သတင်း

နိုင်ငံအလယ်ပိုင်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်အရှိန်မြှင့်နေ 

ရွေးကောက်ပွဲလုပ်မည့်စစ်တပ်က ဆုံးရှုံးနယ်မြေများကို စစ်ကြောင်းထိုးစဉ် လေတပ်ပစ်ကူသာမက ထိရောက်သော ဒရုန်းတိုက်ခိုက်မှုများကိုပါ သုံးစွဲနေသည်။ ရွာတချို့ကိုလည်း မီးရှို့ခဲ့သည်။

နှစ်ကုန်တွင် ရွေးကောက်ပွဲလုပ်မည့် ကြေညာထားသည့် အာဏာသိမ်းတပ်က   ၎င်းတို့ အုပ်ချုပ်ရေးအာဏာစက်လျော့ရဲနေသည့် နိုင်ငံအလယ်ပိုင်းကိုလည်း ဇူလိုင်လကစပြီး သာလွန်အင်အားဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်နေသည်။ 

ယမန်နှစ်က စစ်တပ် လက်လွှတ်ခဲ့ရသည့် ရှမ်းမြောက်ဒေသ နောင်ချို၊ ကယားပြည်နယ် (ကရင်နီပြည်နယ်)  မိုးဗြဲ၊ မန္တလေးတိုင်း သပိတ်ကျင်း စသည့် မြို့နယ်တို့ကို ယခင်လတွင်   ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးတို့တွင်ပါ စစ်ရေးလှုပ်ရှားမှုများ အပြင်းအထန် လုပ်လာသည်။

စစ်တပ်က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေး ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု မြန်မာ့စစ်ဘက်ရေး နှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI မှ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက မှတ်ချက်ပြုသည်။ 

“အဓိကတော့ ပြည်မပိုင်း တကြောက ဆုံးရှုံးလက်လွှတ်လိုက်ရတဲ့နယ်မြေတွေ၊ လုံခြုံရေးစိုးမိုးမှု လျော့ကျနေတဲ့ မြို့ရွာဒေသတွေကို စစ်ကြောင်းတွေ ထိုးပြီးတော့ အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်အောင် လုပ်ဆောင်လာနိုင်ပါတယ်။ ဒါက စစ်ရေး၊ နိုင်ငံရေးအရရော မကြာမီ ရွေးကောက်ပွဲကာလ မတိုင်ခင်ရော ဒီအတွက် ပေါင်းစပ်ပြီးတော့ လုပ်တာမျိုးတွေရှိလာနိုင်ပါတယ်” ဟု ကိုနောင်ရိုးက ပြောသည်။ 

ထိုအဖွဲ့မှာ ဘက်ပြောင်းလာသော အာဏာသိမ်းတပ်အရာရှိများဖြင့် ဖွဲ့စည်းထားပြီး စစ်ဘက်နှင့် လုံခြုံရေး သုတေသန ပြုလုပ်နေသည့်အဖွဲ့သည်။

စစ်ကိုင်း 

အမဲလိုက်တူမီးနှင့်စတင်ခဲ့သည့် တော်လှန်ရေး သက်တမ်း လေးနှစ်ကျော်ကြာမြင့်လာချိန်တွင်   စစ်ကိုင်းတိုင်းရှိ မြို့ပေါင်း ၅၀ကျော် အနက် ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်၊ ပင်လည်ဘူး၊ အင်းတော် တို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် ပြီး နယ်မြေထိန်းချုပ်ထားနိုင်သည်။ ကျန်မြို့များ တွင်လည်း စစ်တပ်က မြို့ပေါ်ကိုသာ ခြေကုပ်ယူထားနိုင်ပြီး  ကျေးလက်ဒေသအများစုကို တော်လှန်ရေး အင်အားစုက ထိန်းချုပ်ထားနိုင်သည်။ 

စစ်ကိုင်းတိုင်းတွင် စစ်တပ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်း မထိုးနိုင်သည်မှာ လနှင့်ချီ ကြာမြင့်ခဲ့သော်လည်း ယခုနှစ်လယ်ကစပြီး မြေပြင် စစ်ကြောင်းထိုးမှု ပိုစိတ်လာသည်။ 

ဇူလိုင်လကုန်ပိုင်းမှ ဩဂုတ်လလယ် အတွင်း ကလေး၊ တမူး၊ ပုလဲ၊ စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊  ရွှေဘို စသည့်မြို့နယ် ၁၀ ခုတွင် အင်အားအလုံးရင်းဖြင့် ဖြန့်ကျက်စစ်ကြောင်းထိုး‌ နေသည်။ 

ငလျင်ဒဏ်ခံခဲ့ရသည့် စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်း ၃ ခုဖြင့် နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေသည်မှာ နှစ်လနီးပါး  ကြာမြင့် နေပြီဖြစ်သည်။ ဧရာဝတီမြစ်ကမ်းဘေး မင်းကွန်းရွာတွင် အခြေစိုက်ထားသည့် စစ်တပ်သည် မြောက်ဘက်ကပ်လျှက်ရှိ ဝက်လက်နယ်ကို ရှိန်းမကားထိ စစ်ကြောင်းထိုးရန် ဇူလိုင်လလယ်ကတည်းက ကြိုးပမ်းသဖြင့် စစ်ရေးတင်းမာနေသည်။ 

ထို့အပြင် မြို့အနောက်ဘက် အုန်းတောရွာအနီး တင့်ကား တပ်ရင်းမှ ထွက်လာသည့် စစ်ကြောင်းသည် ရွှေဘို – မန္တလေး လမ်းတလျှောက်  ကျေးရွာများကို မီးရှို့ဖျက်ဆီးနေရာ ကျော်ဇေယျာရွာ၊ ကျားမင်းကြီးရွာ၊ ပုဂံတူရွာတို့မှ နေအိမ်အများပြား ပြာကျခဲ့သည်။ 

နိုင်ငံအလယ်ပိုင်း တိုက်ပွဲများ၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်းမရှိဘဲ သတင်းသမားတို့၏ ဆက်သွယ်မေးမြန်းမှုများကိုလည်း တုံ့ပြန်ခြင်း မရှိပေ။

စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်ကလည်း လွန်ခဲ့သည့်နှစ်လ ဝန်းကျင်ကစပြီး မြို့အနီးဝန်းကျင်ရွာများကို ဆက်တိုက်စစ်ကြောင်းထိုးနေသည်။ 

ငလျင်ဒဏ်အကြီးအကျယ်သင့်ခဲ့ရသည့် စစ်ကိုင်းမြို့နယ်တွင်   လေကြောင်းတိုက်ခိုက်မှုများပါ ဆက်တိုက်လုပ်နေသည်။ ဝက်လက်နှင့် စစ်ကိုင်းနယ်စပ် တိုက်ပွဲများကြောင့်  နှစ်ပတ်နီးပါးကြာ ပိတ်မိနေသည့် စစ်ကိုင်း – ရွှေဘို ခရိုင်ချင်းဆက် ဗျူဟာလမ်းပေါ်မှ ဆီသယ်ယာဉ်ပါဝင် သည့်ယာဉ်တန်းကို ဩဂုတ် ၁၁ ရက်နေ့တွင် စစ်လေယာဉ် ၄ စီးက တိုက်ခိုက်ရာ ကားသမားများ၊ ယာဉ်နောက်လိုက်များ၊ ခရီးသည်များ အပါအဝင် ဒေသခံအချို့သေဆုံးခဲ့သည်။ 

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘိုမြို့တို့နှင့် တစ်ဘက်ကမ်း မျက်နှာချင်း ဆိုင်မှာ မန္တလေး၊ မတ္တရာနှင့်စဉ့်ကူးမြို့တို့ဖြစ်သည်။ စဉ့်ကူးမြို့ကို တော်လှန်ရေး အင်အားစုက ထိန်းချုပ်ထားသည်။ မန္တလေး၏ ခံစစ်စည်းဖြစ်သည့် မတ္တရာမြို့နယ်တွင်လည်း စစ်တပ်က အပြင်းထန် ထိုးစစ်ဆင်နေရာ ဇူလိုင်လအတွင်း တိုက်ပွဲများ အပြင်းထန်ဆုံး အခြေအနေ ရောက်ရှိနေသည်။ 

မတ္တရာဘက်တွင် တိုက်ပွဲများကြောင့် လမ်းပိတ်ထားရာ မြစ်အထက်ပိုင်းရှိ သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူးမြို့နယ်သို့ ကုန်စည်စီးဆင်းရေးအတွက် ဝက်လက်မြို့နယ် မြစ်ကမ်း ဘေးကျေးရွာများမှတဆင့်  ကူးသန်းရောင်းဝယ်ကြရသည်။  ဝက်လက်မြို့နယ်အတွင်း ဆိပ်ကမ်းရှိရာ ကျေးရွာများကို ဦးတည်ကာ ဇူလိုင်လအတွင်းက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ခဲ့ရာ အရပ်သား ၁၀ ဦးကျော် သေဆုံးခဲ့ရသည်။ 

စစ်ကိုင်း၊ ချင်း၊ မကွေးရှိ စစ်ဆင်ရေးများကို ကိုင်တွယ်သည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာအနီးဝန်းကျင်ရှိ ချောင်းဦး၊ ဘုတလင်၊ အရာတော်တို့ကို နယ်မြေပြန်လည် စိုးမိုးနိုင်ရန် စစ်တပ်က ကြိုးပမ်းနေသည်။ 

ချောင်းဦးမြို့ကို ဇူလိုင်လအတွင်းက အင်အားဖြည့်ပြီး မြို့အနီးဝန်းကျင်ကို စစ်ကြောင်းထိုးခဲ့ သေးသည်။ မုံရွာမြို့အနီး နယ်မြေရှင်းလင်းရန်ရည်ရွယ်ပြီး စီးပွားရေးတက္ကသိုလ်မှ ထွက်လာသော တပ်ဖွဲ့သည့် စစ်ကြောင်း ၃ ခုဖြန့်ခွဲပြီး မုံရွာ – ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးခဲ့သည်။ အပေါ့စားသံချပ်ကာပါထိုယာဉ်တန်းကို တော်လှန်ရေးအင်အားစုက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်အခြေအနေများပြားခဲ့ကြောင်း မုံရွာမြို့နယ် ပကဖ ကထုတ်ပြန်သည်။ 

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း ၎င်းတို့ လက်လွှတ်ခဲ့ရသောမြို့နယ်များအနက် အိန္ဒိယ – မြန်မာနယ်စပ် ခမ်းပါတ်မြို့ကို ဦးတည်ပြီး ယခုလဆန်းပိုင်းကပင် သွေးတိုးစမ်းကာ စစ်ကြောင်းထိုးခဲ့သည်။ စစ်တပ် နှင့် ပြည်သူ့စစ်များက ရုတ်တရက် စစ်ကြောင်းထိုးလာချိန်တွင် အိန္ဒိယ – မြန်မာ ချစ်ကြည်ရေး လမ်းပေါ်ရှိ နန်းမွန်းတားရွာမှ တော်လှန်ရေးအင်အားစုနှင့် ရင်ဆိုင်ရပြီး  ရှေ့မတိုးနိုင်ခဲ့ပေ။ 

တမူးမြို့ဘက် သို့ ပြန်လည် ဆုတ်ခွာသွားသည်ဟု တမူးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

“စစ်ဦးကျိုးပြီး တပ်ဦးလန်သွားတယ်ပေါ့ဗျာ၊(စစ်တပ်က) ရမလားဆိုပြီး ထိုးလာကြည့်တာပေါ့။ ခုချိန်မှာတော့ အထိနာပြီး မြို့တွင်းကို ပြန်ဆုတ်ထားတယ်” ဟု သူက ပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကသုံးလုံးခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်တွင်လည်း စစ်တပ်နှင့် ပြည်သူ့စစ်များ က ဆက်တိုက်စစ်ရေးလှုပ်ရှားကာ အရေးပါသည့် လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် ဆက်တိုက် ကြိုးပမ်းနေသည်။ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းအခြေစိုက်ရာ ကန့်ဘလူမြို့နယ်မှာ စစ်ကိုင်းတိုင်း အတွင်း ပြည်သူ့စစ် (ပျူစောထီး) အားအကောင်းဆုံး မြို့နယ်တစ်ခုဖြစ်ပြီး ထိုပြည်သူ့စစ်များကို စစ်တပ် အမာခံ သင်္ကန်းဝတ် ဦးဝါသဝ ဆိုသူက ဦးဆောင်သည်။ 

စစ်ကိုင်းတိုင်းတွင် မြေပြင်စစ်ရေးအရှိန်မြှင့်နေသလို ကုန်စည်စီးဆင်းမှုကိုလည်း စစ်တပ်က ထိန်းချုပ် လိုက်ပြီး ဆေးဝါး၊ ဆေးပစ္စည်း၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ဓါတ်မြေဩဇာစသည့် ကုန်စည်အများ ပြားကို သယ်ယူပို့ဆောင်ခွင့်ကို ကန့်သတ်လိုက်သည်။ 

မန္တလေးတိုင်း 

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် မန္တလေးတိုင်းမှ တကောင်း၊ သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူးမြို့နယ် တို့ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံအလယ်ပိုင်းနှင့် ရှမ်းမြောက်အထိ လမ်းကြောင်းပေါက်ခဲ့သည်။ 

ရှမ်းမြောက်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်များကို တရုတ်က ဖိအားပေးပြီးနောက် စစ်တပ်က လားရှိုးမြို့ကို သေနတ်တစ်ချက်မဖောက်ရဘဲ ဧပြီလတွင် ပြန်လည် ထိန်းချုပ်လိုက်ပြီးချိန်မှစတင်ကာ လက်လွှတ်ခဲ့ရသည့် မြို့များကို ပြန်ရရေးထိုးစစ်ကို အရှိန်မြှင့်ခဲ့သည်။ 

ဧရာဝတီမြစ်ကမ်းဘေး သပိတ်ကျင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုက မြို့ကို သိမ်းပိုက်နိုင်ခဲ့ သော်လည်း မြို့အနီး  အခြေစိုက်စခန်းများဖြစ်သည့် အမှတ် (၂) စစ်ပညာအခြေခံသင်တန်း ကျောင်း၊ နည်းပညာတပ်နှင့် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။ သပိတ်ကျင်းမှဆုတ်ခွာခဲ့ရသော စစ်တပ်သည် ၇ မိုင်မှတဆင့်  မြို့အနီးသို့ တဖြည်းဖြည်း ထိုးစစ်လာခဲ့ရာ ဇူလိုင်လကုန်ပိုင်းတွင် သပိတ်ကျင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ 

သပိတ်ကျင်းကို ရပြီးနောက်တွင် တအာန်းတပ်ထိန်းချုပ်ထားသော ပတ္တမြားမြေ မိုးကုတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်တပ်က လေကြောင်းမှ ဆက်တိုက်ဖိအားပေးတိုက်ခိုက်နေသလို နောင်ချို – မိုးကုတ်လမ်းပိုင်းမှလည်း မြေပြင်ထိုးစစ်ဆင်နေသည်။ မိုးကုတ်မြို့သည် ရှမ်းမြောက်နှင့်မန္တလေးတိုင်း ကို ဆက်သွယ်ထားပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းများနှင့်ချိတ်ဆက်လျက်ရှိရာ စစ်တပ်အတွက်သာမက   တော်လှန်ရေးအင်အားစုများအတွက်ပါ အရေးပါသည်။  

တချိန်တည်းတွင် မန္တလေးမြို့ တောင်ဘက်ပိုင်း ဧရာဝတီမြစ်အရှေ့ခြမ်းရှိ ငါန်းဇွန်နှင့် မြင်းခြံ တို့ကို လည်း ဇူလိုင်လက စပြီး နယ်မြေရှင်းလင်းထိုးစစ်ဆင်နေသည်။ တော်လှန်ရေးအင်အားစု အားကောင်းရာ စစ်ကိုင်းတိုင်း မြင်းမူ၊ မြောင်၊ မကွေးတိုင်း ရေစကြိုတို့နှင့် ထိစပ်နေသည့် ငါန်းဇွန် မြို့နယ်ကို ပြည်သူ့စစ်နှင့် စစ်တပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ဇူလိုင်လ ပထမပတ်တွင် ထိုးစစ်ဆင်ခဲ့သည်။ 

ထို့နောက် ဩဂုတ်လဆန်းတွင် မြင်းခြံမြို့နယ်တွင် စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်ရာ လက်နက်ခဲယမ်းပြတ်တောက်မှုကြောင့် စခန်းအချို့ လက်လွှတ်ခဲ့ရကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုက ပြောသည်။ 

ယမန်နှစ် ဩဂုလတွင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ပြင်းထန်နေချိန်တွင် နိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ဒေသဖြစ်သည့် မြင်းခြံ၊တောင်သာ၊နွားထိုးကြီးတို့တွင်“မြင်းခြံ ခရိုင်အထူးစစ်ဆင်ရေး” ဖော်ဆောင်ကာ  တော်လှန်ရေးပူးပေါင်း တပ်များက  စစ်တပ်၏ အခြေစိုက် စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ကြသည်။ 

မြင်းခြံခရိုင်မှာမန္တလေးနှင့် မိုင် ၆၀ သာ ကွာဝေးပြီး၊ စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာနေပြည်တော်နှင့် မိုင် ၁၀၀ ကျော်သာ ကွာဝေးသည်။ 

ထို့အပြင် ချင်း၊ စစ်ကိုင်းတို့နှင့်ထိစပ်နေသည့် မကွေးတိုင်း မြောက်ပိုင်းတွင်လည်း စစ်တပ်က အင်အား ဖြည့်တင်းရန်ကြိုးပမ်းနေသည်။ မေလကုန်ပိုင်းတွင် ပခုက္ကူမြို့မှ ထွက်လာသည့် ယာဉ်အစီးရေ ၁၀၀ ကျော်ပါဝင်သည့် ကားတန်းမှာ ပေါက်မြို့နယ်ဘက်သို့ တရွေ့ရွေ့ချည်းကပ် လာနေသည်။ 

အာဏာသိမ်းပြီးနောက် အစောပိုင်းကာလတွင် ယာဉ်တန်းရှည်များဖြင့် ချီတက်နိုင်ခဲ့သော် လည်း တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှု ကျယ်ပြန့်လာချိန်တွင် စစ်ကြောင်းမထိုး နိုင်သည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်သည်။ 

ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုကြုံနေရသည့် စစ်ယာဉ်တန်း ဖောက်ထွက် နိုင်ရန်အတွက် ပေါက်နှင့် မြိုင်နယ်အတွင်း လေကြောင်းဖြင့် ဖိအားပေး တိုက်ခိုက် နေသည်။ ကပ်လျက်ရှိ ဆော၊ ကျောက်ထု၊ ထီးလင်း ယောဒေသတွင်လည်း စစ်ရေးလှုပ်ရှားရန် ပြင်ဆင်မှုများလုပ်လာကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုက ပြောသည်။ 

နိုင်ငံအလယ်ပိုင်းသာမက စစ်တပ်က ကချင်ပြည်နယ် ဗန်းမော်၊ ကယား (ကရင်နီ) ပြည်နယ် တွင် ဒီမော့ဆိုနှင့် ကရင်ပြည်နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေသည်။ 

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အပါအဝင် ဒေသတွင်းစစ်ရေးလှုပ်ရှားနေသည့် KRF တပ်ဖွဲ့ဝင်များကို ဩဂုတ်လက တွေ့ရစဉ် (ဓါတ်ပုံ _ Kalay Revolution Force)

ဗျူဟာပြောင်းလဲလာသည့် စစ်တပ်

တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် စတင်လက်နက်စွဲကိုင်ခဲ့ကြသည့် တော်လှန်သူများကို အာဏာ သိမ်းစစ်အုပ်စုက အစောပိုင်းကာလတွင် လျှော့တွက်ခဲ့ကြသည်။ သို့သော်လည်း တစတစ နယ်မြေ စိုးမိုးမှုကျယ်ပြန့်လာခဲ့ပြီး  ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အရှိန် ရိုက်ခတ်မှုနှင့်အတူ သုံးနှစ်ကျော်သာသက်တမ်းရှိသည့် တော်လှန်ရေးအင်အားစုမှာ  မြို့သိမ်းနိုင် သည့် အခြေအနေထိရောက်ရှိလာသည်။ 

စစ်ဌာနချုပ်များအပါအဝင် မြို့ပေါင်းဆယ်နှင့်ချီလက်လွှတ်ခဲ့ရသည့် စစ်တပ်သည်လည်း စစ်ရေး နည်းဗျူဟာများတွင် သိသိသာသာပြောင်းလဲလာကြောင်း တော်လှန်ရေး တပ်များနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။ 

ကနဦးတွင် အင်အားအများပြားဖြင့် မြေပြင်စစ်ကြောင်းဖြန့်ထိုးခဲ့ကြသော်လည်း နောက်ပိုင်းတွင် မြေပြင်တပ်၊ လက်နက်ကြီးတပ်နှင့် လေကြောင်းပစ်ကူများ ပေါင်းစပ်အသုံးပြုလာသည်။ 

“သူတို့က စစ်ကြောင်းထိုးမှု ပုံစံတွေ ပြောင်းလဲလာတယ်။ တစ်နေရာမှာသူတို့ရဲ့အမာခံ ဒေသတွေမှာ အထိုင်ချတယ်။ ပြီးတော့မှ သတင်းအချက်အလက်ထောက်လှမ်းတယ်။ သတင်းအချက်အလက်ရရှိတဲ့‌ အပေါ်မူတည်ပြီး စစ်ပြင်ဆင်လုပ်ဆောင်တာတွေ တွေ့ရတယ်။ ပြီးရင် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ တောင်းခံတာကို ပြောင်းလဲပြင်ဆင်တာကို တွေ့ရတယ်” ဟု ကိုနောင်ရိုးက သုံးသပ်သည်။

၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းညီနောင်နှင့်မဟာမိတ်တပ်များ၏ ဒရုန်းတိုက်ခိုက်မှု အားသာချက် ကြောင့် နယ်မြေများဆုံးရှုံးခဲ့ရသည့် စစ်တပ်သည် ၎င်းတို့၏ အားနည်းချက်ကို ပြင်ဆင်ကာ ဒရုန်း နည်းပညာကို အဆင့်မြှင့်တင်လာခြင်းဖြစ်သည်။ 

စစ်တပ်က ကင်းထောက်ဒရုန်းများ၊ တိုက်ခိုက်ရေးဒရုန်း၊ အသေခံဒရုန်းများအပါအဝင် ဒရုန်းမျိုးစုံ ကို အသုံးပြုလာပြီး ဒရုန်းသင်တန်းများ စာတွေ၊ လက်တွေ့ ပေါင်းစပ်လေ့ကျင့်သင်ကြားပေးနေသည်ဟု MDSI က ဇွန်လတွင် ထုတ်ပြန်သည်။ 

စစ်တပ်က တပ်ဖွဲ့ချင်းကြား ချိတ်ဆက်မှု အားနည်းချက်ကို ပြုပြင်ပြောင်းလဲကာ ဒရုန်းကဲ့သို့ ခေတ် သစ်နည်းပညာနှင့် ပေါင်းစပ်ပြီး တန်ပြန်ထိုးစစ်များတွင်အသုံးပြုလာကြောင်း စစ်ရေးလေ့လာသူများ က မှတ်ချက်ပြုသည်။ 

တော်လှန်ရေးအင်အားစု၏ တပ်တည်၊ တပ်လှုပ် အရွေ့များ၊ လှုပ်ရှားမှုများကို ဒရုန်းဖြင့် ကင်း‌ထောက်အကဲခတ်ပြီးမှ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြေပြင်တပ် ရှင်းလင်းရေးဝင်ရောက်သည့် နည်းဗျူဟာများ အသုံးပြုလာသည်ကို တွေ့ရကြောင်း ကိုနောင်ရိုးက ပြောသည်။ 

 “ဒါကြောင့် လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူတွေဆို ပိုပြီးထိရောက် တိကျလာတာကို လည်း တွေ့ရတယ်။ မြေပြင်တပ် တွေကလည်း တစ်ဘက်ရန်သူတွေရဲ့ စုဖွဲ့နေရာတွေကို ပိုပြီးတော့ ရှင်းလင်း လုပ်ဆောင်လာတဲ့အနေအထားမျိုးလို့ပြောလို့ရတယ်”ဟု ၎င်းက ဆိုသည်။ 

တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုလေ့ရှိသည့် ဒရုန်းအမျိုးစားမှာ အရပ်ဘက် စိုက်ပျိုးရေးလုပ်ငန်းခွင် ဆေးဖြန်းဒရုန်းများသာဖြစ်သော်လည်း နိုင်ငံဘဏ္ဍာသုံးပြီး လက်နက်အင်အားစိတ်ကြိုက်ဖြည့် တင်းနိုင်သော စစ်တပ်က အပူအာရုံခံစနစ်၊ အမှောင်ထုတွင်းပါ မြင်နိုင်သည့် အဆင့်မြင့်ဒရုန်း အမျိုးစားစုံကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာသည်။ 

ထို့ပြင် ဒရုန်းဖြတ်တောက်ရေး (jammer) များမှာလည်း ပိုမိုအဆင့်မြင့်လာရာ စစ်တပ်၏ ဒရုန်းအန္တရာယ်က တော်လှန်ရေးအင်အားစုများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း မြေပြင်တပ်ဖွဲ့ဝင်များကပြောသည်။ 

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ရပြီး အင်အားပြုန်းတီးခဲ့သည့် စစ်တပ်သည် ၎င်းတို့လိုအပ်ချက် ဖြစ်သည့် စစ်သည်အင်အားကို ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဌာန်းပြီး ဖြည့်တင်းနိုင်ခဲ့သည်။ 

စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်သားစုဆောင်းခဲ့ရာ တစ်နှစ်ကျော်အတွင်း အင်အား ၇၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ရေးလေ့လာစောင့်ကြည်သူများက မှတ်ချက်ပြု သည်။ 

စစ်မှုထမ်းသင်တန်းဆင်းတပ်သားများကို တိုက်ခိုက်ရေးဘက်တွင် အများဆုံးအသုံးပြုနေပြီး စစ်ကြောင်းတစ်ခုလျှင် ပြည်သူ့စစ်များမှာ သုံးပုံနှစ်ပုံနီးပါးအထိ ပါဝင်လေ့ရှိသည်ဟု မြေပြင် တော်လှန်ရေးတပ်များက ပြောသည်။ 

ဩဂုတ် ပထမပတ်က မုံရွာမြို့အနီးကို နယ်မြေရှင်းလင်းရေးထွက်လာသည့်စစ်ကြောင်းကို တိုက်ခိုက် စဉ် သိမ်းဆည်းရမိခဲ့သည့် အထောက်အထားများအရ ထိုအချက်ကို ထင်ထင်ရှားရှားမြင်နိုင်သည်။ 

ထိုစစ်ကြောင်း ၃ ခုအနက် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းတွင် စစ်ကြောင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး နှင့် စစ်သား ၁၀ ဦးခန့်သာ ပါဝင်ပြီး ကျန်အင်အားမှာ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) က အချက်အလက် စာရွက်ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။ 

သာလွန်စစ်အင်အား၊ လက်နက်ခဲယမ်း၊လေကြောင်းတိုက်ခိုက်မှုတို့ဖြင့် တန်ပြန်ထိုးစစ်ဆင်လာမည့် စစ်တပ်ကို တုံ့ပြန်ရန်အတွက် တော်လှန်ရေးတပ်များကြား ဟန်ချက်ညီသည့် ပေါင်းစပ်ညှိနှိုင်းမှုများ လိုအပ် ပြီး ညီညီညွတ်ညွတ် စုစည်းတိုက်ခိုက်နိုင်ရေး အဓိကကျကြောင်း စစ်ရေးလေ့လာသုံးသပ်သူ များက ထောက်ပြသည်။ 

“စုဖွဲ့မှုတွေ၊ ပြင်ဆင်မှု တွေမလုပ်နိုင်ဘူးဆိုရင်တော့ စစ်ကောင်စီရဲ့ တန်ပြန်အပြောင်းအလဲကြားမှာ တော့ တော်လှန်ရေး အခက်အခဲရော၊ စစ်ရေးအခက်အခဲတွေရော ဒီထက်ပိုပြီးတော့ ခက်ခဲကြမ်းတမ်းမှု တွေနဲ့ ရင်ဆိုင်လာရနိုင်ခြေရှိတယ်လို့ ယူဆပါတယ်”ဟု  ကိုနောင်ရိုးက ပြောသည်။ 

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အပါအဝင် ဒေသတွင်းစစ်ရေးလှုပ်ရှားနေသည့် KRF တပ်ဖွဲ့ဝင်များကို ဩဂုတ်လက တွေ့ရစဉ် (ဓါတ်ပုံ _ Kalay Revolution Force)

Related Articles

Back to top button