သတင်း

ဝက်လက်နှင့်ဒီပဲယင်းတွင် ဘုန်းကြီးကျောင်းများ ဗုံးကြဲခံရပြီး ၅ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း နှစ်မြို့နယ်မှ ဘုန်းကြီးကျောင်းများကို လေကြောင်းမှ ယနေ့ ဗုံးကြဲခဲ့စဉ် ရဟန်းတစ်ပါး အပါအဝင် သေဆုံးသူ ငါးဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်တို့ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းကို ယနေ့ (ဩဂုတ် ၁၈ ရက်) က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငါးဦး ထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ 

ဒီပဲယင်းမြို့မှ မိုင် ၃၀ ခန့်အကွာ မူးကမ်းကြီးရွာ၊ အနောက်မြောက်ဘက်ရှိ မိုးကောင်းဘုန်းကြီးကျောင်း ကို ယနေ့ မွန်းလွဲ ၁း၃၂ မိနစ်တွင် ဗုံးကြဲခံရပြီး အထိခိုက်များခဲ့ကာ  ငါးဦးထက်မနည်း သေဆုံး၍ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

“ဘုန်းကြီးကျောင်း ဓမ္မာရုံ ဆွမ်းစားကျောင်း အဆောက်အဦ သုံးလုံးစလုံး ပြိုကျပျက်စီးသွားပါတယ်”ဟု ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Burmese Independent Army (ဒရုန်းတပ်ဖွဲ့) မှ တာဝန်ခံ ဗိုလ်သတ္တိက ပြောသည်။

သေဆုံးသူများတွင် ရဟန်းတစ်ပါးနှင့် အမျိုးသား သုံးဦးတို့ ပါဝင်ကြောင်း ကနဦးသိရပြီး ဒဏ်ရာရသူ အများအပြားရှိသောကြောင့် သေဆုံးသူများတိုးလာနိုင်ကာ အသေးစိတ်အခြေအနေကို မသိရသေးပေ။ 

“လေယာဉ် ….လာတဲ့အချိန် ပြေးနိုင်လွှားနိုင်သူတွေက လွတ်ပေမဲ့ ရုတ်တရက် မပြေးနိုင်သူတွေ ထိခိုက် ကုန်တာ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် မြေပြင်တိုက်ပွဲမရှိသလို စစ်ရေးလှုပ်ရှားမှု တစုံတရာမရှိဘဲ ဘုန်းကြီးကျောင်းကို ဦးတည်ပြီး ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများကလည်း ပြောကြသည်။ 

“အဓိကဦးတည်ပစ်တာက ဘုန်းကြီးကျောင်းကို ပစ်တာ။ ကျန်တဲ့နေရာက မကွဲဘူး။ နှစ်လုံးချသွားတာ။ ဘုန်းကြီးကျောင်းနား အိမ်အချို့တော့ပျက်စီးတယ်။..  လေယာဉ် တက်လာတာက လုံးလုံးကို မသိလိုက် တာ။ ပစ်မှပဲ သိတော့တာ …အဲ့လိုအခြေအနေမျိုးဖြစ်သွားတာ”ဟု ဒီပဲယင်းမြို့နယ် ဒေသခံ အမျိုးသား တစ်ဦးကလည်း ပြောသည်။ 

မူးမြစ်ကမ်းဘေးရှိ မူးကမ်းကြီးရွာမှာ အိမ်ခြေ ၂၀၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း စစ်တပ်၏မီးရှို့မှုများကြောင့် အိမ်ခြေ ၈၀၀ ကျော်ပြာကျခဲ့ရကာ ဒီပဲယင်းမြို့နယ်တွင်း ပျက်စီးမှုအများဆုံးဖြစ်သည်။  ရွာအနီး ကုန်တင်ကားများ ဖြတ်သွားဖြတ်လာများပြားပြီး ဒေသပေါင်းစုံမှ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့် ကျေးရွာကြီးလည်းဖြစ်သည်။

“သွပ်မိုးသွပ်ကဲလေးတွေ၊ ထန်းရွက်မိုးလေးတွေနဲ့ အကုန်လုံးက ကိုယ့်အိမ်ကိုယ်ပြန်နေကြတာပါ။ မြေပြင် စစ်ကြောင်းကတော့ မရှိဘူးပေါ့။ စစ်ကြောင်းထိုးလာလိုက် ၊ စစ်ရှောင်လိုက်၊ ကိုယ့်အိမ်လေးကိုယ် ပြန်နေ လိုက်တော့ လုပ်ရတာပေါ့”ဟု ဒီပဲယင်းမြို့နယ် ဒေသခံ အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

လာမည့်နှစ်ကုန်တွင် ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသည့် စစ်တပ်က မြို့နယ်ပေါင်း ၆၃ မြို့နယ် ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ စစ်ကိုင်းတိုင်းမှ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနှင့် အင်းတော်မြို့နယ်တို့ပါဝင်သည်။ 

ဗုံးကျရောက်ပေါက်ကွဲသည့် ကျောင်းဆောင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ)

ဝက်လက်နယ် ဗုံးကြဲမှု

ဒီပဲယင်းမြို့နယ်နှင့် ကပ်လျှက်ရှိ ဝက်လက်မြို့နယ်တွင် နဘဲပင်လှရွာဘုန်းကြီးကျောင်းကို လေကြောင်းမှ ပစ်ခတ်ခဲ့ရာ ရဟန်းတစ်ပါးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ဝက်လက်မြို့အရှေ့တောင်ဘက် ရှိန်းမကား – ပေါက်က္ကံလမ်းတောင်ဘက် နဘဲပင်လှရွာ ဘုန်းကြီးကျောင်း ကို နံနက် ၉း ၅၀ မိနစ်ဝန်းကျင်တွင် တံတားဦးလေတက်တပ် တိုက်လေယာဉ်တစ်စီးက  နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

“ ဘုန်းကြီးကျောင်းထဲကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာပါ။ ပထမ နှစ်ကြိမ်က ရော့ကတ်နဲ့ နှစ်လုံးပစ်တယ်။ ဒုတိယ တစ်ကြိမ်က စက်လတ်နဲ့ကုတ်သွားတယ်” ဟု ဝက်လက်မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။ 

ဘုန်းကြီးကျောင်းကို ဦးတည်တိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် ရဟန်းတစ်ပါး၊ အသက် ၁၁ နှစ် အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာများရရှိခဲ့ကာ ဓမ္မာရုံ တစ်လုံးလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ဏ်ရာရသူများမှာ ဆေးကုသမှုခံယူနေပြီး ကလေးငယ်မှာ ဒဏ်ရာမပြင်းထန်သော်လည်း သက်ကြီးပိုင်း နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများပြားကြောင်း သိရသည်။ 

ဒေသတွင်း သတင်းများကို ဖော်ပြနေသည့် Wetlet Information Network မှ ထုတ်ပြန်သည့် ဓာတ်ပုံများ အရ ဘုန်းကြီးကျောင်းဝင်းရှိ ဓမ္မာရုံအဆောက်အဦမှာ အမိုးများပွင့်ထွက်သွားသွားပြီး နံရံအချို့ ပျက်စီးသွားသည်။ 

“ဘုန်းကြီးကျောင်းက ရွာတောင်ဖျားမှာရှိတော့ ဘုန်းကြီးကျောင်းကိုပဲ ပစ်သွားတော့ ဘုန်းကြီးကျောင်းနဲ့ ရွာနဲ့က ပေ ၂၀၀ လောက် ဝေးတော့ နည်းနည်းလှမ်းတော့ အထိခိုက်မရှိဘူး”ဟု အထက်ပါ ဒေသခံက ပြောသည်။ 

နဘဲပင်လှရွာကို ၂၀၂၃ ဇွန်လတွင် စစ်တပ်က စစ်ကြောင်းထိုးစဉ် မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်ပျက်စီးခဲ့ရသည်။ 

နဘဲပင်လှရွာအနီး တိုက်ပွဲမရှိသော်လည်း ထိုရွာနှင့် ခုနစ်မိုင်ခန့်အကွာ ဝက်လက်နှင့် စစ်ကိုင်းမြို့နယ်စပ် စဉ့်ကိုင်ရွာတွင် စစ်တပ်က တပ်စွဲထားသည်မှာ တစ်လနီးပါးရှိလာပြီး စစ်တပ်နှင် တော်လှန်ရေးအင်အားစု များကြား  စစ်ရေးပြင်းထန်နေသည်။ 

စစ်ကိုင်းတိုင်း စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်မြို့များအနက် လေကြောင်းတိုက်ခိုက်ခံရသည့် ကျေးရွာများပြမြေပုံ။

အင်အား ၁၀၀ နီးပါးပါဝင်သည့် ထိုစစ်ကြောင်းမှာ ကပ်လျှက်၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာမှ ထွက်လာပြီး စဉ့်ကိုင်ရွာမှတဆင့် ဝက်လက်မြို့နယ်ထိ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ 

ဧရာဝတီ မြစ်အနောက်ဘက်ကမ်းရှိ ဝက်လက်မြို့နယ်၏ မျက်နှာချင်းဆိုင် မန္တလေးတိုင်းတွင်မြေပြင် တိုက်ပွဲများကြောင့် မန္တလေးတိုင်းအထက်ဘက်သို့ တက်သည့် ကားလမ်းများ ပိတ်ဆို့နေရာ စဉ့်ကူး၊ မိုးကုတ်ဘက်သို့ ကုန်စည်စီးဆင်းရန်အတွက် အရေးပါသည့် ဝက်လက်မြို့နယ်ကို စစ်တပ်က နယ်မြေ ပြန်လည် စိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်။ 

ဝက်လက်မြို့နယ်တွင် မြစ်ကမ်းစပ်ကျေးရွာများကို  ဇူလိုင်လကစပြီး  လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ တစ်ဒါဇင် ထက်မနည်း ထိခိုက် သေဆုံးခဲ့ရပြီး အများပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တအာင်းတပ်ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့လယ်ကို ယနေ့ နံနက် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

သီပေါမြို့၊ တောင်မြို့ရပ်ကွက်နှင့် အနောက်ရပ်ကွက်တို့ကို လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရသူများမှာ အသက် ၆၇ နှစ်အရွယ် ဒေါ်ချိုဇင်၊ အသက် ၃၇ နှစ်အရွယ် မရွှေရီဝင်းနှင့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးဂျမားတို့ ဖြစ်သည်။ 

၁၀၂၇ စစ်ဆင်ရေးတွင် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့များအနက် မန္တလေးတိုင်း မိုးကုတ်မြို့ ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေရာ ဇူလိုင်လဆန်းမှ ဩဂုတ် ၁၈ ရက်နေ့ အတွင်း ကလေးသူငယ်၊ သက်ကြီးရွယ်အို အပါအဝင် ၄၀ ခန့်သေဆုံးပြီး အများပြားထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေသည့် စစ်တပ်သည် စစ်ရေးအရဖိအားပေးရန် အရပ်သား ပစ်မှတ်များ ဖြစ်သည့် ဘုန်းကြီးကျောင်း၊ ဆေးရုံတို့ကိုပါမချန် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေရာ အရပ်သားပြည်သူ ဒါဇင်နှင့် ချီ သေဆုံးခဲ့သည်။

ယမန်နေ့ (ဩဂုတ် ၁၇) တစ်ရက်တည်းမှာပင် မန္တလေးတိုင်း မိုးကုတ်၊ ကယားပြည်နယ် မော်ချီး၊ ချင်း ပြည်နယ် ကန်ပက်လက်တို့ကို လေကြောင်းမှ ဗုံးကြဲခဲ့စဉ် သေဆုံးသူ ၃၀ နီးပါး ရှိခဲ့သည်။  

စစ်တပ်က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ် သူများ ရှိသည်ဟူသော ယူဆချက်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေရာ အဆိုပါနေရာများတွင် ခိုလှုံ သူအများစုမှာ အရပ်သားများဖြစ်သဖြင့် အရပ်သားထိခိုက်သေဆုံးမှုများခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ထက်ဝက်ခန့်ကိုလည်း ယခုလဆန်းမှစတင်ကာ စစ်ကြောင်းများထိုးကာ စစ်ရေးလှုပ်ရှားနေသဖြင့် ဒေသခံ အများအပြား တိမ်းရှောင်နေရသည်။ 

ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းအတွင်းမှ လက်နက်အပိုင်းအစအချို့။ (ဓာတ်ပုံ – Wetlet Information Network)

Related Articles

Back to top button