မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်း၊ စကားပင်ကျေးရွာ စစ်တပ်က ဩဂုတ်လ ၂၃ ရက် နေ့တွင် အသေခံဒရုန်း၊ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့စဉ် အရပ်သားတစ်ဦး သေဆုံးကာ သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ပွဲဇုန်မှ ၉ မိုင်ခန့်ဝေးသည့် အဆိုပါကျေးရွာ၌ စစ်ရှောင်များ ခိုလှုံနေထိုင်နေသည့် ဘုန်းကြီးကျောင်းကို နံနက် ၉ နာရီအချိန်တွင် တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး အရပ်သားသုံးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထို့နောက် ည ၇ နာရီအချိန်ခန့်တွင် အထက်ပါဘုန်းကြီးကျောင်းကိုပင် စစ်တပ်က FPV (First Person View) ဒရုန်းခေါ် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့စဉ် လူသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
“ဒရုန်းဝဲတယ်ဆိုတော့ စစ်ဘေးရှောင်တွေက အဆောက်အအုံတွေထဲ ဝင်ပြေးကြတာပေါ့၊ အဲ့ဒီလိုပြေးတဲ့ လူတွေနောက်ကို ဒရုန်းက လိုက်လာပြီး အဆောက်အအုံအတွင်းထဲလည်းရောက်……ပေါက်ကွဲသွားတာ” ဟု မတ္တရာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အသက် ၅၀ ခန့်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးသေဆုံးပြီး၊ အသက် ၇၀ ခန့်အရွယ် အဘွားအို တစ်ဦး၊ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်ဒဏ်ရာရကာ ဒဏ်ရာမပြင်းထန်သည့် ထိခိုက်သူများလည်းရှိခဲ့ကြောင်း သိရသည်။
အပျက်အစီးနှင့် ထိခိုက်သေဆုံးသူများ၊ ဒဏ်ရာ ရသူများ၏ အမည်၊ အခြေအနေ အသေးစိတ်များကို မသိရသေးပေ။
“ကျွန်မတို့ဒေသခံတွေက လေယာဉ်လာရင် ဘယ်လိုနေထိုင်၊ လက်နက်ကြီးပစ်ရင် ဘယ်လိုပုန်းရှောင် ရမလဲ ဆိုတာကိုတော့ အတွေ့အကြုံအရ လုပ်တတ်ကြတာပေါ့၊။ ဒီ ဒရုန်းကြတော့ တခါမှ မကြုံဖူးတော့ မပုန်းတတ် …မရှောင်တတ်ကြဘူး”ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
အဆိုပါ စကားပင်ကျေးရွာဘုန်းကြီးကျောင်းတွင် မတ္တရာအရှေခြမ်းကျေးရွာများမှ စစ်ရှောင်အများစု ခိုလှုံနေကြသည်။

မကြာသေးခင် ဩဂုတ်လ ၁၇ ရက်နေ့ကတွင်လည်း ကျေးရွာတစ်ရွာအတွင်းသို့ Y-12 ထောက်ပို့လေယာဉ် ဖြင့် ဒါဇင်နှင့်ချီသည့် ဗုံးသီးများပစ်ချတိုက်ခိုက်ခြင်းကြောင့် ရွာသားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ သည်။
မတ္တရာမြို့နယ်အရှေ့ပိုင်းမှ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်နယ်မြေများကို ပြန်လည်ရရှိရေး စစ်တပ်က ဇူလိုင်လမှ စတင်၍ အပြင်းအထန် ထိုးစစ်ဆင်နေရာ၊ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး အများအပြားအသုံးပြုတိုက်ခိုက်မှုများ လုပ်နေသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မန္တလေးမြို့နှင့်မိုင်၂၀ အကွာ မတ္တရာမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် ဇွန်လ၂၅ ရက်နေ့မှစကာ ဒေသတွင်းတိုက်ပွဲများ စတင်ခဲ့ပြီးနောက် ဒေသခံ ထောင်ချီသည် အိုးအိမ်ပစ်ကာ ထွက်ပြေးနေရပြီး အများစု နေရပ် မပြန်နိုင်သေးပေ။
နိုင်ငံအနှံ နယ်မြေအများအပြား ဆုံးရှုံးလိုက်ရသော စစ်တပ်က ယခုနှစ်လယ်မှ စတင်ကာ မန္တလေး၊ စစ်ကိုင်း၊ ကရင်နီ၊ ကချင်၊ မကွေး၊ ရှမ်းမြောက်ဒေသများကို တပြိုင်နက်တည်း မြေပြင်၊ ဝေဟင် ထိုးစစ် ဆင်နေသည်။
မန္တလေးတိုင်းအတွင်း ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များရှိ မြကန်သာ၊ သရက်ကိုင်း၊ ကျောက်တံတား၊ ဘိုကုန်း စသည့်ကျေးရွာများကို စစ်တပ်က ပြန်လည်ရရှိထားပြီး၊ မန္တလေး-မတ္တရာကားလမ်းမကြီးဘေး ကျောက်တံတားကျေးရွာအရှေ့ဘက်မှ လမိုင်းကျေးရွာအထိ ဝင်ရောက်ထားနိုင်ပြီဖြစ်သည်။
မတ္တရာမြို့နယ်အနောက်ပိုင်း ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများရှိ ဒေသခံ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေများကို ယမန်နှစ် နိုဝင်ဘာလ တွင် စစ်တပ်က ပြန်သိမ်းနိုင်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်မတော် -မန္တလေး (MDY-PDF) ထိန်းချုပ်သည့် မတ္တရာအရှေ့ပိုင်းကိုပါထိုးစစ်ဆင်လာခြင်းဖြစ်သည်။
MDY-PDF က မတ္တရာမြို့မြောက်ဘက် စဉ့်ကူးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်၊ စဉ့်ကူးမြောက်ဘက် သပိတ်ကျင်းမြို့မှာ မူ ဇူလိုင်လအတွင်း တော်လှန်ရေးအင်အားစုများက စွန့်လွှတ်ခဲ့ရပြီး မြို့ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ဒရုန်းကို အားသာချက်အဖြစ် သုံးလာသည့် အာဏာသိမ်းစစ်တပ်
“၁၀၂၇ စစ်ဆင်ရေး” တွင် တော်လှန်ရေးအင်အားစု၏ ဒရုန်းစွမ်းရည် အားသာချက်ကြောင့် ရှမ်းမြောက် တစ်ခုလုံးနီးပါး လက်လွှတ်ခဲ့ရသော စစ်တပ်သည် ၎င်းတို့၏ ဒရုန်းနည်းပညာကို ပြန်လည်အဆင့်မြှင့် တင်ခဲ့ပြီး စစ်မျက်နှာပြင် အသီးသီးတွင် ဒရုန်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာသည်။
အထူးသဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်းတိုက်ပွဲတွင် ညကြည့်ဒရုန်းများကိုပါ အသုံးပြုတိုက်ခိုက် ခဲ့၍ တော်လှန်ရေးတပ်များဘက်က အထိနာခဲ့သလို ယခုနှစ်အတွင်း ထိုးစစ်များတွင် FPV အပါအဝင် အဆင်မြင့်ဒရုန်းများပါ သုံးစွဲလာသည်။
မကြာသေးခင်က စစ်တပ်ဝါဒဖြန့်အွန်လိုင်းစာမျက်နှာတချို့တွင် ကချင်တပ် (KIA) သိမ်းထားသော ဗန်းမော်မြို့အခြေစိုက် အမှတ် (၃၆၆) အမြောက်တပ်အတွင်း FPV ဒရုန်းဖြင့် တိုက်ခိုက်သော ရုပ်သံ တစ်ခု ဖော်ပြခဲ့ကြသေးသည်။
မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် စစ်တပ်က အသေခံဒရုန်းဖြင့် လိုက်လံ တိုက်ခိုက်မှုများရှိလာသည်ဟု တော်လှန်ရေးရဲဘော်များက ယခုလဆန်းက Myanmar Now ကို ပြောထားသည်။
လေယာဉ်ပစ်ကူတောင်းခံခြင်းထက် ဒရုန်းအသုံးပြုမှုက အမိန့်ကို မြန်မြန်ဆန်ဆန် စီးဆင်းကာ အလျင် အမြန်တိုက်ခိုက်နိုင်နေသော အားသာချက်ပါ ရှိနေသည်။
၂၀၂၁ ဒီဇင်ဘာလက ချင်းဒေသတော်လှန်ရေးအင်အားစုထံတွင် သွားရောက်ပူးပေါင်းခဲ့သော ဗိုလ်ကြီး ကောင်းသူဝင်းက စစ်တပ်က ဒရုန်းအသုံးပြုခြင်းသည် လေတပ်ပစ်ကူထက် ပိုမို လျင်မြန် ထိရောက်မှု ရှိသည်ဟု ၂၀၂၄ ခုနှစ် အောက်တိုဘာ တတိယပတ်က Myanmar Now ကို မှတ်ချက်ပေးထားသည်။
“လေတပ်က လေယာဉ်တစ်စီး ထွက်လာဖို့ထက် စောင့်ရတဲ့အချိန်လောက်လည်း မကြာဘူး၊ အမိန့် ဖြတ်သန်းစီးဆင်းပုံလည်း အဲဒီလောက် မကြာတဲ့အနေအထားမျိုးတွေဖြစ်တယ်” ဟု စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို ထိုးစစ်ပြန်ဆင်ရာတွင် စစ်တပ်က ဒရုန်းအမျိုးမျိုးသုံးစွဲလာကြောင်း ယမန်နှစ် ဒီဇင်ဘာလအတွင်းက ပြောထားသည်။
၂၀၂၄ နိုဝင်ဘာလဆန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ် အတွင်း ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီကို သွားရောက်ခဲ့ပြီးနောက် စစ်တပ်သည် ၎င်းတို့အထိနာခဲ့ရသည့် ဒရုန်းတိုက်ခိုက်မှုများ တန်ပြန်အရှိန်မြှင့်လာခဲ့သည်။




