စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နှင့် ကနီနယ်စပ်တွင် တကျော့ပြန်စစ်ကြောင်းထိုးနေသည့် စစ်တပ်က စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ လေး ဦးသေဆုံးပြီး တစ်ဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံသိရသည်။
စစ်တပ်နှင့်ပြည်သူ့စစ်များက အခြေစိုက်သည့် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှ ထွက်လာသော စစ်ကြောင်းနှင့် ဘန့်ဘွေးရွာအခြေစိုက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကနီမြို့နယ် လင်ပုန်းရည်ရွာမှ ပြည်သူ နှစ် ဦး၊ ယင်းမာပင်မြို့နယ် ၊ နဘူးတောရွာမှ ပြည်သူ နှစ် ဦး၊ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ယခင်လကုန်ခန့်က ဘန့်ဘွေးရွာမှ ထွက်လာပြီးနောက် မုံရွာ-ယာကြီးလမ်းအတိုင်း စစ်ကြောင်းတစ်ခု တက်လာရာ ထိုလမ်းပေါ်ရှိ ကနီမြို့နယ်၊ ချောင်းမကျေးရွာတွင် စက်တင်ဘာလ ၃ ရက်နေ့တွင် အထိုင်ချ တပ်စွဲခဲ့သည်။
တစ်ပတ်ကျော် စခန်းချထားသည့် ထိုစစ်ကြောင်းသည် ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်နေ့) နံနက် ၁၀ နာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ချောင်းမရွာ၏ တောင်ဘက် နှစ် မိုင်ခန့်အကွာ လင်ပုန်းရည်ရွာပေါ် ကျရောက်ပေါက်ကွဲပြီး အရပ်သား နှစ် ဦး သေဆုံးခဲ့သည်။
“လင်ပုန်းရည်က နှစ်ယောက် သေတယ်။ လက်နက်ကြီးကတော့ ဒီရက်ထဲ ဆက်တိုက်လိုပစ်တာ။ သပြေအေးနဲ့ မိုးကောင်းရွာတွေထဲလည်း တစ်လုံးစီ ကျသေးတယ်”ဟု ကနီမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူများ၏ အသက်အရွယ်အပါအဝင် အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် ဒေသခံများ နှင့်တော်လှန်ရေးအင်အားစုများကို ယနေ့ မွန်းလွဲပိုင်းအထိ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ချောင်းမရွာတွင် အထိုင်ချတပ်စွဲထားသည့် အထက်ပါစစ်ကြောင်းက ချောင်းမ (အရှေ့ရွာ)နှင့် ချောင်းမ (အနောက်ရွာ) နေအိမ်များကို မီးရှို့ပြီး လူနေအိမ်များကို မွှေနှောင့်ဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။
အလားတူ ဘန့်ဘွေးရွာတွင် အထိုင်စခန်းမှ စစ်တပ်ကလည်း စက်တင်ဘာလ ၉ ရက်နေ့ညပိုင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ဘန့်ဘွေးရွာ အရှေ့မြောက်ဘက် နှစ် မိုင်ခန့်အကွာမှ နဘူးတောကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး အသက် ၅၅ နှင့် ၆၀ အရွယ် အမျိုးသမီး နှစ် ဦးသေဆုံးခဲ့သည်။
“စစ်ရှောင်တဲ့ဆီကို လက်နက်ကြီးနဲ့လှမ်းထုတာ။ ရှောင်တဲ့လူကြားကျတာ။ နှစ် ယောက်က ပွဲချင်းပြီးသွားတယ်။ ၁၃ ယောက်က ဒဏ်ရာရတယ်”ဟု တော်လှန်ရေးအင်အားစုများနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
ယခုလဆန်းကတည်းက နဘူးတောရွာကို စစ်တပ်က ညအချိန်ဝင်ရောက်နေရာယူထားသောကြောင့် ရွာသူ ရွာသား ၁၅၀ ကျော်ခန့်လည်း ရွာထဲ ပိတ်မိနေသည်ဟုလည်း ဒေသခံနောက်တစ်ဦးက ပြောသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့မှ ချင်းတွင်းမြစ်တစ်ဘက်ကမ်း ကနီနှင့် ယင်းမာပင်မြို့တို့တွင် စစ်တပ်က မြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ်သည့် ကျေးလက်ဒေသများသို့ မြေပြင်စစ်ကြောင်းဖြန့်ကျက် မထိုးနိုင်သည်မှာ တစ်နှစ်ကျော်ခန့် ရှိရာမှ ဩဂုတ်လ ကုန်ပိုင်းတွင် တကျော့ပြန်စစ်ကြောင်းထိုးလာသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေတောင်ဦးကုန်း (စစ်တပ်အထိုင်ချစကုန်းခန်း) မှတဆင့် ကား လေး စီးဖြင့် စစ်တပ်အထိုင်ချရာ ဘန့်ဘွေးရွာကို ထပ်မံ အင်အားဖြည့်ထားပြီး အနီးဝန်းကျင် ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးမည့်အခြေအနေရှိကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ထားကြသည်။
စစ်ကိုင်းတိုင်း အစိုးရရုံးစိုက်ရာမြို့တော် မုံရွာမှသည် ချင်းတွင်းမြစ်ကို ဖြတ်သွားသည့် မုံရွာ-ယာကြီး- ကလေးဝ လမ်းပိုင်းသည် ၁၁၅ မိုင်ကျော်ရှိပြီး နိုင်ငံအလယ်ပိုင်းမှ ကလေးဝ၊ ကလေးမြို့ နှင့် အိန္ဒိယနယ်စပ် တမူးမြို့များသို့ဖြတ်ကာ အိန္ဒိယနိုင်ငံ မိုးရေးမြို့ အထိရောက်သည့် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းဖြစ်သည်။
ကနီမြို့နယ် ချောင်းမကျေးရွာသည် ယင်းသို့ ဗျူဟာကျသည့် လမ်းမကြီးပေါ်တွင်တည်ရှိပြီး တောင်ဘက် တွင်ရှိသည့် ယင်းမာပင်မြို့နယ် နှင့် အရှေ့တောင်ဘက်တွင်ရှိသည့် ဆားလင်းကြီးမြို့နယ်တို့နှင့်လည်း မြို့နယ်ချင်းဆက် လမ်းဆုံတွင် ရှိနေသည်။
“(ကျွန်တော်တို့မှာ)လူအင်အားရှိတယ်။ စိတ်ဓာတ်ရှိတယ်။ ဒါပေမယ့် ကျည်ခဲယမ်းလုံလောက်မှု မရှိတာကလည်း တစ်ခါတလေမှာ အဲ့ဒီကိစ္စတွေက ကျွန်တော်တို့ဘက်မှာက လုပ်ချင်တိုင်းလုပ်မရတာတွေရှိတယ် ။ အဲ့ဒါကြောင့် ချောင်းမကို ပေးလိုက်ရတာပါ။ ကျွန်တော်တို့ ကျည်၊ ခဲယမ်းတွေသာ ပြည့်စုံမယ်ဆိုရင် ဖြတ်လာတဲ့လမ်းတွေ အကုန်ကာလို့ရပါတယ်”ဟု ယင်းမာပင်ခရိုင်တွင် လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်း ချောင်းမ၊ တရော်ကျင်း နှင့် ဘန့်ဘွေးကျေးရွာများတွင် အထိုင်ချနေသည့် အင်အား ၅၀၀ ဝန်းကျင်သည် စစ်ကြောင်း နှစ်ကြောင်းဖြန့်ကာ မုံရွာ-ယာကြီး- ကလေးဝ လမ်းတလျှောက်နှင့် မြို့နယ်ချင်း ဆက်စပ်နေရာများရှိ ကျေးရွာများတွင် စစ်ကြောင်း ထိုးနေရာ ထိတွေ့တိုက်ပွဲများလည်း ရှိနေသည်။
မြေပြင်စစ်ကြောင်းအပြင် ဒရုန်း၊ စက်တပ်လေထီးအပါအဝင်လေကြောင်းမှ နေ့စဉ်နီးပါး တိုက်ခိုက်နေပြီး ကနီမြို့နယ်၊ သမင်ခြံရွာကို လေးရက်အတွင်း နှစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုတွင် သက်ကြီးရွယ်အို အမျိုးသမီး တစ် ဦးနှင့် လူငယ် တစ် ဦး သေဆုံးခဲ့သည်။
မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၂၀ ကျော်မှ ဒေသခံ နှစ်သောင်းကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်မှာ တစ်ပတ်နီးပါးရှိလာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်နေသည်။
ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသည့် စစ်ကော်မရှင်က နိုင်ငံအနှံ့ ဆုံးရှုံးခဲ့ရသည့် နယ်မြေများ ပြန်လည်ရရှိရေး စစ်ရေးအရှိန်မြှင့်နေရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့အနီး ဘုတလင်၊ အရာတော်၊ ယင်းမာပင်၊ ကနီတို့အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ် ၁၅ ခုထက်မနည်းတွင် ဇူလိုင်လကစပြီး စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ကာ နယ်မြေပြန်လည် စိုးမိုးရေး၊ အဓိကကျသည့် လမ်းပိုင်းများ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည်။



