သတင်း

ကျောက်မဲမြို့နယ်အတွင်း စစ်တပ်နှင့် TNLA တို့ ၄ ရက်ကြာ တိုက်ပွဲဆက်ဖြစ်

ကျောက်မဲမြို့နယ်အတွင်း စစ်တပ်က မြေပြင်ထိုးစစ်ဆင်လာပြီးနောက် တိုက်ပွဲများဖြစ်နေသည်မှာ လေးရက်ရှိနေပြီဖြစ်ပြီး စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ၊ ထန်းတပင်ရွာအနီး စစ်ကော်မရှင်တပ်နှင့် တအာင်းတပ် (TNLA) တို့ ယနေ့ (ဩဂုတ်လ၊ ၂၂ ရက်နေ့)၊ နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး လူဦးရေ နှစ်သောင်းနီးပါး ဘေးလွတ်ရာထွက်ပြေးနေရသည်ဟု ဒေသခံများထံက သိရသည်။

နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ်၏ တပ်မ (၁၁) တပ်ဖွဲ့ဝင်များသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် ၊ ထန်းတပင်ရွာကို ဩဂုတ်လ၊ ၁၉ ရက်နေ့၊ နံနက်တွင် စတင် ထိုးစစ်ဆင်လာ၍ TNLA နှင့် တိုက်ပွဲများဖြစ်ပွားနေသည်မှာ လေးရက်ရှိနေပြီဖြစ်သည်။

“တိုက်ပွဲက ဆက်တိုက် ဖြစ်နေတုန်းပဲ။ ရွာထဲကို လက်နက်ကြီးတွေကျလို့ အိမ်တွေ မီးလောင်တာရှိတယ်။ ရွာခံတွေကတော့ အသံတွေ ငြိမ်တာနဲ့ ပစ္စည်းတွေ သွားသွား ယူနေကြတာ၊ တချို့လည်း ထိခိုက်ကြတာရှိတယ်” ဟု နောင်ပိန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် ထန်းတပင်ရွာအနီးသို့ စစ်တပ်က ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် နေ့စဉ် ဗုံးကြဲနေသည်ဟု သိရသည်။

“လေယာဉ်တွေ တောက်လျှောက် လာပစ်နေတယ်။ လက်နက်ကြီးတွေလည်း ဆက်တိုက် ပစ်နေတာ။ ရွာထဲက အိမ်တွေထဲလည်း ကျတာပဲ။ အသံကျယ်ကြီးနဲ့ လေယာဉ်က ခဏခဏ လာပတ်နေတာ။ တိုက်ပွဲက နောင်ပိန်ရွာထဲအထိတောင် ရောက်ပြီလား ထင်ရတယ်” ဟု အထက်ပါနောင်ပိန်ရွာခံက ပြောသည်။

တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်သံ အများအပြား ကြားနေရကာ နှစ်ဖက်တပ်များသည် အသေအချာစစ်ပြင်ထားကြကြောင်း ကျောက်မဲမြို့ခံ အမျိုးသား တစ်ဦးကလည်း ယနေ့ ပြောသည်။

“ တိုက်ပွဲက ဆက်ဖြစ်နေတယ်။ နောင်ပိန်ရွာနားတောင် ကပ်နေပြီ ။ ကုန်းညောင်လောက်အထိပဲ သွားလို့ ရတော့တယ်။ လက်နက်ကြီးတွေ ဒီလောက်ပစ်နေကြတာ  (ဒေသခံတွေကို) သွားကယ်လို့လည်း မလွယ် တော့ဘူး။ လက်နက်ကြီးက ရွာထဲရော၊ ရွာပြင်ရောကျတာ ရေတွက်လို့တောင် မရဘူး။ တိုက်ပွဲကလည်း ရှေ့တိုး နောက်ဆုတ်ပဲ အဖြေမသဲကွဲသေးဘူး ။နောင်ပိန်နားတဝိုက် (စစ်တပ်က) ဝိုင်းထားတယ် ပြောရမယ်။ ဂုတ်တွင်းက ပေါက်လာရင်တော့ ဝိုင်းတယ်ဆိုတာ ပိုသေချာတာပေါ့” ဟု ထိုသူက ဆိုသည်။

“ တအောင်းတပ်ကလည်း အင်အား အများကြီး စစ်ပြင်ထားတယ်။  စစ်တပ်ဘက်က ဘယ်လို ထိုးဖောက်မလဲ တော့ မပြောတတ်ဘူး။  နောင်ပိန်ပေါက်သွားရင်တော့ ကျောက်မဲကို စစ်တပ်က ခဏအတွင်း ရောက်လာနိုင်တယ်။ ကျောက်မဲက တချို့လည်းနီးမှ ရှောင်မယ်…လုပ်နေသူတွေလည်း ရှိတယ် ” ဟု ထိုအမျိုးသားက ဆက်ပြောသည်။ 

ထန်းတပင်ရွာနှင့် သုံးမိုင်အကွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ ထိန်းချုပ်သည့် နောင်ပိန်တိုက်နယ်ရွာကြီးရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ၊ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်တွင် အဆိုပါ နောင်ပိန်တိုက်နယ်ကျေးရွာအား စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ရွာသား ၁၀ ဦးကျော် သေဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း နောင်ပိန်ရွာမှ ကလေးငယ်များအပါအဝင် ဒဏ်ရာရသူဦးရေ ၄၀ နီးပါး ရှိပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံများထံက သိရသည်။

“ကလေးတွေရော အမျိုးသမီးတွေရော စုစုပေါင်း လေးဆယ်လောက် ရှိပါတယ်။ ပရဟိတအဖွဲ့တွေနဲ့ နောင်ပိန် လူမှုကူညီရေးအဖွဲ့တွေက ဆေးရုံပို့ပေးထားတယ်။ အခုတော့ လားရှိုးမြို့ခံတွေက ဝိုင်းဝန်း ကူညီပေးနေပါတယ်” ဟု ဒဏ်ရာရသူများအား အကူအညီပေးရာတွင် ပါဝင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရသူများနှင့် အတူပါသည့် မိသားစုဝင်များ၊ စစ်ဘေးတိမ်းရှောင်လာသည့် ဒုက္ခသည်များအား လားရှိုးမြို့ခံများက ကူညီပေးနေသည်ဟု ကျောက်မဲဒေသခံများက ဆိုသည်။

နောင်ပိန်ရွာမှ ထိခိုက်ဒဏ်ရာရသူ တစ်ဦးကို လားရှိုးဆေးရုံသို့  ပရဟိတအဖွဲ့များက ပို့ဆောင်ရန် ပြင်ဆင်နေကြသည်ကို ဩဂုတ်လ၊ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- U Sai Nay Aung)

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်တပ်က နောင်ချိုမြို့မှနေ၍ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ၊ ဇီပင်ရွာ၊ ပင်တိန်ရွာ၊ ပင်တီးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်ခဲ့ရာ စစ်ဘေးဒုက္ခသည်များ အပါအဝင် အရပ်သား လေး ဦး သေဆုံးခဲ့သည်။

မကြာသေးမီ ဩဂုတ်လ၊ ၁၈ ရက်နေ့က ကျောက်မဲမြို့နယ်၊ ကျောင်းကုန်းရွာ၊ နောင်ပိန်ရွာတို့ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျောင်းကုန်းရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်၊  နောင်ပိန် ရွာ နားမိန်ဘုန်းကြီးကျောင်းမှ ကိုရင် တစ်ပါး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း နောင်ချိုမြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ရာ စစ်တပ်က တောင်ခမ်း ကျေးရွာမှ တပ်မ (၁၁)၊ တပ်မ (၅၅) စစ်ကြောင်းများဖြင့် ခြောက်လကြာ ထိုးစစ်ဆင်ပြီး နောင်ချိုမြို့ကို ပြန်လည် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

နောင်ချိုကို ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ်သည် နောင်ချိုမြို့မြောက်ဘက်၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် နောင်ချိုမြို့အရှေ့ဘက်၊ ကျောက်မဲမြို့တို့ကို တပြိုင်တည်းထိုးစစ်ဆင်ရန် ကြိုးပမ်းလာသည်။

စစ်ကော်မရှင်တပ်သည် နောင်ချိုမြို့ကို ရပြီးနောက် ကပ်လျက် ကျောက်မဲမြို့ကို ထိုးစစ်ဆင်မည်ဟု ဒေသခံများက ကနဦး ယူဆခဲ့ကြသော်လည်း အထက်ဘက် မိုးကုတ်မြို့ကို တပ်မ (၅၅) တပ်များဖြင့် စတင်ထိုးစစ်ဆင်ခဲ့သည်။ 

ယခုရက်ပိုင်းတွင် မိုးကုတ်နှင့် မိုင် ၅၀ နီးပါးအကွာ လုံခံရွာအား ဆက်လက် ထိုးစစ်ဆင်နေသည်ဟု အနီးရှိ ဟိုခိုရွာမှ ရွာခံတို့က ဆိုသည်။

မိုးကုတ်မြို့နှင့် မိုင် ၅၀ အကွာအရောက်တွင်  စစ်ကော်မရှင်၏ တပ်မ (၁၁) သည် ဂုတ်တွင်းချောင်းကို ဖြတ်ပြီး ကျောက်မဲမြို့ဘက်သို့ မြေပြင် ထိုးစစ်ဆင်လာ၍ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ 

နောင်ချို-ဂုတ်တွင်းလမ်းနှင့် ဂုတ်ထိပ် သံလမ်းအနီးတွင် စစ်တပ်နှင့် TNLA တပ်ဖွဲ့များ တပ်ဆိုင်ထားပြီး နောင်ချိုဘက်မှလည်း အခြေချတပ်များက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် နောင်ပိန်၊ ပင်တိန်၊ ပင်တီး၊ ဇီပင် စသောရွာများနှင့် ထိုဒေသများသို့ စစ်ရှောင် ရောက်နေသော ကျောက်မဲနှင့် သီပေါမြို့ ဒေသခံများ အပါအဝင် လူဦးရေ နှစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေးနေရသည်ဟု ဒေသခံများထံက သိရသည်။

နောင်ပိန်ရွာသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် မိုင် ၂၀ ခန့် အကွာတွင်ရှိပြီး နောင်ချို- ကျောက်မဲ ပြည်ထောင်စုလမ်းအတွက် အရေးပါသည့် ရွာကြီးတစ်ရွာဖြစ်သည်။ အဆိုပါ လမ်းသည် မန္တလေးနှင့် တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသား အများစု နေထိုင်သည့် နောင်ပိန်ရွာသည် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်သည့် ကျေးရွာ ဖြစ်သည်။

ရှမ်းမြောက် စစ်ဆင်ရေးများတွင် ပါဝင်မည် မဟုတ်သလို မည်သည့် လက်နက်ကိုင် အဖွဲ့ကိုမှ စစ်ရေး အကူအညီ ပေးမည်မဟုတ်ကြောင်း၊ အရပ်သား ထိခိုက်မှုများကိုမူ ကူညီမည်ဟု SSPP/SSA ဘက်က ထုတ်ဖော် ပြောဆိုထားသည်။

နောင်ပိန်ရွာအား ထိန်းချုပ်နိုင်ပါက နောင်ချို–ဂုတ်တွင်း ပြည်ထောင်စုလမ်းမကြီးအား စစ်တပ်က ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျောက်မဲနှင့် သီပေါ ထိုးစစ်များတွင် စစ်တပ်အတွက် အားသာနိုင်သည်ဟု နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

ကျောက်မဲတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ TNLA က သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ ညပိုင်းတွင် ကျောက်မဲ တစ်မြို့လုံးကို TNLA က ထိန်းချုပ်နိုင်ခဲ့သည်။

ထိုသို့ သိမ်းပိုက်ပြီး တစ်နှစ်ကျော် အကြာတွင် စစ်တပ်က ကျောက်မဲမြို့အား ပြန်လည် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

စစ်တပ်သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် စီးပွားရေးအချက်အချာကျသော မန္တလေးမြို့မှ တရုတ်နယ်စပ် မူဆယ်မြို့သို့ ဆက်သွယ်ထားသည့် တရုတ်- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသော နောင်ချို၊ ကျောက်မဲ၊  သီပေါမြို့ကို TNLA ထံက ပြန်တောင်းခဲ့သလို ကိုးကန့်တပ် MNDAA ထံမှလည်း သိန္နီမြို့ကို ပြန်တောင်းခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ထိုနှစ်ဖွဲ့လုံးက ထိုမြို့များမှ ဆုတ်ခွာရန်မရှိကြောင်း သဘောထားရှိကြရာ စစ်တပ်က မြေပြင်ထိုးစစ်၊ လေကြောင်းပစ်ကူများဖြင့် ထိုမြို့များပြန်ရယူကာ နယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်ရန် ကြိုးပမ်းလာသည်။ 

Related Articles

Back to top button