စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးဝန်းကျင်ကျေးရွာများကို စစ်တပ်က ယမန်နေ့ (ဩဂုတ်လ၊ ၁၇ ရက်နေ့) တွင် စစ်ကြောင်းထိုးခဲ့စဉ် အရပ်သားတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ခေါင်းပြတ်လုနီးပါး လှီးဖြတ် သတ်ဖြတ်ခံရကြောင်း ဒေသခံများထံက သိရသည်။
ယခုလဆန်းမှစတင်၍ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်းအတွင်း ၁၅ မြို့နယ်ထက်မနည်း စစ်ကြောင်းများ ထိုးကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေချိန် ယမန်နေ့တွင် ရွှေဘိုမြို့နယ်အတွင်း ဝင်ရောက်နေသော စစ်ကြောင်းတစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ရွှေဘိုမြို့အခြေစိုက် စစ်တပ်သည် ယမန်နေ့တွင် မူးချောင်းဘက်မှ စစ်ကြောင်းတစ်ခု၊ ၁၆ ရက်နေ့တွင် မြို့၏ အနောက်မြောက်ဘက် သီးလုံးကျေးရွာဘက်သို့ စစ်ကြောင်းတစ်ခုဖြင့် မြို့အနီးကျေးရွာများကို စီးနင်းဝင်ရောက်နေသည်။
ရွှေဘိုမြို့၊ မဟာနန္ဒာကန်တော်မှ စတင်ထွက်ခွာလာသော အင်အား ၅၀ ဝန်းကျင်ရှိသော စစ်ကြောင်းတစ်ခုသည် ယမန်နေ့၊ မွန်းလွဲက မြို့မြောက်ဘက်ကျေးရွာများကို စီးနင်းစဉ် ထိုသတ်ဖြတ်မှု ပေါ်ပေါက်ခဲ့သည်။
ယမန်နေ့၊ ညနေတွင် ရွှေဘိုမြို့မြောက်ဘက် သုံးမိုင်ကျော်ခန့်အကွာ ရွှေဘို- ခင်ဦးကားလမ်းဘေး ရှိသော ပိတောက်ခေါင်းရွာသို့ စစ်ကြောင်းဝင်နေစဉ် ရွှေဘိုမြို့ပေါ်မှ ပြန်လာသည့် ရွာသားတစ်ဦး ရွာအဝင်ဝတွင် ပစ်ခတ်ဖမ်းဆီးခံရပြီး လည်ပင်းကို လှီးဖြတ်ခံရ၍ ဦးခေါင်းပြတ်လုနီးပါးဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
သတ်ဖြတ်ခံရသူသည် အသက် ၃၀ ခန့်အရွယ်ရှိ ပိတောက်ခေါင်းရွာသား ကိုလှမျိုး ဆိုသူဖြစ်ပြီး ယမန်နေ့ နံနက်က ရွှေဘိုမြို့ပေါ်သို့ အလုပ်သွားနေခဲ့ရာမှ စစ်တပ် ဝင်ရောက်နေသည်ကို မသိဘဲ ရွာသို့ ပြန်လာစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ကျေးရွာဒေသခံတို့က ပြောသည်။
“သူက အလုပ်ကိစ္စနဲ့ ရွှေဘိုကိုသွားနေရာကနေ ရွာကို ပြန်လာတာ၊ ရွာထိပ်မှာပဲ ပစ်ခံရတော့ ခြေထောက်မှာ ဒဏ်ရာရပြီး ရွာထဲကို ဆွဲခေါ်ပြီးတော့မှ လည်ပင်းကို လှီးဖြတ်သွားတာ”ဟု ဖြစ်စဉ်ကို သိသူ ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ညနေ ၄ နာရီခန့်တွင် ကိုလှမျိုး ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်ဟု ရွာခံများက ယူဆကြပြီး စစ်တပ်က ညနေ ၆ နာရီခွဲခန့်တွင် ပိတောက်ခေါင်းရွာမှ ထွက်ခွာကာ ရွှေဘိုမြို့ပေါ်သို့ ပြန်ဝင်သွားခဲ့ကြောင်း သိရသည်။
ကိုလှမျိုး၏ ရုပ်အလောင်းကို ရွာထဲမှ ယနေ့ နံနက်တွင် ပြန်လည်ကောက်ယူခဲ့ပြီး သင်္ဂြိုဟ်နိုင်ခဲ့ကြောင်း သိရသည်။
ပိတောက်ခေါင်းရွာအတွင်းမှ စစ်တပ်က ရွာအပြင်လမ်းတွင် သွားလာနေသော လမ်းသွားလမ်းလာများကို ပစ်ခတ်မှုများလုပ်ခဲ့သည့်အတွက် အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ခြေထောက်တွင် ကျည်ထိမှန် ခဲ့သေးသည်ဟု သိရသည်။
ရွှေဘိုမြို့အနီး စစ်ကြောင်းထိုးနေမှုကြောင့် မြို့မြောက်ဘက် ကျေးရွာ လေးရွာ ထက်မနည်းမှ ဒေသခံ ရွာသူရွာသား ၃၀၀၀ နီးပါးခန့်သည် ဘေးလွတ်ရာ ကျေးရွာများသို့ စစ်ဘေးရှောင်နေကြရသည်။
၂၀၂၃ နှစ်ကုန်မှ ၂၀၂၄ အတွင်း ရှမ်းမြောက်မှ ၁၀၂၇ စစ်ဆင်ရေးများကြောင့် ခြေလျင် စစ်ကြောင်းများ စီးနင်းမှု နည်းပါးသွားခဲ့သည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်များက ယခုနှစ်၊ ဩဂုတ်လမှ စတင်၍ စစ်ကြောင်းထိုး ဝင်ရောက်မှုများ အပြင်းအထန် လုပ်လာနေသည်။
စစ်ကိုင်းတိုင်းဒေသအချို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်နေပြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် စစ်ကြောင်း သုံးခုဝင်နေကာ တိုက်ပွဲများအပြင်းအထန် ဖြစ်နေသည်။
မင်းကွန်းနယ် ကျေးရွာအများအပြားကိုလည်း စစ်ကြောင်းများက မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်များက ပြောကြသည်။



