သတင်း

ကျောက်ဖြူတွင် စစ်တပ်ထိုးစစ်ကြောင့် ကျေးရွာ၂ ရွာ လက်လွှတ်ရ၊ ဒေသခံ ၃ ဦးသေဆုံး 

စစ်တပ်က ကြည်း၊ ရေ၊ လေဖြင့် အင်အားသုံးကာ ထိုးစစ်ဆင်လာသဖြင့် ကျောက်ဖြူမြို့နယ်အတွင်းမှ ကျေးရွာ နှစ်ရွာကို AA လက်လွှတ်လိုက်ရကာ ဒရုန်းကြောင့် အရပ်သား သုံးဦး သေဆုံး၍ ငါးဦး ဒဏ်ရာ ရခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်က ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်လာသဖြင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့်  ကျေးရွာ နှစ်ရွာ လက်လွှတ်လိုက်ရသလို အရပ်သားသုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိကာ နေအိမ်အချို့မီးရှို့ခံရသည်ဟု ဒေသခံများထံက သိရသည်။

သြဂုတ်လ၊ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်က ကျောက်ဖြူမြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာ ဂေါ်တူရွာကို ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ ဦးဇော်မြင့်အေး ( ၄၈ နှစ်) နှင့် ဒေါ်မကျန်သိန်း ( ၅၁ နှစ်) တို့ သေဆုံးပြီး ဦးမောင်နိုင်ဝင်း (၄၈ နှစ်)၊ ဦးဂျွန်ဆင် ( ၅၂ နှစ်) ၊ ဦးမောင်အေးဖြူ ( ၆၅ နှစ်)၊ ဦးခင်မောင်မြင့် ( ၄၃ နှစ်)နှင့် ကိုစိုးဝင်းနိုင် (၂၄ နှစ်)တို့ ဒဏ်ရာရရှိသည့်အတွက် အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

“ကျောက်ဖြူမှာတော့ စစ်တပ်ဘက်က နေ့တိုင်းဗုံးတွေကြဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတာရှိတယ် ” ဟု ၎င်းက ဆိုသည်။

အလားတူ သြဂုတ်လ၊ ၁၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခွဲခန့်က သပြုတောင်ရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားသည်။

ကျောက်ဖြူမြို့အနောက်တောင်ဘက်၊ ကိုးမိုင်ကျော်အကွာ  လိပ်ခမော် ကျေးရွာဟောင်းကို စစ်ရေယာဥ် က သြဂုတ်လ၊ ၁၄ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၄၀ အရွယ် ဦးခင်မောင်ချစ် သေဆုံးသွားကြောင်း AA နှင့် နီးစပ်သည့် Arakan Princess Media က ရေးသားထားသည်။

ပြီးခဲ့သည့်ရက်များက ကျောက်ဖြူမြို့နယ်၊ အမှတ် (၃၂) ရဲတပ်ရင်းအနီး၌  AA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး AA ထိန်းချုပ်ထားသည့် ရမ်းဗြဲ- ကျောက်ဖြူလမ်းပေါ်မှ လိပ်ခမော် (ရွာသစ်)၊ ပျားတဲကဲ့သို့ ကျေးရွာများကို လက်လွှတ်ပေးလိုက်ရသည်ဟု စုံစမ်းသိရသည်။

ပျားတဲသည် လိပ်ခမော်ရွာ၏ အရှေ့ဘက် ရှစ်မိုင်ကျော်အကွာ ကျောက်ဖြူမြို့တောင်ဘက်၊ ၁၃ မိုင်ခန့် အကွာတွင် တည်ရှိသည်။ 

တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ဒေသခံများကို ဆက်သွယ်သော်လည်း ကျောက်ဖြူမြို့နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသောကြောင့် ဒေသအခြေအနေများကို အသေးစိတ် မသိရပေ။

ကျောက်ဖြူမြို့ခံတစ်ဦးက မြို့ပေါ်တွင် တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်သော်လည်း မြို့နှင့်အလှမ်းဝေးသောနေရာတွင် တိုက်ပွဲများ ဖြစ်နေပြီး လက်နက်ကြီးသံများကို ယခင်ရက်များက ကြားရကြောင်း၊ ယနေ့ တိတ်ဆိတ် နေကြောင်း ဆိုသည်။

“ ကျောက်ဖြူအခြေအနေက ဒီအတိုင်းပါပဲ။တိုက်ပွဲက ကျောက်ဖြူမြို့နဲ့ တော်တော်လေး ဝေးတယ်။ အများကြီးဝေးတယ်။ ကျောက်ဖြူမြို့ထဲ ဘာမှမဖြစ်ဘူး။ အခု ဖြစ်နေတာက မင်းပြင်၊ ရေနံတောင်တို့ အဲဒီဘက်မှာဖြစ်နေတာ။ ကျောက်ဖြူမြို့နဲ့ဝေးပါတယ်။ ပစ်သံ ခတ်သံတော့…လက်နက်ကြီးပစ်ရင် ကြားရတယ်” ဟု ထိုသူက ယနေ့ မွန်းလွဲပိုင်းက ပြောသည်။

“ လိပ်ခမော်၊ ပျားတဲတို့က ဆုတ်ပေးလိုက်ရတယ်လို့တော့ ကြားတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ရွာနှစ်ရွာ လက်လွှတ်ရသည်ဆိုသော သတင်းနှင့် ပတ်သက်၍ AA ပြောခွင့်ရ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာ အချို့ကမူ ကျောက်ဖြူမြို့နယ် ပျားတဲ၊ လိပ်ခမော်ရွာတို့ကို ပြန်ထိန်းချုပ်ခဲ့ပြီး လိပ်ခမော်ရွာတောင်ဘက် နှစ်မိုင်ကျော်အကွာ ကုလာဘာရွာကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်နေကြောင်း ဩဂုတ်လ၊  ၁၂ ရက်နေ့က ဖော်ပြနေ ကြသည်။

ကျောက်ဖြူမြို့နယ်အတွင်း စစ်ရေးအခြေအနေပြမြေပုံ။

ကျောက်ဖြူမြို့နယ်တွင် ရခိုင်ပြည်နယ်၌ အကြီးဆုံး ရေတပ်ဌာနချုပ်ဖြစ်သော ဓညဝတီရေတပ် ရှိသလို တရုတ်စီမံကိန်းများနှင့် ကျောက်ဖြူလေဆိပ်လည်းရှိသည်။ ၂၀၁၉၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ မြို့ပေါ် ၁၅ ရပ်ကွက်နှင့် လူဦးရေ တစ်သိန်း ခြောက်သောင်းကျော် နေထိုင်သည်။

ရခိုင် ၁၇ မြို့နယ်အနက် ကျောက်ဖြူ၊ မာန်အောင်နှင့် ပြည်နယ်မြို့တော် စစ်တွေတို့မှအပ  ကျန် မြို့နယ် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ကျောက်ဖြူမြို့နယ်အတွင်း ယခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီးနောက် AA အပေါ် တရုတ်ဖိအား ရှိ မရှိ နှင့်ပတ်သက်၍ ဒေသတွင်းအခြေအနေအား စစ်ရေးလေ့လာသူများက စောင့်ကြည့်နေသည်။

ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာအများစုတွင် AA က နယ်မြေစိုးမိုးထားပြီး စစ်တပ်က ရေတပ်နှင့် မြို့ပေါ် အခြေစိုက်တပ်များတွင်သာ နေရာယူထားရာမှ တန်ပြန်ထိုးစစ်များ ပြုလုပ်လာခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်၊ မန္တလေးတိုင်းအတွင်း မတ္တရာနှင့်စဉ့်ကူး တို့ကဲ့သို့ ကျောက်ဖြူမြို့နယ်တိုက်ပွဲ များတွင်လည်း စစ်တပ်က အဆင်မြင့်ဒရုန်းများ အသုံးပြုလာသည်ကို စစ်တပ်ဝါဒဖြန့်အွန်လိုင်းစာမျက်နှာ အချို့တွင် ရုပ်သံဖိုင်များနှင့်တကွ ဖော်ပြနေကြသည်။ 

AA သည် ရခိုင်ပြည်နယ်ပြင်ပဖြစ်သော  ရခိုင်- မကွေးတိုင်း၊ ရခိုင်-ပဲခူးတိုင်း၊ ရခိုင်- ဧရာဝတီတိုင်း နယ်စပ် များတွင်လည်း စစ်မျက်နှာဖွင့်ထားရာ ထိုဒေသများတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ရွာအနီး အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အာဏာသိမ်း စစ်တပ်၏ အလောင်း ၂၀ ခန့်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု AA က သြဂုတ်လ၊ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

၎င်းတို့အနေဖြင့် မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ ပြည့်မြောက်ရန် စစ်ဆိုင်ထားသောနေရာများ၌ တိုက်ပွဲများ ရပ်တန့်ခြင်းမရှိသေးဘဲ အပြီးသတ်မြို့သိမ်းတိုက်ပွဲများကိုလည်း ဆင်နွှဲနေသည် ဟု AA ဘက်က ဆိုသည်။
AA သည် ရခိုင်ပြည်နယ်တွင် ၂၀၂၃၊ နိုဝင်ဘာလ၊ ၁၃ ရက်နေ့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။

အဆိုပါ မြို့သိမ်းစစ်ဆင်ရေးများ စတင်ကတည်းက ရခိုင်တစ်ပြည်နယ်လုံး သိမ်းပိုက်မည်ဟု AA က ကြွေးကြော်ထားသည်။ 

စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြသော ပျားတဲရွာမှ သိမ်းဆည်းရမိလက်နက် ခဲယမ်းအချို့။

Related Articles

Back to top button