ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကချင်လွတ်လပ်ရေးတပ် (KIA) သိမ်းထားသည့် စခန်းကုန်းတစ်ခုကို စစ်တပ်က စက်တင်ဘာလ ၆ ရက်နေ့ မှ စတင်ထိုးစစ်ဆင်နေရာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်တပ်ဘက်က အကျအဆုံးရှိသည်ဟု ဒေသခံများက ပြောကြသည်။
ဖားကန့်မြို့အလယ်ပိုင်းတွင် တည်ရှိသော စစ်တပ်ဗျူဟာကုန်း၏ အနောက်ဘက် တစ်မိုင်ခန့် အကွာတွင် ရှိသည့် ရှရော်ခ ကျေးရွာ အနီး ညောင်ပင်ကုန်းစခန်းကို KIA က သိမ်းထားပြီး ထိုနေရာသည် စစ်တပ်ဗျူဟာကုန်းကို စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့် အားသာချက်ရှိနေသည်။
ထို့ကြောင့် အဆိုပါစခန်းကုန်းကို လက်မလွှတ်ရရေး KIA ပူးပေါင်းတပ်များကလည်း မဆုတ်တမ်း ခုခံနေသည်ဟု KIA နှင့် နီးစပ်သူ အသက် ၄၀ ကျော်အရွယ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အကျအဆုံးရှိသောကြောင့် စစ်တပ်က အင်အားထပ်မံဖြည့်တင်းနေသည့်အတွက် တိုက်ပွဲပိုမိုပြင်းထန် လာနိုင်ဖွယ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“တစ်နေ့ကလည်း ၂၀ လောက်၊ မနေ့ကလည်း ၂၀ လောက်ဆိုတော့ (စစ်ကော်မရှင်တပ်ဖွဲ့ဝင်) ၄၀ လောက် ထပ်ကျတယ်။ လက်နက်တွေလည်း အများကြီးရတာပေါ့။ ဒီနေ့လည်း လက်နက်တွေလိုက်ကောက်တယ်လေ၊ ကောက် နေရင်း စစ်တပ်က ပြန်ထိုးလာပြီး Dead Body (အလောင်း) လာကောက်တော့ ပြန်ဆုတ်ထားပေးတာပေါ့” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
စစ်တပ်သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုချက်မရပေ။
စစ်တပ်က ညောင်ပင်ကုန်းစခန်း၏ အနောက်ဘက် ဆန်းကြွယ်ရွာနှင့် စခန်း၏ မြောက်ဘက် မှော်မောင်း လယန်ရွာတို့မှ စစ်မျက်နှာ နှစ်ခုဖြင့် ထိုးစစ်ဆင်နေသည်ဟု သိရသည်။
ယနေ့ (စက်တင်ဘာလ ၁၁ ရက်နေ) နံနက်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဖားကန့်ဗျူဟာကုန်းမှ စစ်တပ်ကလည်း လက်နက်ကြီးကျည်များ ပစ်ကူပေးနေသည်ဟု အသက် ၃၀ ခန့်အရွယ် ဖားကန့် ဒေသခံ အမျိုးသား နောက်တစ်ဦးက ပြောသည်။
“ညောင်ပင်ကုန်းကို အပြိုင်လုနေတဲ့ သဘောပေါ့။ လွန်ခဲ့တဲ့လတုန်းကလည်း ညောင်ပင်ကုန်းကို စစ်တပ် က ခဏပြန်ရသွားတယ်၊ နောက်နေ့မှာပဲ တော်လှန်ရေးတပ်တွေပြန်ပြီး ဖိဖိစီးစီးပြန်တိုက်ပြီးတော့ ပြန်ရယူ ထားလိုက်တယ်၊ အခု (စစ်တပ်)သူတို့ ပြန်တိုက်တာပေါ့” ဟု အဆိုပါ ဒေသခံအမျိုးသားက ဆိုသည်။
အဆိုပါစခန်းကုန်းကို ယမန်နှစ်မှစတင်သော ကချင်ထိုးစစ်အတွင်း KIA က သိမ်းယူထားကာ ယခုနှစ် ဩဂုတ်လဆန်းတွင် လက်လွှတ်ခဲ့ရပြီး ယခုတစ်ဖန် ပြန်ထိန်းချုပ်ထားသည်။
လက်ရှိတွင် ညောင်ပင်ကုန်းစခန်းအနီးရှိ ရှရော်ခ၊ ဆန်းကြွယ်၊ မှော်မောင်းလယန် ကျေးရွာများနှင့် အေးမြ သာယာရပ်ကွက်တို့မှ ဒေသခံများသည် နီးစပ်ရာကျေးရွာများနှင့် ဖားကန့်မြို့ပေါ်သို့ စစ်ရှောင်နေကြရသည်။

ဖားကန့်မြို့တိုက်ပွဲများဖြစ်ပွားမှု အသေးစိတ်အခြေအနေများ သိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ယခုလ ဖားကန့်ဒေသတိုက်ပွဲများအတွင်း စစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာ ရထားကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာလ ၉ ရက်နေ့တွင် People’s Spring သတင်းဌာနကို အတည်ပြုထားသည်။
ယခုနှစ် မေလကုန်မှ စတင်၍ ဖားကန့်မြို့သို့ စစ်တပ်က စစ်အင်အားများပို့ပြီး KIA သိမ်းပိုက်ထားသည့် စခန်းကုန်းများ၊ ကျေးရွာများနှင့် ကျောက်စိမ်းလုပ်ကွက်များကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
တိုက်ပွဲပြင်းထန်နေသည့်အပြင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဖားကန့်မြို့ပေါ်နှင့် အနီးအနားရွာများတွင် လက်နက်ကြီးများကျရောက်နေပြီး ဒေသခံ ထိခိုက်၊ သေဆုံးမှုများရှိနေသည်။
မကြာသေးခင် စက်တင်ဘာလ ၆ ရက်နေ့က ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်မှုကြောင့် မိသားစု သုံးဦးတွင် ဖခင်ဖြစ်သူသေဆုံးပြီး ဇနီးနှင့် သားဖြစ်သူတို့ ဒဏ်ရာရခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် ဆိပ်မူကျေးရွာမှ အရပ်သား ရှစ်ဦး ဒဏ်ရာ ရရှိခဲ့သလို ဆန်းကြွယ်ကျေးရွာကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဖားကန့်မြို့ပေါ်တွင် စစ်ရှောင် ၃၀၀၀ ကျော်ရှိနေပြီး တိုက်ပွဲနှင့် လက်နက်ကြီးကြောင့် ဈေးများ အချိန်ပိုင်းသာ ဖွင့်နေရပြီး မြို့ပေါ်တွင် လူအသွားအလာ နည်းပါးနေသည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့အပြင် ဝိုင်းမော်မြို့နှင့် ဗန်းမော်မြို့တို့တွင် တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။
၂၀၂၄ မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ဖြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားသည်။




