သတင်း

ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရ၊ နောင်ပိန်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ

နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် ကမ္ဘာကျော် ဂုတ်ထိပ် ရထားလမ်းသံတံတား ကျောက်မဲမြို့ဘက် အခြမ်းတွင် အုတ်နံရံနှင့် သံမဏိတံတားဆက်သွယ်ထားသည့်နေရာ ပျက်စီးသွားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် ကမ္ဘာကျော် ဂုတ်ထိပ် ရထားလမ်းသံတံတား ဩဂုတ်လ ၂၄ ရက်နေ့တွင် မိုင်းခွဲ ဖျက်ဆီးခံရကြောင်း ဒေသခံများထံက သိရ သည်။

နောင်ချိုနှင့် ကျောက်မဲမြို့တို့အား ဆက်သွယ်ထားသည့် အဆိုပါရထားလမ်းသံတံတားအား ယနေ့ နံနက် တွင် မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်ဟု ဆိုကြသည်။

“ကျောက်မဲဘက်အခြမ်း လှိုဏ်ဂူအဝင် တံတားထိပ်နေရာမှာ မိုင်းခွဲခံရတာပါ။ လုံးဝ ပျက်စီးကျိုးကျတာ မျိုးတော့ မဟုတ်ဘူး။ တိုက်ပွဲတွေလည်း ဖြစ်နေတော့ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ဘယ်သူမှ အတိအကျ မသိရသေးဘူး” ဟု နောင်ချိုမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

ဂုတ်ထိပ်တံတား မိုင်းခွဲခံရသည့် အဆိုပါ သတင်းအား စစ်တပ် ဝါဒဖြန့်သူများက အွန်လိုင်းစာမျက်နှာ များတွင် စတင်ဖြန့်ဝေခဲ့ကြပြီး တအာင်းတပ် (TNLA) ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲထားသည်။

အဆိုပါကိစ္စအတွက် TNLA ပြောခွင့်ရသူ လွေးယေဦးကို  ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကော်မရှင်ဘက်က နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား  TNLA က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သလို စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂုတ်ထိပ်တံတားမြောက်ဘက်တွင် TNLA က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း စစ်တပ် ဝါဒဖြန့်မီဒီယာတစ်ခုကို ပြောထားသည်။ 

ဂုတ်ထိပ်တံတား၏ သံမဏိတံတားဘောင်နှင့် အုတ်နံရံတို့ ဆက်သွယ်ထားသည့်နေရာ ထိခိုက်ပျက်စီး သွားကြောင်း၊ ပြင်းထန်သည့် လက်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။ အဆိုပါ တံတားကို ပြန်လည်ပြင်ဆင်ရန် တော်တော်နှင့် လုပ်နိုင်ဦးမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။ 

အရှည်ပေ ၂၂၆၀ ရှိသည့် ဂုတ်ထိပ်ရထားလမ်းအား ၁၈၉၉ နှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နောင်ချိုဘူတာနှင့် ခုနစ် မိုင်အကွာတွင်ရှိသည့် အဆိုပါ ရထားလမ်းအား ၁၉၀၀ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးခဲ့ပြီး ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။

ထိုရထားလမ်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအား ဆက်သွယ်ရာတွင် အသုံးပြုသည့် တစ်ခုတည်းသော ရထားသံလမ်းဖြစ်သည်။

စစ်တပ်က ၂၀၂၁ တွင်  အာဏာသိမ်းပြီးနောက် မီးရထားဝန်ထမ်းများ CDM ပြုလုပ်ထား၍ ရှမ်းမြောက် ဒေသနှင့် မန္တလေးတိုင်းအတွင်း ရထားလမ်းပြေးဆွဲနိုင်မှု မရှိခဲ့သည်မှာ လေးနှစ်ကျော်ရှိခဲ့ပြီဖြစ်သည်။

အဆိုပါ ရထားလမ်းအနီးရှိ နောင်ပိန်ရွာနှင့် ထန်းတပင်ရွာများတွင် စစ်ကော်မရှင်တပ်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေချိန် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

ယခုလ ၁၉ ရက်နေ့ကတည်းက ကျောက်မဲမြို့နယ် ထန်းတပင်ရွာသို့ ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် TNLA တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်နေသည်မှာ ခြောက်ရက်ရှိနေပြီ ဖြစ်သည်။

စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် ထန်းတပင်ရွာနှင့် သုံး မိုင်ကွာသည့် နောင်ပိန်ရွာသို့ ဩဂုတ် ၂၃ ရက်နေ့ ညနေတွင် ရောက်ရှိနေပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့တွင် နောင်ပိန်ရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ ထိခိုက်ခဲ့သည်ဟု သိရသည်။

“ရွာထဲကို ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ ပစ်တယ် အိမ်တွေ မီးလောင်တယ်။ အမျိုးသား တစ်ယောက် သေတယ်။ တစ်ချို့ ထုတ်လို့မရတာရှိတယ်” ဟု နောင်ပိန်ရွာခံတစ်ဦးက ပြောသည်။

နောင်ပိန်ရွာမှာ ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ တိုက်နယ်ရွာကြီးဖြစ်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့ ထိန်းချုပ်သည့် ကျေးရွာဖြစ်ကာ ကျောက်မဲမြို့နှင့် မိုင် ၂၀ ခန့် အကွာတွင် ရှိသည်။ 

နောင်ပိန်ရွာအား စစ်တပ်ရသွားပါက ကျောက်မဲထိုးစစ်အတွက် ပိုမို အားသာသွားနိုင်သည် ဟု စစ်ရေး အကဲခတ်များက သုံးသပ်ထားကြသည်။

TNLA နှင့် စစ်ကော်မရှင် တပ်ဖွဲ့တို့ တိုက်ပွဲစဖြစ်ချိန် SSPP တပ်ဖွဲ့ဝင်များ နောင်ပိန်ကျေးရွာမှ ရှောင်ပေး လိုက်ကြသည်ဟု ဒေသခံများက ပြောသည်။

SSPP အနေဖြင့် တိုက်ပွဲများတွင် ဝင်ပါမည်မဟုတ်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆုက Myanmar Now ကို ပြောထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင် နောင်ပိန်တိုက်နယ်ကျေးရွာအား စစ်တပ် က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ရွာသား ၁၀ ဦးကျော် သေဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း နောင်ပိန်ရွာမှ ကလေးငယ်များအပါအဝင် ဒဏ်ရာရသူ ဦးရေ ၄၀ နီးပါး ရှိပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ထားရသည်။

နောင်ချိုမြို့ကို ရပြီးနောက် စစ်တပ်က အနီးရှိ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ၊ ဇီပင်ရွာ၊ ပင်တိန်ရွာ၊ ပင်တီးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်ခဲ့ရာ စစ်ဘေးဒုက္ခသည်များအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့သည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် နောင်ပိန်၊ ပင်တိန်၊ ပင်တီး၊ ဇီပင် စသော ကျေးရွာများနှင့် ထိုဒေသများသို့ စစ်ရှောင်ရောက်နေသော ကျောက်မဲနှင့် သီပေါမြို့ ဒေသခံများအပါအဝင် လူဦးရေ နှစ်သောင်းကျော် သည် ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေးနေရသည်။

စစ်တပ်ကထုတ်ပြန်ထားသော တံတားပျက်စီးမှုအခြေအနေ။

Related Articles

Back to top button