်သော ရေပမာဏ စီးဆင်းစေရေးရန် အလွန်အကျွံတူးဖော်ခဲ့မှုကလည်း အင်းလေးဒေသ ဂေဟစနစ်ကို ပျက်စီးစေသော အကြောင်းအရင်း တစ်ခုဖြစ်သည်။
ထိုစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး မြန်မာနိုင်ငံ၏ အဓိကရေအားလျှပ်စစ် စီမံကိန်းကြီး တစ်ခုဖြစ်သည်။
လွန်ခဲ့သောနှစ်များအတွင်း အင်းလေးကန်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့ရှိ အမြင့်ပိုင်းဒေသတို့၌ ရွှေ့ပြောင်းတောင်ယာချဲ့ထွင်မှု အလွန်များလာသည် ဟု ဒေသခံတို့က ဆိုသည်။
မိုးရာသီရောက်ချိန်တိုင်းတွင် ထိုစိုက်ခင်းများမှ မြေသားများသည် ရေစီးနှင့်အတူ ကန်အတွင်းသို့ စီးဝင်လာပြီး နှစ်ကာလကြာချိန် ကန်၏မြေသားထုမြင့်တက်လာသည်ဟု Save The Inle Lake အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောသည်။ ထိုအဖွဲ့သည် အင်းလေးကန်၏ သဘာ၀ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေး၊ ဒေသခံများကို အသိပညာတိုးမြှင့်စေရေး အစရှိသည်တို့ လုပ်ကိုင်ပေးနေသော အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည်။
နုန်းများသည် အင်းလေးကန်၏ အနိမ့်ပိုင်း တောင်ဘက်သို့ ဆက်လက်စီးဆင်းသွားပြီး ယင်းနေရာရှိ ရေချောင်းများ၏ မြေသားထုကို မြင့်တက်စေကာ ကန်အတွင်းမှ ရေစီးဆင်းမှုနှုန်းကို နှေးကွေး သွားစေ ခြင်းကြောင့် နှစ်စဉ်ရေကြီးမှု ပိုမိုဆိုးရွားလာသည်ဟု ဦးခင်မောင်လတ်က ပြောသည်။ နွေရာသီတွင်မူ ရေခန်းခြောက်သည့် ပြဿနာကို ကြုံတွေ့နေရသည်။
“ရွှေ့ပြောင်းတောင်ယာချဲ့ထွင်မှု တအားများလာတယ်၊ အဲဒီတောင်ယာတွေကလည်း စနစ်တကျလုပ်တာ မဟုတ်ဘူး။ မိုးရာသီဆိုရင် စိုက်ခင်းတွေက မြေတွေကို ဖွထားပေးသလို ဖြစ်ပြီးတော့မှ မြေကြီးတွေက မိုးရေနဲ့အတူ အမြဲတမ်းစီးဝင်နေတယ်” ဟု ဦးခင်မောင်လတ်က ဆိုသည်။

ထိုအကျိုးဆက်ကြောင့် ကန်အတွင်းမှ ရေများ ဆက်လက်စီးဆင်းရမည့် တောင်ဘက် အနိမ့်ပိုင်းရှိ ချောင်းငယ်သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ၁၂ ပေခန့် အကျယ်ရှိရာမှ ယခုအခါ လေးပေခွဲမှ ငါးပေခန့် သာရှိ တော့သည်ဟု သူက ပြောသည်။
အင်းလေးကန်ဒေသ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရေရှည်တည်တံ့စေရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဂျာမန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ GIZ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA အစရှိသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ဝန်းကျင်၌ ထိန်းသိမ်းရေးလုပ်ငန်းများကို ကာလလတ်၊ ကာလရှည် စီမံကိန်းများဖြင့် လုပ်ဆောင်ခဲ့ ကြသည်။
သို့သော် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ၂၀၂၀ ခုနှစ်၊ ကိုဗစ်ကာလ နှင့် ၂၀၂၁ ခုနှစ်၊ မြန်မာစစ်တပ်၏ စစ်အာဏာ သိမ်းမှုတို့ကြောင့် ထိုအချိန်များမှ စတင်ပြီး အင်းလေးကန် ထိန်သိမ်းရေးလုပ်ငန်းများ ရပ်တန့်သွားတော့သည်။
ယင်းသို့ ထိန်းသိမ်းရေး မလုပ်ဆောင်နိုင်၍ ပိုမိုဆိုးရွားလာနေသော နုန်းပို့ချလာမှု၊ ၂၀၂၄ ခုနှစ်အတွင်း ရေကြီးမှု၊ ၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂၈ ရက်နေ့က မန္တလေးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်တို့ကြောင့် လည်း အင်းလေးဒေသကို အပြင်းအထန် ရိုက်ခတ်ပြန်သည်။
ရေဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြန်စရန် အရှိန်ယူနေသော အင်းလေးဒေသခံတို့အတွက် ငလျင်ဘေးက တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်စေခဲ့သည်။ ထိုငလျင်ဒဏ်ကြောင့် အင်းလေးဒေသတွင် လူပေါင်း ၆၀ ဦး ခန့် သေဆုံးခဲ့ပြီး နေအိမ် ၂,၀၀၀ ကျော် ပျက်စီးကာ လူဦးရေ ၁၀,၀၀၀ ခန့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။
ငလျင်ဒဏ်ကြောင့် အင်းလေးကန်၏ မြေလွှာ မည်မျှထိခိုက်ပြောင်းလဲ သွားသည်ကို လတ်တလောတွင် မဆန်းစစ် နိုင်ကြသေးပေ။ သို့သော် နှစ်စဉ်ရေကြီးမှုကြောင့် သောကရောက်နေစဉ်မှာပင် ငလျင်ဘေး ထပ်မံကြုံတွေ့ရမည်ကို စိုးရိမ်နေကြပြီး ထိုအခြေအနေများက ဒေသခံတို့ကို အင်းလေးဒေသမှ ထွက်ခွာ သွားကြရန် တိတ်တဆိတ် ဖိအားပေးသလို ဖြစ်နေသည်။
ယခုတွင်လည်း မိုးတွင်းကာလ ပြန်ရောက်လာပြီဖြစ်၍ ယမန်နှစ်ကဲ့သို့ ရေဘေးပြန်ဖြစ်မည်ကို ဒေသခံ အများစု စိုးရိမ်သောက ရောက်နေကြပြန်ပြီဟု ဦးမျိုးမြင့်က ပြောသည်။
“တစ်ခုခုဆိုရင် အင်းလေးရေပေါ်မှာရှိတဲ့ ကျေးရွာတွေက ပိုထိခိုက်တာများတော့ တော်တော်များများက အင်းထဲမှာအခြေချပြီး နေရမှာ ကြောက်လာ ကြတာပေါ့ ” ဟု သူက ဆိုသည်။

Facebook)
အင်းလေးဒေသခံတို့၏ ရှင်သန်ရပ်တည်ရေး တိုက်ပွဲ
တစ်ချိန်က အင်းလေးကန်သည် သဘာ၀ရှုခင်း အလှအပနှင့် ဒေသခံတို့၏ နေထိုင်မှု ဘ၀၊ ယဉ်ကျေးမှုရိုရားဓလေ့နှင့် လှေလှော်ပြိုင်ပွဲများ၊ ကိုယ်ပိုင်လက်မှုပညာဖြင့် ချုပ်လုပ်ကြသော ယက်ကန်းစင်များသို့ လှည့်ပတ်လေ့လာကြသူများဖြင့် စည်ကားခဲ့ဖူးသည်။
နှစ်စဉ်အောက်တိုဘာလအတွင်း ကျင်းပသော အင်းလေးဖောင်တော်ဦး ဘုရားပွဲချိန်သည် ခရီးသွားဧည့်သည်များဖြင့် အစည်းကားဆုံးပင်ဖြစ်သည်။ ကိုဗစ်ကာလမှစကာ နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်မှု မရှိတော့သလို စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကျယ်ပြန့်လာသော စစ်ပွဲများကြောင့် လည်း ပြည်တွင်းခရီးသွားများလည်း မဝင်တော့ပေ။

ဤအခြေအနေတွင် ဒေသခံတို့မှာ ကြုံရာအလုပ် လုပ်နေရသည်ဟု ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်သော ယက်ကန်းစင် တွင် အလုပ်လုပ်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မတ်လငလျင်ကြောင့်လည်း အင်းလေးရှိ ယက်ကန်းရုံ အများအပြား ပြိုကျပျက်စီးခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“ခရီးသည်တွေကတော့ မလာကြတော့ဘူး၊ အခုလပိုင်းကတော့ လာသူတွေ နည်းနည်းပါးပါးတော့ ပြန်ရှိ လာတယ် ” ဟု ထိုအမျိုးသမီးက ဆိုသည်။
လတ်တလော အင်းလေးသို့လာရောက်သူအများစုသည် ခရီးသွားစစ်စစ် မဟုတ်ကြဘဲ ရေဘေးနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကို ပြန်လည်ထူထောင်ရေးနှင့် ဒေသခံများကိုလာရောက်ကူညီကြသော အရပ် ဘက်အဖွဲ့အစည်းများနှင့် အလှူရှင်များ ဖြစ်ကြသည်ဟု ဒေသခံတို့က ဆိုသည်။
“ခရီးသည်ဆိုလို့ NGO (အရပ်ဘက်အဖွဲ့အစည်း) အဖွဲ့တွေပဲ လာကြတာဆိုတော့ စက်လှေခကိုလည်း အများကြီးတော့ မဟုတ်ဘူးပေါ့၊ ပုံမှန်ခရီးသည်တွေသွားတဲ့ စျေးမျိုးတော့ မဟုတ်ဘူးပေါ့” ဟု စက်လှေမောင်းသမား ကိုမျိုးဝင်း က ပြောသည်။
ပုံမှန်ခရီးသည်တို့အတွက် စက်လှေငှားရမ်းခသည် ကျပ် ၇၀,၀၀၀ ဝန်းကျင် ဖြစ်သော်လည်း ဒေသအတွက် လာသောအလှူရှင်များကို ကျပ် ၄၀,၀၀၀ ခန့်သာ တောင်းခံသည်ဟု သူက ာပြောသည်။
“လောလောဆယ်မှာကတော့ အကုန်လုံးက ကြုံရာအလုပ်ကိုပဲ ဝင်လုပ်ကြတာပေါ့။ အဲဒီလိုမျိုးနဲ့ပဲ နှစ်ပါး သွားနေကြရတယ်။ ခရီးသွားမလာရင် ဆိုင်ကယ်၊ စက်ဘီး အရောင်းအဝယ်လုပ်တယ်၊ ကိုယ်လုပ်နေကျ အလုပ်မဟုတ်တော့ အရမ်းတော့ အဆင်မပြေဘူးဗျ” ဟု ကိုမျိုးဝင်းက ဆိုသည်။
ဒေသခံလူငယ်လူရွယ် အများအပြားသည်လည်း အလုပ်အကိုင်ရရှိရေးအတွက် အခြားမြို့များသို့ ပြောင်းရွှေ့ နေထိုင်သည်၊ ရေလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ခဲ့သူတို့က ယခုအခါ တောင်ယာစိုက်ခင်းများထဲ ရောက်သွားကြသလို တချို့ကလည်း ကြုံရာကျပန်းအလုပ် လုပ်ကိုင်နေကြရသည်ဟု ဒေသခံတို့က ဆိုသည်။
အင်းလေးကန်ရောက်ပါက နိုင်ငံခြားသားခရီးသွားများ မဖြစ်မနေသွားကြသော ရွှေအင်းတိန် ဘုရားနှင့် ရှေးဟောင်းလက်ရာများ၊ စေတီပုထိုးများရှိရာ အင်းတိန်ကျေးရွာသည်လည်း ယခုအခါ တိတ်ဆိတ် ခြောက်ကပ်လျက်ရှိသည်။
ဘုရားတန်ဆောင်းမှ ရိုးရာလက်မှု ငွေထည်၊ ရွှေထည် လက်ဝတ်ရတနာပစ္စည်းများ၊ ယွန်းထည်ပစ္စည်းများ၊ ပန်းချီနှင့်ပန်းပု အစရှိသော မြန်မာ့လက်မှုပညာလက်ရာများကို ထင်ဟပ်တွေ့မြင်နိုင်သော စျေးတန်းကြီးသည်လည်း ပိတ်ထားရသည်ဟု ဒေသခံတို့က ဆိုသည်။

ထို့ပြင် မြန်မာ့မျိုးရင်း ရှားပါးမျိုးစိတ်တစ်ခုဖြစ်သော မြန်မာ့ကြောင်များကို ထိန်းသိမ်းစောင့်ရှောက်သည့် စင်တာ၊ ဟိုတယ်လုပ်ငန်းနှင့် ဒေသခံလူငယ်များအတွက် နိုင်ငံခြားဘာသာစကား၊ ဟိုတယ်နှင့် ခရီးသွားအခြေပြု အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနေသော အင်းလေးဒေသအမွေအနှစ် (Inle Heritage) သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှစ၍ ထိုလုပ်ငန်းများ ရပ်နားထားသည်။
လွန်ခဲ့သော ၁၅ နှစ်ခန့်က စတင်လုပ်ဆောင်ခဲ့သော ထိုထိန်းသိမ်းရေးနှင့် အသိပညာပေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများစွာရှိလာ၍ ပိတ်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု Inle Heritage ဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။
ခရီးသွားဝင်ရောက်မှု နည်းပါးသွား၍ စီးပွားရေးတွက်ခြေမကိုက်မှု၊ ရေဘေးနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒါဇင်နှင့်ချီသော ဟိုတယ်လုပ်ငန်းများလည်း ရပ်နားထားရသည်။ နာမည်ကျော် Inle Princess Resort ဟိုတယ် နှင့် Myanmar Treasure ဟိုတယ်တို့သည်လည်း မီးလောင်မှုကြောင့် ပျက်စီးသွား၍ ပိတ်သိမ်းထားသည်။
လတ်တလောတွင် ဒါဇင်နှင့်ချီသော ဟိုတယ်လုပ်ငန်းများမှ ဟိုတယ် သုံးခုခန့်သာ ဆက်လက်ဖွင့်ထားနိုင်သည်ဟု အင်းလေးဒေသရှိရာ ညောင်ရွှေမြို့နယ်တွင် အင်ပါယာဟိုတယ်လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်မြတ်သူက ပြောသည်။
“ငလျင်ဒဏ်နဲ့ ရေကြီးတဲ့ဒဏ်မှာ ထိခိုက်မှုက ပိုများခဲ့တာပေါ့၊ ပြည်တွင်းခရီးသွားကို အဓိက အားပြုနေကြရတော့ ဝင်ငွေက လုပ်ငန်းလည်ပတ်ဖို့တောင် မနည်းရုန်းကန်နေရတယ် ဟိုတယ်လုပ်ငန်းဆိုတာက နိုင်ငံခြားသားခရီးသွားလာမှ တွက်ခြေကိုက်တာ” ဟု သူက ဆိုသည်။
ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြရသည့် အင်းလေးဒေသခံတို့ ဝင်ငွေကျဆင်း၊ အလုပ်အကိုင်ရှားပါးနေစဉ်မှာပင် သဘာ၀ဘေးအန္တရယ် များက လည်း နေထိုင်ရပ်တည်ရေးကိုပါ ခြိမ်းခြောက်လာနေသည်။
အခက်အခဲကြားက အင်းလေး၏ မျှော်လင့်ချက်
ရုပ်ရှင် ဒါရိုက်တာ ကိုအာကာက Home Again Myanmar အမည်ဖြင့် ရေဘေးနှင့် ငလျင်ဘေးသင့်ခဲ့သော အင်းလေးဒေသခံများအတွက် နေအိမ်အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြီးခဲ့သည့် ဧပြီလက စတင်အကောင်အထည် ဖော်ခဲ့သည်။
“အင်းလေးမှာ လှေကို ခြေထောက်နဲ့ လှော်တဲ့သူမရှိတော့ဘူး၊ ငါးဖမ်းတဲ့သူ မရှိတော့ဘူး၊ ရေထဲမှာနေတဲ့သူ မရှိတော့ဘူးဆိုရင် ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်” ဟု ကိုအာကာက စိတ်မကောင်းစွာဖြင့် ပြောသည်။
ငလျင်ဘေးသင့်ပြီး ရက်ပိုင်းအကြာ အင်းလေးဒေသသို့ ကူညီကယ်ဆယ်ရေးအစီအစဉ်ဖြင့် ရောက်ရှိစဉ် ဒေသခံ အင်းသူအင်းသားတို့သည် ရေပေါ်တွင် နေထိုင်မှုကို စွန့်လွှတ်ကာ ကုန်းမြေများပေါ် ပြောင်းရွှေ့နေထိုင်ကြရန် အထိ စဉ်းစားဆုံးဖြတ်ထားခဲ့ကြသည်ဟု ကိုအာကာက ပြန်ပြောပြသည်။
“ကျွန်တော်လည်း စစရောက်ချင်းတုန်းက မဖြစ်နိုင်တော့ဘူးလို့ထင်ခဲ့တာ၊ ကျွန်တော်တို့ ပြန်ထမနိုင်တော့ဘူးလို့ ထင်ခဲ့တာ၊ ရေထဲမှာရှိနေတဲ့ အိမ်အကုန်လုံးက တစ်ဝက်စီလဲပြီးတော့ အကုန်မြုပ်နေတဲ့ မြင်ကွင်းက ရုပ်ရှင်တွေထဲကလို အပျက်အစီးပုံလိုပဲ” ဟု သူက ဆိုသည်။
ငလျင်ဘေးကြောင့် မိသားစုဝင်များ ဆုံးရှုံးသူများလည်းရှိသည်။ တစ်သက်လုံးရှာဖွေစုဆောင်းပြီး တည်ဆောက် ခဲ့ကြသော နေအိမ်များပျက်စီးသွား၍ ဒေသခံတို့ လုံး၀စိတ်ဓာတ်ကျနေပြီ ဟု ကိုအာကာက ပြောသည်။
ယခုအခါ စေတနာ့ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပအလှူရှင်အဖွဲ့အစည်းများနှင့် အင်းတိုက်အားတိုက် ကူညီထောက်ပံ့မှုများကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်အများအပြားကို ပြန်လည်တည်ဆောက် ပေးထားသည်။ ရေသန့်စက်များ၊ ဆိုလာများမှသည် ရေဆိုးသန့်စင်သော စနစ် အစရှိသည်တို့ကို ပံ့ပိုးပေးလာနိုင်သည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်ပေါင်း ၂၂၀၀ ခန့်တွင် ၁၅၀၀ ဝန်းကျင်ကို Home Again Myanmar အစီအစဉ် အပါအဝင် အခြားသော အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ပြန်လည်တည်ဆောက် ပေးထားသည်။ သို့သော် ထောက်ပံ့ကူညီမှုများ များစွာလိုအပ်နေဆဲဖြစ်သည်။
Home Again Myanmar အစီအစဉ်က တည်ဆောက်ပေးသော အိမ်များသည် အစိမ်းရောင်သွပ်အမိုးနှင့် အဝါရောင် ထရံကာထားသော ဝါးအိမ်များဖြစ်သည်။ အရှည် ၂၇ ပေ၊ အကျယ် ၁၅ ပေ ရှိသော ဒေသ အခေါ် ရှစ်တောင် အဖွင့်အိမ်များဖြစ်ပြီး အင်းလေးရိုရာဓလေ့အတိုင်း တည်ဆောက်ထားသည်။ အိမ်တစ်လုံးလျှင် ကျပ် သိန်း ၅၀ မှ ၅၂ သိန်း အထိ ကုန်ကျသည်။
“နောက်တစ်နှစ်ကြာရင် အင်းလေးက ပိုလှတဲ့ အင်းလေး၊ ပိုကောင်းတဲ့ အင်းလေးဖြစ်သွားဖို့ မျှော်လင့် တယ်” ဟု ရုင်ရှင်ဒါရိုက်တာ ကိုအာကာက ပြောသည်။
အတိုင်းအတာတစ်ခု ကူညီထောက်ပံ့ထားနိုင်သော်လည်း ရေရှည်ရပ်တည်နိုင်ရေး နှင့် ခရီးသွားများပြန်လည် ဝင်ရောက်လာရေးမှာ အချိန်တစ်ခုအထိ စောင့်မျှော်ရဦးမည်ဖြစ်သည်။
အင်းလေးကန်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို အမြန်ဆုံး ကုစားကြရန်လည်း လိုအပ်နေဦးမည်ဖြစ်သည်။ သစ်တောပြုန်းတီးမှု နှင့် ရွှေ့ပြောင်း တောင်ယာချဲ့ထွင်မှုများကို မလျှော့ချနိုင်ပါကလည်း အင်းလေးကန် ရေရှည်တည်တံ့နိုင်မည်မဟုတ်ပါ။
အင်းလေးကန်ထိန်းသိမ်းရေးအတွက် အင်းလေးဒေသနှင့် ဆက်စပ်နေသော အောင်ပန်း၊ ကလော အစရှိသော ရှမ်းပြည်တောင်းပိုင်းဒေသများတွင်ပါ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်ရန် လိုအပ်သည်ဟု Save The Inle Lake အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောသည်။
ထို့ပြင် တည်ငြိမ်သော နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ၊ တတ်သိပညာရှင် များ၊ အင်းလေးဒေသခံများ အပါအဝင် နိုင်ငံသားအားလုံးပါဝင်ရန် လိုအပ်မည်ဟု သူက ဆိုသည်။
“အင်းလေးကန်ကို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ နိုင်ငံတော်အဆင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ အချိန်ကျနေပါပြီ ” ဟု ဦးခင်မောင်လတ်က အလေးနက် သတိပေးလိုက်သည်။



