အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးသတင်း

အောင်ဇေယျစစ်ဆင်ရေး ရုတ်တရက်အောင်မြင်သွားရခြင်း အကြောင်းရင်းများ

ရွေးကောက်ပွဲမတိုင်မီ သင်္ဃန်းညီနောင်စစ်ဒေသကို အာဏာသိမ်းတပ် ပြန်လည်ထိန်းချုပ်လိုက်ပုံမှာ ၁၉၉၅ တွင် မာနယ်ပလောဒေသကို ထိုးစစ်ဆင်စဉ်က သုံးခဲ့သည့်နည်းလမ်းအတိုင်း ဖြစ်နေသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ကာလရှည် ထိန်းချုပ်ထားသော သင်္ဃန်းညီနောင်ရွာကို အာဏာသိမ်းတပ်က စစ်ကြောင်း ငါး ကြောင်းထိုးကာ စက်တင်ဘာလ ၅ ရက်နေ့တွင် ပြန်လည် သိမ်းပိုက်လိုက်သည်။

သင်္ဃန်းညီနောင်ကို ပြန်သိမ်းခြင်းအပါအဝင် ကော့ကရိတ်မြို့မှ မြဝတီအထိ အာရှလမ်းသစ်အား ထိန်းချုပ်တိုက်ခိုက်သည့် စစ်ဆင်ရေးကို အောင်ဇေယျစစ်ဆင်ရေးဟု အာဏာသိမ်းစစ်တပ်က အမည်ပေးထားသည်။ အောင်ဇေယျစစ်ကြောင်းကို KNUနှင့် ပူးပေါင်းတပ်များက ရက်ပေါင်း ၅၀၃ ရက်ထက်မနည်း ခုခံတိုက်ခိုက်ခဲ့ပြီးနောက် သင်္ဃန်းညီနောင်မှ ဆုတ်ခွာပေးလိုက်ရသည်။ 

စစ်တပ်ကလည်း တစ်နှစ်ခွဲခန့်အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။ သင်္ဃန်းညီနောင်ရွာသည် ကော့ကရိတ်မှ အာရှလမ်းသစ်အတိုင်း  ၁၉ မိုင်၊ တစ်နာရီခန့် ကားမောင်းလျှင် ရောက်နိုင်သလို မြဝတီမြို့မှလည်း နာရီဝက်ခန့်နှင့် ရောက်နိုင်သည့် နေရာဖြစ်သည်။

ထို့သို့ နီးကပ်စွာ တည်ရှိသော နေရာကို စစ်တပ်က တစ်နှစ်ခွဲကြာ ထိုးစစ်ဆင်ရသည်မှာ  ထူးခြားချက်ဖြစ်သည်။ ထို့အတူ ထိုးစစ်ကြန့်ကြာနေစဉ်မှာပင် သင်္ဃန်းညီနောင်ရွာကို ရုတ်တရက် ပြန်သိမ်းယူနိုင်ခြင်းမှာလည်း ထူးခြားပြီး မည်သည့်အကြောင်းကြောင့် သိမ်းနိုင်သည်ဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း KNU နှင့် တော်လှန်ရေးတပ်များ သင်္ဃန်းညီနောင်ဗျူဟာထဲ ဝင်ရောက်သိမ်းပိုက်စဉ်။ (ဓာတ်ပုံ – METRO)

သင်္ဃန်းညီနောင်ရွာ တည်ရှိသည့်နေရာ

တပ်စခန်းကြီး လေးခုထက်မနည်း အခြေစိုက်သည့် သင်္ဃန်းညီနောင်သည် ကော့ကရိတ်-မြဝတီ     လမ်းပေါ်ရှိ အချက်အချာကျသော ရွာကြီးဖြစ်သည်။ 

ကော့ကရိတ်မြို့နှင့် သင်္ဃန်းညီနောင်ရွာကြားတွင် မြောက်မှတောင်သို့ အလျား မိုင် ၂၂၀ ကျော် ရှည်လျားပြီး ပေ ၆,၈၀၀ ကျော်မြင့်သော ဒေါနတောင်တန်းရှိသည်။

ကော့ကရိတ်မြို့မှ သင်္ဃန်းညီနောင်ကို အာရှလမ်းသစ်၊  ဒေါနတောင်ကျော် လမ်းဟောင်းတို့ကို သုံးပြီး သွားနိုင်သလို တောလမ်းများအတိုင်းသွားလျှင်လည်း ရသည်။ သင်္ဃန်းညီနောင်တွင် အာဏာသိမ်းတပ်၏ စစ်ဗျူဟာအခြေချစခန်း၊ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၃၅၅၊ ၃၅၆ နှင့် ၃၅၇ တို့ရှိသည်။KNU ၏ တပ်မဟာ (၆) လက်အောက်ခံ တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ကစပြီး ထိုတပ်ရင်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူပြီးနောက် ဗျူဟာစခန်းကို တိုက်ခိုက်ခဲ့သည်။

သင်္ဃန်းညီနောင်ကို ပူးပေါင်းတပ် သိမ်းပြီးနောက် အာရှလမ်းပိတ်ထားသည့် မြင်ကွင်း။ (ဓာတ်ပုံ – METRO)

၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် စစ်တပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ သင်္ဃန်းညီနောင် ဗျူဟာစခန်းမှ  မိသားစုဝင်များအပါအဝင် တပ်ဖွဲ့ဝင် ၆၁၇ ဦး KNU ထံ လက်နက်ချခဲ့ရာ သင်္ဃန်းညီနောင် တပ်နယ်တစ်ခုလုံး KNU လက်သို့ ကျရောက်သွားသည်။

ထိုသို့ လက်နက်ချနိုင်ရန် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)  ကြားဝင်စေ့စပ်ပေးခဲ့သည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်မပြုနိုင်ပေ။

အာဏာသိမ်းတပ်သည် စခန်းများ ဆုံးရှုံးသွားပြီးနောက် သင်္ဃန်းညီနောင်ကို ပြန်ရရန် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် အောင်ဇေယျစစ်ဆင်ရေးကို စတင်လာသည်။ သင်္ဃန်းညီနောင်ခွင်ကို အောင်မြင်ထားသည့်   ပူးပေါင်းတပ်သည် တပ်ရင်း တစ်ခုသာကျန်သည့် မြဝတီမြို့ကို ဆက်လက်ထိုးစစ်ဆင်သည်။

မြဝတီမြို့ရှိ   အမှတ် (၂၇၅) ခြေလျင်တပ်ရင်းကို   ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်သည်။ ထို့နောက် မြဝတီမြို့ အမှတ် (၂) တံတားတွင် စစ်တပ်ကို ဆက်လက် တိုက်စစ်ဆင်သည်။ မြို့တွင်းရှိ  BGF တပ်များသည် ထိုးစစ်ဆင်လာသည့်   တော်လှန်ရေးတပ်များနှင့်  တိုက်ပွဲမဖြစ်ခဲ့ပေ။

ဧပြီလ ၂၀ ရက်နေ့ တစ်ရက်လုံး  အာဏာသိမ်းတပ်နှင့် အပြင်းအထန် ပစ်ခတ်ကြပြီး နောက်တစ်နေ့ နံနက်တွင် ပူးပေါင်းတပ်များက ဆုတ်ပေးလိုက်သဖြင့် တိုက်ပွဲရုတ်တရက် ရပ်တန့်သွားသည်။

ထိုနေ့တွင် စစ်တပ်က ခလရ ၂၇၅ တပ်ရင်းကို BGF ၏ အကူအညီဖြင့် ပြန်လည်ထိန်းချုပ်ကာ မြို့တွင်းအုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ခဲ့သည်။ မြို့လုံခြုံရေးကိုမူ BGF တပ်ဖွဲ့ဝင်များက ဆက်လက်တာဝန်ယူသည်။ 

ထိုနေ့တွင်ပင် စစ်တပ်က ကော့ကရိတ်မှ မြဝတီသို့  ချီတက်ရန် ပြင်ဆင်လာသဖြင့် ပူးပေါင်းတပ်က အဆိုပါ အောင်ဇေယျစစ်ကြောင်းကို တားဆီးရန် မြဝတီမှ  ပြန်ဆုတ်သည်။

ထိုသို့ ဟန့်တားရာတွင် KNU ၏ လက်နက်ကိုင်တပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် မွန်လွတ်မြောက်ရေးတပ် (MLA) တို့ ပါဝင်တိုက်ခိုက်ကြသည်။   ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များကို ဂုဏ်ပြုကြောင်း KNU ဗဟိုက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေညာခဲ့သည်။ 

သင်္ဃန်းညီနောင်ကိုပြန်သိမ်းပြီးနောက်တွေ့ရသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – Saw Ba Maung Telegram)

၁ နာရီခရီးကို ၁ နှစ်ကျော်ကြာရသည့်အကြောင်း

တစ်နာရီသာဝေးသည့် ခရီးကို အောင်ဇေယျစစ်ကြောင်း တစ်နှစ်ခွဲကြာ ချီတက်တိုက်ခိုက်ခဲ့ရသည်မှာ ထူးခြားသည့် ဖြစ်ရပ်ပင်။  ချီတက်ရာတွင် ကြန့်ကြာရသည့် အကြောင်း လေ့လာပါက အဓိက နှစ် ချက်ရှိသည်ကိုတွေ့ရသည်။

ဒေါနတောင်ပေါ်ရှိ ပူးပေါင်းတပ်၏ ခံစစ်ကောင်းမွန်မှု၊ ပူးပေါင်းတပ်က   စစ်ကြောင်း၏ နောက်ကျောကို     ထိုးစစ်ဆင်နိုင်မှုတို့ကြောင့် ဖြစ်သည်။ပူးပေါင်းတပ်သည် ဒေါနတောင်တန်းပေါ်သို့ ရန်သူ တက်လာနိုင်သည့် အဓိကနေရာများတွင် ခံစစ်လိုင်းအဆင့်ဆင့်တည်ဆောက်၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုကြသည်။   စစ်ကြောင်းများ ထွက်လာလေ့ရှိသော ကော့ကရိတ်မြို့နယ်ရှိ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၂၁) ကိုလည်း နောက်ဘက်မှ ပတ်တိုက်ခဲ့သည်။

 အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ရန် စောင့်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ – MRTO)

ပူးပေါင်းတပ်သည် ကျုံဒိုး-ကော့ကရိတ်လမ်းကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး ထိန်းချုပ်ခဲ့သည်။ သို့သော် တန်ပြန်ထိုးစစ်ဆင်ခံရသောကြောင့်   ဇူလိုင်လတွင် ကျုံဒိုး-ကော့ကရိတ်လမ်းမှ   တပ်များ ပြန်ဆုတ်သွားသည်။   တန်ပြန်ထိုးစစ်တွင်  ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ခွဲထွက်ထားသည့် ဗိုလ်ဘိနှင့် ၎င်းအပေါ် သစ္စာခံသည့် တပ်ဖွဲ့ဝင်များက စစ်တပ်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။

ဗိုလ်ဘိသည် ပျံလွန်သွားသည့် မြိုင်ကြီးငူဆရာတော် ဦးသုဇန ဖွဲ့စည်းပေးခဲ့သော မူလ DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) ၏ လက်မောင်းတံဆိပ်ကို ဆက်လက် အသုံးပြုနေပြီး ကြာအင်းပေါ်တော်မူ ဆရာတော်ကို အတိုင်ပင်ခံ ဆရာတော်အဖြစ် ကိုးကွယ်သူဖြစ်သည်။ ဗိုလ်ဘိကို ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးအချို့နှင့်  အမျိုးသားရေးတက်ကြွ လှုပ်ရှားသူ (မဘသ) များက ထောက်ခံကြသည်။

ကျုံဒိုး-ကော့ကရိတ်လမ်းကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက်  ဇူလိုင်လ ၂၄ ရက်နေ့ တွင် လမ်းကို ပြန်ဖွင့်ပြီး စစ်ကူများ ထပ်မံပို့ဆောင်ခဲ့သည်။ ထိုအခါ နောက်ကြောင်းရှင်းသွားသည့် အောင်ဇေယျ စစ်ကြောင်းများအတွက် ကော့ကရိတ်မှ ရှေ့သို့ထပ်တိုးရန်သာ အာရုံစိုက်လာနိုင်သည့် အခြေအနေဖြစ်လာသည်။

သင်္ဃန်းညီနောင်ကို စစ်တပ်ပြန်သိမ်းနိုင်သည့်အကြောင်းရင်း

သင်္ဃန်းညီနောင်ကို အာဏာသိမ်းတပ် ပြန်သိမ်းနိုင်ခြင်းသည် ရုတ်တရက်ဖြစ်သွားသည့် အခြေအနေဟု ဆိုနိုင်သည်။ အာဏာသိမ်းတပ်သည် စစ်ကြောင်း ငါး ခု ဖြင့် ချီတက်လာပြီး စက်တင်ဘာလ ၅ ရက် နေ့လယ် ၁ နာရီတွင် သင်္ဃန်းညီနောင် တပ်နယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်သွားခြင်းဖြစ်သည်။

 ကော့ကရိတ်မြို့မြောက်ဘက် ဒေါနတောင်ကျော်လမ်းဟောင်းမှ စစ်ကြောင်း တစ်ခု၊ ကော့ကရိတ်မြို့ အရှေ့ဘက် တောနော်ရေတံခွန်မှ စစ်ကြောင်း သုံး ခု၊ သင်္ဃန်းညီနောင် အရှေ့ဘက် မြဝတီမြို့မှ စစ်ကြောင်း တစ် ခု စုစုပေါင်း စစ်ကြောင်း ငါး ခု ဖြင့် ချီတက်လာခြင်းဖြစ်သည်။   ထိုစစ်ဆင်ရေးတွင် စစ်သည်အင်အား ၂,၀၀၀ ကျော်သုံးကြောင်း စစ်ရေးလေ့လာသူများက ခန့်မှန်းသည်။အာရှလမ်းသစ်အတိုင်းတက်လာသည့် စစ်ကြောင်းနှင့် ဒေါနတောင်ကျော်လမ်းဟောင်းမှ တက်လာသည့် အာဏာသိမ်းတပ် စစ်ကြောင်းတို့ကို ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်နိုင်သော်လည်း အခြားစစ်ကြောင်းများကို မတားနိုင်ခဲ့ပေ။   ဗိုလ်ဘိနှင့် တပ်ဖွဲ့ဝင်များပါဝင်သော စစ်ကြောင်း နှစ် ခု၊  မြဝတီမှလာသည့် စစ်ကြောင်းတို့က သင်္ဃန်းညီနောင်နားသို့ စက်တင်ဘာလ ၄ ရက်နေ့တွင် ရောက်လာသည်။

 သင်္ဃန်းညီနောင်ကိုပြန်သိမ်းပြီးနောက်တွေ့ရသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – Saw Ba Maung Telegram)

 ဝိုင်းပတ်ချေမှုန်းခံရမည့် အခြေအနေကြုံလာသဖြင့် တပ်ဆုတ်ပေးလိုက်ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။  

အာဏာသိမ်းတပ် ထိုသို့ ပြန်သိမ်းနိုင်သည့် စစ်ရေးအောင်မြင်မှုသည် ခွဲထွက် DKBA အဖွဲ့၊  နယ်ခြားစောင့်တပ် BGF တို့၏ ပါဝင်မှုကြောင့် ဖြစ်သည်ဟု KNU အဆင်မြင့်အရာရှိတစ်ဦး၊  တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အာရှလမ်းအတိုင်းတက်လာတဲ့ စစ်ကြောင်းက မတက်နိုင်ဘူး။ ပြန်ပြီး လန်ကျတယ်။ ဒီပွဲမှာလည်း လန်ကျတယ်။ ဒါပေမယ့် ဗိုလ်ဘိတို့အဖွဲ့ ကရင်တွေလမ်းပြပြီး တက်လာတဲ့စစ်ကြောင်းက လမ်းကျွမ်းတော့ အောက်ရွာတွေကနေ ပတ်တက်လာပြီး လမ်းမပေါ်မှာရှိတဲ့အဖွဲ့တွေကို ပြန်ဝိုက်လိုက်တာ” ဟု တော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က Myanmar Now ကိုပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ရေးတွင် နယ်မြေကျွမ်းကျင်သူမှာ ဒေသခံ ကရင်အဖွဲ့အစည်းများသာ ဖြစ်သည်။ ၁၉၉၅ ခုနှစ်က KNU ၏ စစ်ဌာနချုပ်တည်ရှိသည့် မာနယ်ပလောဒေသကို မြန်မာစစ်တပ် သိမ်းပိုက်နိုင်ခဲ့ခြင်းမှာလည်း DKBA ၏ ကူညီမှုကြောင့် ဖြစ်သည်။ ယခု အောင်ဇေယျစစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုမှာ ဒေသခံအဖွဲ့များ၏ အကူအညီမပါဘဲ မဖြစ်နိုင်ပေ။

သင်္ဃန်းညီနောင်ကိုပြန်သိမ်းပြီးနောက်တွေ့ရသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များ။

BGF သည် နောက်ဆုံး ထိုးစစ်တွင် ဗိုလ်ဘိအဖွဲ့ကဲ့သို့  စစ်တပ်အတွက်  တိုက်ခိုက်ပေးခြင်းမျိုးမရှိပေ။ သို့သော်လည်း စစ်ကြောင်းလာသည့်လမ်းမှ ဖယ်ပေးလိုက်သဖြင့် စစ်တပ်အတွက် များစွာ အထောက်အကူဖြစ်စေခဲ့သည်။

BGF တပ်ဖွဲ့ဝင်များသည် KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များကို ၂၀၂၄ ခုနှစ် ကတည်းက ကူညီခဲ့သည်ဟု သိရသည်။

KNU နှင့် ပူးပေါင်းတပ်များထံ လက်နက်ခဲယမ်း ထောက်ပံ့သကဲ့သို့ ဒရုန်းအဖွဲ့အချို့ စေလွှတ်၍ စစ်ကူပေးမှုပင်ရှိကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူ သတင်းရင်းမြစ်က ဆိုသည်။ ပူးပေါင်းတပ်က သင်္ဃန်းညီနောင် အနောက်ဘက်ရှိ စစ်ကောင်စီထိုးစစ်ကို ရင်ဆိုင်နေစဉ် BGF တပ်များသည် သင်္ဃန်းညီနောင်နှင့် မြဝတီမြို့ကြားတွင် ကာကင်းများထား၍ နှစ်ဖက်စလုံးကို တားဆီးပေးထားသည်။

သို့သော် စက်တင်ဘာလဆန်းတွင်   မြဝတီမြို့ဘက်မှ စစ်ကြောင်းထိုးလာသောအခါ BGF တပ်များသည် သင်္ဃန်းညီနောင်ကို မကာပေးတော့ဘဲ တပ်ကိုရုပ်သိမ်းလိုက်ကြောင်း ပူးပေါင်းတပ်နှင့် နီးစပ်သူ သတင်းရင်းမြစ်ကပြောသည်။

“စောချစ်သူတို့ တိုက်နယ် (၃) က ဗိုလ်တင်ဝင်းတို့ပေါ့။   ပြောရမယ်ဆိုရင် ကိုယ့်အဖွဲ့တွေကလည်း အဲဒီဘက်က သူတို့ ကာပေးထားတယ်ဆိုပြီး လွှတ်ထားတာ။ အဲဒါမှာ စည်းပေါက်သွားတာ။ ဒီမှာ တကယ်တမ်း ပွဲကောင်းတဲ့အချိန် သူတို့ကိုစစ်ကူခေါ်တော့ BGF က မလာတော့ဘူး” ဟု သူက Myanmar Now ကို ပြောသည်။

ထို့သို့ တပ်ရုပ်သိမ်းလိုက်သဖြင့် စိတ်ပျက်သွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က  အွန်လိုင်းလူမှုကွန်ရက်တွင်  BGF ကို ဝေဖန်ရေးသားခဲ့ကြသည်။

အရေးကြီးချိန်တွင် BGF က ထိုသို့ ပြုမူခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်များနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

“ရဲဘော်တွေ စိတ်မကောင်းဖြစ်ကြတာက ရန်သူအင်အားကြီးလို့ ဆုတ်ပေးလိုက်ရတာကြောင့် မဟုတ်ဘူး။ အခုက သူတို့ကရင်အဖွဲ့အစည်း အချင်းချင်းပေါ့၊ သစ္စာဖောက်လိုက်တော့ ခံစားရတာပေါ့၊ တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်ဆိုတော့လေ။ ဒီပွဲက တကယ်ပေါ်တင်ကြီး နောက်ကျော ဓားနဲ့အထိုးခံလိုက်ရတာ” ဟု သူက ပြောသည်။

စစ်တပ်ဘက် ရပ်တည်ရသည့် ကရင် BGF 

BGF နှင့် KNU သည် ကရင်လက်နက်ကိုင်အချင်းချင်း မပစ်ခတ်ရန်  နားလည်မှု ရရှိထားသော်လည်း စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရပ်တည်ချက်မတူညီပေ။ စစ်တပ်က  လာမည့်ဒီဇင်ဘာတွင် ရွေးကောက်ပွဲစတင်ကျင်းပမည်ဟု မကြာသေးမီက ကြေညာထားသည်။ 

ရွေးကောက်ပွဲအပိုင်း (၁) ကို  နိုင်ငံအနှံ့ ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဟုဆိုရာ ထိုအထဲတွင် ကရင်ပြည်နယ်ထဲမှ ဘားအံ၊ သံတောင်ကြီးနှင့် မြဝတီမြို့နယ်တို့ ပါဝင်သည်။ နှစ်ပေါင်း ၇၀ ကျော် မြန်မာစစ်တပ်ကို လက်နက်ကိုင်တိုက်လာသည့် KNU က စစ်တပ်ကျင်းပမည့်ရွေးကောက်ပွဲကို လုံးဝ လက်မခံကြောင်း ဩဂုတ်လ ၂၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်ကောင်စီကလည်း နောက်နှစ်ရက်အကြာတွင် KNU ကို အကြမ်းဖက်အုပ်စု အဖြစ် တုံ့ပြန်ကြေညာသည်။ ကျားဖြန့်လုပ်ငန်းကြောင့်  ကမ္ဘာကျော်သည့် မြဝတီတွင် အခြေစိုက်သော  BGF က   ရွေးကောက်ပွဲကို ကူညီမည်ဟု စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြောလာပြီး သင်္ဃန်းညီနောင်နှင့် မြဝတီကြား ရှိနေသည့် ၎င်းတို့တပ်များကို ဖယ်ပေးလိုက်ခြင်းဖြစ်သည်။

BGF သည် နိုင်ငံရေးရပ်တည်ချက်မရှိသလို အကျိုးစီးပွားအထိအခိုက် မခံနိုင်ကြောင်း KNU အဆင်မြင့်အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။ 

“ရှင်းရှင်းပြောရရင် အကျိုးစီးပွားတွေပေါ့။ အကျိုးစီးပွားတွေကို ထိခိုက်ပျက်စီးလာမှာ ကြောက်တော့ နှာစေးချောင်းဆိုး လုပ်လိုက်တာပေါ့” ဟု သူက ဆိုသည်။ 

“ကျွန်တော်တို့နဲ့ ပူးတွဲသွားလာနေတဲ့ မိတ်ဆွေတွေကလည်း ကျွန်တော်တို့နဲ့ ဆက်သွားမလား သူတို့နဲ့ ဆက်သွားမလားဆိုတဲ့ မေးခွန်း အလိုလိုပေါ်နေပြီလေ။ စစ်ကော်မရှင်တပ်ကလည်း သိတယ်။ အရင်ကတော့ ပေါင်းလုပ်နေကြတာကိုး။ အခုတော့ အဲဒီလူတွေက ခွာသွားတာကိုး။ ခွာသွားတော့ ကျွန်တော်တို့ ချည်းပဲဆိုရင် မတောင့်ထားနိုင်ဘူး”  

အာဏာသိမ်းတပ်ကို ဆက်လက်တိုက်ခိုက်မည့် KNU ၏မူဝါဒမှာ သင်္ဃန်းညီနောင်ကို လက်လွှတ်လိုက်ရရုံဖြင့် ပြောင်းလဲမည်မဟုတ်ဟု သူက ဆက်ပြောသည်။ 

စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာ သုတေသီတစ်ဦးကလည်း အာဏာသိမ်းတပ်နှင့် KNU တို့သည်   ကရင် BGF နှင့် ထိတွေ့ဆက်ဆံကာ စစ်ရေးအသာစီးရရန် ကြိုးပမ်းနေကြခြင်း ဖြစ်ကြောင်း သုံးသပ်သည်။

 BGF သည် ပူးပေါင်းတပ်၏နာမည်ကျော် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်ဟု သူက ထောက်ပြသည်။“မနှစ်ကတိုက်တဲ့ မြဝတီတိုက်ပွဲမှာ BGF က အဆုံးအဖြတ်နေရာကပါတယ်။ အင်အားကလည်း မသေးဘူး။ မြဝတီကို တိုက်ဖို့ သို့မဟုတ် မတိုက်ဖို့ BGF ပါတာပေါ့။ သင်္ဃန်းညီနောင် ဗျူဟာတစ်ခုလုံး လက်နက်ချတာက ကော်ဘရာတစ်ခုတည်းရဲ့ အောင်ပွဲမဟုတ်ဘူး။ ဒါလည်း BGF ဘက်က ကော်ဘရာဘက်က ရပ်ပေးလိုက်လို့။ အခုမှ BGF ကို အပြစ်တင်လို့တော့မရဘူး” ဟု သူက ဆိုသည်။

မြဝတီမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းထိုးမှုအခြေအနေပြပုံ။

အောင်ဇေယျစစ်ဆင်ရေးကာလတွင် တိုက်ပွဲကြီးငယ် ၃၈၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူအလောင်း ၆၃ လောင်းနှင့် လက်နက်မျိုးစုံ ၅၇ လက်သိမ်းယူနိုင်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။ ဘားအံ၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့ကို သိမ်းပိုက်ကာ သီးခြားလွတ်လပ်သည့် ကော်သူးလေပြည်နယ် ထူထောင်ရေး အိပ်မက်ကို အပြီးရိုက်ချိုးခဲ့နိုင်ကြောင်းလည်း ကြုံးဝါးသည်။

၎င်းတို့၏စစ်သည်များ ထိခိုက်မှု၊ အများအပြား လက်နက်ချမှုသတင်းများနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်တွင် ငြင်းဆိုထားခြင်း မရှိပေ။

လက်ရှိတွင် စစ်တပ်သည် ကော့ကရိတ်-မြဝတီ အာရှလမ်းကို ကာကွယ်နိုင်ရန် လမ်း၏တောင်ဘက်နှင့် မြောက်ဘက်သို့ ထိန်းချုပ်နယ်မြေများ တိုးချဲ့ယူနေသည်။ ထို့အပြင် သင်္ဃန်းညီနောင် မြောက်ဘက် ဝှေ့ရှမ်း၊ ပေါလောနှင့် သံပုရာ ရွာအထိ စိုးမိုးနယ်မြေတိုးယူထားပြီး မြဝတီတောင်ဘက်ရှိ ရသေ့ဂူရွာကို စက်တင်ဘာလ ၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းတပ် ရှေ့ဆက်တိုးလာပါက  တိုက်ပွဲ ဆက်ဖြစ်နိုင်သည့် အခြေအနေရှိနေကြောင်း KNU နှင့် စစ်ရေးလေ့လာသူအချို့က ဆိုသည်။

Related Articles

Back to top button