အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့နယ်တိုက်ပွဲတွင် အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်အပါအဝင် သုံ့ပန်း ၇ ဦး ဖမ်းမိ

ကလေးမြောက်ပိုင်းသို့ လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ကသည်းလက်နက်ကိုင် (သူပုန်) အပါအဝင် သုံ့ပန်း ခုနစ် ဦး ဖမ်းဆီးမိပြီး အလောင်း လေးလောင်း၊ သေနတ် ငါး လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်လာသည့်  စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင် (သူပုန်) အပါအဝင် သုံ့ပန်း ခုနစ် ဦး ဖမ်းဆီးမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။ 

ကလေးမြို့မြောက်ဘက် ၁၄ မိုင်ခန့်အကွာရှိ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်ဆင်လာသည့် အင်အား ၁၃၀ ခန့်ပါ အထက်ပါစစ်ကြောင်းကို NUG ၏ ကလေးမြို့နယ်၊ မင်းကင်း၊ ကလေးဝမြို့နယ်တို့မှ တပ်ရင်း တပ်ဖွဲ့များ၊ ချင်းတော်လှန်ရေးအဖွဲ့ဖြစ်သည့် PDF Zoland  တို့ပါသည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  

ထိုစစ်ကြောင်းကို ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ အမှတ် (၁၀)  တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၀) မှ ဗိုလ်မှူးရဲမျိုးမင်း ဦးဆောင်ပြီး ခြေမြန်တပ်ရင်း များဖြစ်သော ခမရ ၃၆၁၊ ၃၆၂၊ ၃၆၃ ၊ ခလရ ၈၇၊ ၂၂၉ တပ်များ၊  ရှမ်းနီအမျိုးသား တပ်မတော် (SNA)၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA) နှင့် နာဂ (NSAC)လက်နက်ကိုင်များ ပါဝင်ကြောင်း အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အဆိုပါ နန်းစောင်းပုတိုက်ပွဲတွင် အလောင်း လေးလောင်း၊ သေနတ် ငါးလက်၊ ကျည်နှင့်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ၊ အိန္ဒိယနိုင်ငံသား၏ ယာဉ်မောင်းလိုင်စင်နှင့် အထောက်အထားများ သိမ်းဆည်းရမိ သည်၊ သုံ့ပန်း ခုနစ်ဦးအနက် ကသည်းလက်နက်ကိုင် မည်မျှပါဝင်သည် မသိရသေးပေ။ 

တိုက်ပွဲဖြစ်နေစဉ် စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ပါ ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 
များ၊ အိန္ဒိယနိုင်ငံသား၏ ယာဉ်မောင်းလိုင်စင်နှင့် အထောက်အထားများ သိမ်းဆည်းရမိသည်။ 

တိုက်ပွဲဖြစ်နေစဉ် စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ပါ ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ကလေး၊ ကလေးဝ၊ မင်းကင်းတို့ပါဝင်သည့် ကလေးခရိုင်တွင်  အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA) နှင့် နာဂ(NSAC) လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုနှစ် ဩဂုတ်လတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာသည့် သင်္ဘောများဖြင့် စတင်ပါလာခဲ့ခြင်းဖြစ်သည် ဟု အမှတ်(၁) စစ်ဒေသက ဆိုသည်။ 

အိမ်နီးချင်း အင်အားကြီး ဒီမိုကရေစီနိုင်ငံဖြစ်သည့်အိန္ဒိယနှင့် အာဏာသိမ်းစစ်တပ်တို့ နီးကပ်သည့် ဆက်ဆံရေး

ရှိလာသော်လည်း တစ်ဖက်တွင် အိန္ဒိယအား ဆန့်ကျင်နေသည့် ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်တပ်က ပူးပေါင်းကာ တော်လှန်ရေးအင်အားစုများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် အာသံလွတ်မြောက်ရေးတပ်ဦး လက်နက်ကိုင်အဖွဲ့ကိုလည်း ယခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် အိန္ဒိယ စစ်တပ်က မြန်မာနိုင်ငံနာဂဒေသထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအတွင်း အိန္ဒိယ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် နေပြည်တော်တွင် အာဏာသိမ်း ဒုစစ်ခေါင်းဆောင်နှင့် လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအပြင် စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တမူးမြို့နယ်တွင်  ကသည်းလက်နက်ကိုင်များသည် စစ်တပ်နှင့် ပူးပေါင်း၍ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် ယခင်နှစ်များကတည်းက ပါဝင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကလေးခရိုင်တိုက်ပွဲများထိ ပါဝင်လာခြင်းဖြစ်သည်။ 

ကလေးမြို့နယ်၊ နန်းစောင်းပုတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်များ (ဓာတ်ပုံ – အမှတ် ၁ စစ်ဒေသ)

အိန္ဒိယအစိုးရကိုဆန့်ကျင်သည့် ကသည်းလက်နက်ကိုင်များ နယ်စပ်တမူးမြို့နယ်တွင် အခြေချနေထိုင်မှုသည် နှစ်ကာလကြာမြင့်နေပြီဖြစ်ပြီး  ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်နှင့်ပူးပေါင်း၍ တမူးမြို့ နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ လုပ်ဆောင်နေပြီး၊ တမူးတွင် ကသည်းလူမျိုး လက်နက်ကိုင်

အင်အားရာဂဏန်းခန့်ရှိကြောင်း တမူးဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများထံက သိရသည်။  

၂၀၂၄ အောက်တိုဘာက တမူးမြို့နယ်၊ နန်မွန်းတားရွာတွင် တပ်စွဲထားသည့်တော်လှန်ရေးတပ်ဖွဲ့ကို လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီတပ်ဖွဲ့တွင် ကသည်းတပ်ဖွဲ့ဝင်များလည်းပါဝင်ပြီး သုံးဦး သေဆုံး၊ တစ်ဦး လက်ရဖမ်းဆီးရမိခဲ့သည်။ 

နန်မွန်းတားတိုက်ပွဲမှ ဖမ်းဆီးရမိသည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဦးနှင့် ရုပ်အလောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရက အိန္ဒိယကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ 

နန်းစောင်းပုတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် ကသည်းလက်နက်ကိုင်များအား အိန္ဒိယထံ လွှဲပြောင်း ပေးအပ်ရန် ရှိ၊ မရှိ၊ မည်သို့ ဆက်လက်အရေးယူသွားမည့် အခြေအနေနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေနှင့် ဝန်ကြီးချုပ်ရုံးပြောခွင့်ရ  ဦးနေဘုန်းလတ်တို့ကို  Myanmar Now က ဆက်သွယ်

မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။ 

ဖမ်းဆီးရမိသည့် ကသည်းလက်နက်ကိုင်များအရေး ဝန်ကြီးဌာနညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွား မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ကလေး- တမူး အာရှလမ်းမကြီးကို စစ်တပ်က တမူးနှင့် ကလေးဘက်မှ နှစ်ဖက်ညှပ်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲများတောက်လျှောက် ဖြစ်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။ 

“နေ့တိုင်းလိုလိုတိုက်ပွဲ ဖြစ်နေတာပါပဲ။ သူတို့ပြန်လှန်သွားတိုင်း လူလဲပြီး ပြန်လာ ထိုးပါတယ်။ ကသည်း တပ်သားတွေရဲ့ အားကို အဓိကယူပါတယ်။ စကမ (စစ်ကော်မရှင်) စစ်သားအများစုက မတိုက်ရဲပါဘူး။ စကမဟာ ကလေး – တမူးအာရှ လမ်းမကြီးကို ကသည်းတပ်သားတွေ အဓိကအားကိုးပြီး တမူးဘက်ကရော ၊ ကလေးဘက်ကနေပါ နှစ်ဖက်ညှပ် ထိုးနေတာပါ”ဟု အထက်ပါ ဒေသခံက ဆိုသည်။ 

ကလေး – တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားပြီး ထိုလမ်းပိုင်းကို တော်လှန်ရေးအင်အားစုများက နယ်မြေ စိုးမိုးထားသည်။ 

ကလေးမြို့နယ်၊ နန်းစောင်းပုတိုက်ပွဲတွင် ဖမ်းဆီးရမိသည့်စစ်သုံ့ပန်းနှစ်ဦး။  (ဓာတ်ပုံ – အမှတ် ၁ စစ်ဒေသ)

Related Articles

Back to top button