စစ်ကောင်စီတပ်သည် ယမန်နေ့(သြဂုတ်လ၊ ၁၈ရက်နေ့)က မော်ချီး၊ မိုးကုတ် နှင့် ကန်ပက်လက်မြို့များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ ၂၈ ဦးသေဆုံးသွားကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်သားများထံမှသိရသည်။
ကရင်နီတပ်များထိန်းချုပ်ထားပြီး နာမည်ကျော် ခဲသတ္တုတွင်းများရှိရာ ကယားပြည်နယ် မော်ချီးမြို့ ဗုံးကြဲခံရမှုတွင် လူ ၂၀ ဦးသေဆုံးပြီး ခြောက် ဦး ဒဏ်ရာရခဲ့သည်ဟုသိရသည်။ အလားတူ တအာင်းတပ် TNLA ထိန်းချုပ်ရာ မန္တလေးတိုင်း မိုးကုတ်မြို့ကို ဗုံးကြဲချရာတွင် သေဆုံးသူ သုံး ဦး ရှိခဲ့သည်ဟု သိရသည်။
ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ် နှစ် နေရာကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်သော်လည်း အသေအပျောက်မရှိကြောင်း ဒေသခံတပ်များထံမှသိရသည်။
လေကြောင်းတိုက်ခိုက်မှုများသည် တနင်္လာနေ့အထိ ဆက်ရှိနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ရာ သီပေါမြို့၏ တောင်ရပ်ကွက်နှင့် အနောက်ရပ်ကွက်အတွင်း ဗုံး နှစ် လုံးကျရောက် ပေါက်ကွဲထားသည်။
အသက် ၅၀ ဝန်းကျင်အရွယ်၊ အမျိုးသားတစ်ဦးသည် ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရပြီး အခြားအမျိုးသမီး နှစ်ဦးလည်း ဒဏ်ရာပြင်းထန်ကြောင်း တအာင်းအမျိုးသမီးအရပ်ဘက်အဖွဲ့ (TWO) ထံက သိရသည်။
ဗုံးဒဏ်သင့်မော်ချီး
အသေအပျောက်အများဆုံးမှာ မော်ချီးမြို့ဗုံးကြဲခံရမှုဖြစ်ပြီး ဩဂုတ်လ၊ ၁၈ ရက်နေ့အထိ စာရင်းအရ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူ ၂၅ ဦးသေဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်များ၏ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဖြစ်သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကဆိုသည်။
စစ်ကော်မရှင်၏ စစ်လေယာဉ်များသည် မော်ချီးမြို့ကို လေကြောင်းတိုက်ခိုက်မှု နှစ် ကြိမ်ပြုလုပ်ရာ ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် လူသေပျောက်မှုများသွားရကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က Myanmar Now ကို ပြောသည်။
စစ်ကော်မရှင်၏ Y-12 စစ်လေယာဉ် သုံး စီးသည် နံနက်၊ ၇ နာရီ ၅၀ မိနစ်တွင် မော်ချီးမြို့အနီးရှိ လိုမူခိုရွာကို ဦးစွာ ဗုံးကြဲသည်။
ဗုံးပေါက်ကွဲဒဏ်ကြောင့် တိုက်နယ်ဆေးရုံနှင့် နေအိမ်များ ပျက်စီးပြီး အမျိုးသား နှစ် ဦးဒဏ်ရာရကြောင်း IEC အတွင်းရေးမှူး (၂) က ဆိုသည်။
နေ့လယ် ၁၂ နာရီခွဲတွင် ၁၆ ကုန်း အမည်ရှိ ရပ်ကွက်ကို စစ်လေယာဉ်ဖြင့် ဗုံး နှစ်လုံး ထပ်ကြဲရာ လူ ၂၅ ဦးထက်မနည်း သေဆုံးကြောင်း IEC ဘက်က ဆိုသည်။

Photo Credit – IEC
၁၆ ကုန်းရပ်ကွက်သည် ခဲသတ္တုတူးဖော်ရေး ရွှေ့ပြောင်းလုပ်သားများနှင့် ဒေသခံများ ရောနှောနေထိုင်ရာ ရပ်ကွက်ဖြစ်ပြီး လူနေထူထပ်သဖြင့် အသေအပျောက်များရ ကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။
“လူတွေက တနင်္ဂနွေနေ့ဖြစ်တော့ တချို့လည်း လိုင်းတွေ သုံးကြတယ်။ ခြင်း ခတ်ကြတယ်။ နားနားနေနေ နေတဲ့အချိန်မှာ လာကြဲတာ။ တောင်စောင်းမှာ အိမ်တွေကလည်း ကပ်နေတယ်ပေါ့။ လူနေထူထပ်တဲ့ ရပ်ကွက်ဖြစ်တော့ အသေအဆုံး၊ အပျက်အစီးများတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
သေဆုံးသူများထဲတွင် အမျိုးသမီး ခြောက် ဦး ပါပြီး အသက် ၁၈ နှစ်အောက် ကလေး ငါး ဦး ပါဝင်ကြောင်း IEC ထံမှသိရသည်။
မော်ချီးမြို့သည် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ ခံရသော်လည်း ယခုတစ်ကြိမ်ကြုံရသည့် လေကြောင်းတိုက်ခိုက်မှုသည် အသေအပျောက်အများဆုံး ဖြစ်ကြောင်း မော်ချီးအခြေအနေသိသည့် ကရင်နီသတင်းရင်းမြစ်အချို့က ဆိုသည်။
IEC က ပြုစုထားသည့် အချက်အလက်အရ စစ်ကော်မရှင်တပ်သည် မော်ချီးကို ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းမှ လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁ ကြိမ်လုပ်ထားကြောင်း သိရသည်။
တနင်္ဂနွေတွင် ကြုံရသည့်ဗုံးကြဲမှုကြောင့် (၁၆) ကုန်းရပ်ကွက်၌ မူကြိုကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၁၀ လုံးခန့် ပျက်စီးသွားသည်။
“တစ်ချို့အလောင်းတွေလည်း နာမည်မသိဘူးပေါ့။ ကိုယ်ခန္ဓာ တစ်စစီဖြစ်သွားတယ်။ အဲဒါကြောင့် ပျောက်ဆုံးတယ်ဆိုပြီး ဖြစ်နေတယ်” ဟု IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ဆိုသည်။
ကရင်နီတော်လှန်ရေးတပ်များသည် မော်ချီးမြို့အရှေ့ဘက် ၁၁ မိုင်အကွာ ဖားဆောင်းမြို့ရှိ စစ်ကော်မရှင်၏ ခလရ (၁၃၅) စခန်းကို ဝိုင်းပတ်တိုက်ခိုက်နေစဉ် စစ်ကော်မရှင်ဘက်က မော်ချီးကို ဗုံးကြဲလာခြင်းဖြစ်သည်။
မိုးကုတ်ဗုံးကြဲမှု
မော်ချီးတွင် ဗုံးကြဲသလို ပတ္တမြားမြေဟု နာမည်ကျော်သည့် မန္တလေးတိုင်း မိုးကုတ်မြို့ကိုလည်း ဩဂုတ်လ၊ ၁၇ ရက်နေ့၊ နံနက် ၉ နာရီတွင် ဗုံး သုံး လုံးကြဲသည်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဦးတည်၍ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ခရီးသွား အမျိုးသား သုံး ဦးသေဆုံးပြီး သုံး နှစ်အရွယ် ကလေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ ပါဝင်ကြောင်း မိုးကုတ်ဒေသခံ အချို့က Myanmar Now ကို ပြောသည်။
“ပတ္တမြားငမောက်တည်းခိုခန်းဆိုတာက မိုးကုတ်မြို့သိမ်းပြီးနောက် TNLA ရဲ့ အုပ်ချုပ်ရေးရုံးအနေနဲ့ လည်ပတ်နေတဲ့နေရာပေါ့။ ပြီးတော့ သမဝါယမဘဏ်ခေါ်တာပေါ့။ အဲ့ဒါက ပတ္တမြားငမောက်နဲ့ မျက်နှာချင်းဆိုင်ပေါ့လေ။ အဲ့အနီးအနားတဝိုက်က TNLA အုပ်ချုပ်ရေးလူကြီးတွေပဲ နေထိုင်တဲ့နေရာပေါ့။ အဲဒီနေရာကို ကြဲတာဆိုပေမယ့် ကျန်တဲ့သူကို ထိခိုက်တာမျိုးမရှိဘဲနဲ့ လမ်းသွားလမ်းလာတွေကိုပဲ ထိခိုက်မိတာပါ” ဟု မိုးကုတ်ဒေသခံ တစ်ဦးက ပြောသည်။
မကြာသေးသည့် ဩဂုတ်လ၊ ၁၅ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်သည် မိုးကုတ်မြို့အရှေ့ပိုင်းအား စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လေယာဉ်ဗုံးဒဏ်ကြောင့် အရပ်သား ၂၁ ဦးသေဆုံးပြီး ခုနစ် ဦး ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။
စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်သော မိုးကုတ်ကို ပြန်သိမ်းနိုင်ရန် နောင်ချို- မိုးကုတ်လမ်းအတိုင်း စစ်ကြောင်းထိုးလာနေစဉ် မြို့ကို လေကြောင်းမှ တစ်ဆင့် ဖိအားပေး ဗုံးကြဲနေခြင်းဖြစ်နိုင်ကြောင်း ဒေသခံ အမျိုးသားက ခန့်မှန်းသည်။
“စစ်ကောင်စီနဲ့ TNLA တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ စစ်ကောင်စီဘက်က ဖိအားပေးနိုင်ဖို့အတွက် ခုလိုမျိုး တိုက်ခိုက်နေတာလို့တော့မြင်မိတယ်” ဟု ဆိုသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကမူ စစ်ကော်မရှင်တပ်သည် တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေရှိ ပြည်သူများကို ရန်သူဟုသာ ရှုမြင်ကြောင်း ၊ ထို့ကြောင့် ဆေးရုံ ၊ စာသင်ကျောင်း မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သူ့အမြင်ကို ဆိုသည်။
“ဒါက အာဏာရှင်အဆက်ဆက်ကျင့်သုံးခဲ့တဲ့ စနစ်တစ်ခု ။ အကြောက်တရားဖြစ်အောင်လုပ်တယ်ပေါ့။ အခြားတစ်ဖက်မှာ လူမှုစီးပွားပျက်အောင်လုပ်တယ်။ လူတွေစနစ်တကျနေထိုင်တယ်။ ရောင်းဝယ် ဖောက်ကားတယ် ဆိုရင် ဖျက်ဆီးတယ်။ အဲဒီလိုဖျက်ဆီးခြင်းဖြင့် စားစရာမရှိ အတိဒုက္ခရောက်အောင် လုပ်တယ်ဆိုတဲ့ မဟာဗျူဟာတစ်ခုပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။
စစ်ကော်မရှင်တပ်သည် တနင်္ဂနွေနေ့တွင် ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ကန်ပက်လက်မြို့ပေါ် နှစ် နေရာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ကံကောင်းသည်က လူအသေအပျောက်မရှိဘဲ နေအိမ်များသာ ပျက်စီးသွားကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ဆိုသည်။



