အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတိုင်း၊ သရက်တွင် လက်နက်ကြီးကြောင့် နွားကျောင်းနေသည့် အမျိုးသမီး ၁ ဦးသေဆုံး

ကပစ ၁၂ အခြေစိုက်သည့် သရက်မြို့နယ်အတွင်း ယခင်လကုန်မှ စပြီး အင်အား ၈၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခံရစဉ် လက်နက်ကြီးထိပြီး အသက် ၄၀ အရွယ်အမျိုးသမီးနှင့် နွား နှစ် ကောင်သေဆုံးခဲ့သည်။

ရွေးကောက်ပွဲပထမဆင့် ကျင်းပမည်ဟုကြေညာပြီးနောက် စစ်တပ် စစ်ကြောင်းဆက်တိုက်ထိုးနေသည့် မကွေးတိုင်း၊ သရက်မြို့နယ်တွင် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကာ အနီးဝန်းကျင် ရွာ လေးရွာမှ  ဒေသခံနှစ်ထောင်ကျော် စစ်ဘေးရှောင်နေရသည်။ 

မြို့အနောက်ဘက် ကိုးမိုင်ကျော်အကွာ ဗုံးသီးများထုတ်လုပ်သည့် အမှတ် (၁၂) ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ ၁၂) တည်ရှိရာ သရက်မြို့နယ် တွင် ယခင်လကုန်မှ စပြီး အင်အား ၈၀ နီးပါးဖြင့် စစ်တပ်က စစ်ကြောင်းထိုးနေသည်။ 

အထက်မင်းလှမြို့နှင့် သရက်နယ်စပ်ကို စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်ကား နှစ်စီးကို ယမန်နေ့ (စက်တင်ဘာလ ၉ ရက်နေ့) နံနက်တွင် သရက် – မင်းလှလမ်းပိုင်း တစီးကောက်ရွာအနီး တော်လှန်ရေး အင်အားစုက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။  

ထိုနေရာတွင် စစ်ကား တစ်စီးပျက်၍ ရပ်သွားသဖြင့် အနီးကပ်တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်များ ဘက်မှ ဆုတ်ခွာခဲ့ရသလို စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သော ဗမာပြည်ကာကွယ်ရေးတပ် (USBA) ထံက သိရသည်။  

စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ရာ ငါးမိုင်ခန့်အကွာ ကားလမ်းဝန်းကျင်ရှိ ကတက်ပင်ရွာ အနောက်ဘက် ကျရောက်ပေါက်ကွဲပြီး နွားကျောင်းနေသည့် အသက် ၄၀ အရွယ်အမျိုးသမီးနှင့် နွား နှစ် ကောင်သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့တာဝန်ခံ ကိုဗဟိန်းက ပြောသည်။ 

အဆိုပါစစ်ကြောင်းရန်ကြောင့် သရက်-မင်းလှလမ်းပိုင်းပေါ်ရှိ တစီးကောက်ရွာ၊ ကပ်လျှက်ရှိ တလုတ်ပင် ၊ တပ်ရွာအပါအဝင် ရွာ လေးရွာမှ ဒေသခံနှစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရသည်။ 

“မပျက်သေးတဲ့ကားနဲ့ ကားပျက်ကြီးကို ကြိုးနဲ့ဆွဲသွားပြီး ဘော်ရဲစခန်းမှာခေတ္တနားပြီး ကပစ ၁၂ ဘက် ကို ပြန်ဆုတ်ခွာသွားတယ်”ဟု ဗမာပြည်ကာကွယ်ရေးတပ်(USBA)တာဝန်ခံ ကိုဗဟိန်းက ပြောသည်။ 

ဒီဇင်ဘာလကုန်တွင် ကျင်းပမည့်ရွေးကောက်ပွဲပထမပိုင်းတွင် မကွေးတိုင်း ၂၅ မြို့နယ်အနက် ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မကွေး၊ ပွင့်ဖြူ၊ မင်းဘူး၊ သရက်၊ အောင်လံ စသည့်မြို့နယ် ကိုး ခုပါဝင်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ 

ရွေးကောက်ပွဲကျင်းပမည့်ဟု ကြေညာပြီးနောက် သရက်မြို့နယ် ကပစ ၁၂ မှ ထွက်လာသည့် စစ်ကြောင်းသည် မြို့အနောက်ခြမ်း သရက်နှင့်မင်းတုန်းနယ်စပ်ကျေးရွာများကို ဩဂုတ်လကုန်မှ စတင်၍ စစ်ကြောင်းထိုးကာ ကျေးရွာများကိုစီးနင်းနေသည်ဟု ကိုဗဟိန်းကဆိုသည်။ 

ထိုမှတဆင့်  သရက်မြို့နယ် မြောက်ပိုင်း သရက်နှင့်အထက်မင်းလှ အရှေ့ခြမ်းကျေးရွာများဖြစ်သည့် ဂုမ္မဏီနှင့်ကျောက်မဲရွာတို့ကို  စက်တင်ဘာပထမပတ်တွင် ဆက်လက်စစ်ကြောင်းထိုး စီးနင်းနေခြင်း ဖြစ်သည်။ 

ဧရာဝတီမြစ်နှင့် ရခိုင်ရိုးမကြားရှိ အထက်မင်းလှမြို့နယ်တွင် စစ်တပ်ထောက်တိုင် လက်နက်စက်ရုံများ ဖြစ်သည့်အမြောက်ကျည်ဆန်၊ မော်တာကျည်ဆန် ထုတ်လုပ်သည့် ကပစ (၂)၊ ၄၀ မမ တာဝေးပစ် ယာဉ်တင်ဒုံးများထုတ်လုပ်ရာ ကပစ (၁၀)၊ ရေမြုပ်မိုင်းနှင့် လက်နက်ကြီးအစိတ်အပိုင်းများ ထုတ်လုပ်သည့် ကပစ (၁၃) တို့တည်ရှိသည်။ 


သရက်မြို့နယ်၊ တိုက်ပွဲဖြစ်ရာပြမြေပုံ။

စစ်ရေးပြင်းထန်လာသည့် မကွေးတိုင်း

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစပြီး ရခိုင်ပြည်နယ်မှ မြို့နယ်အများစုကို လက်လွှတ်ခဲ့ရပြီးနောက် ကပ်လျှက်ရှိ မကွေးတိုင်းအတွင်းမှ ကပစ စက်ရုံများတွင် စစ်တပ်က လုံခြုံရေးတင်းကျပ်ပြီး ခံစစ်ပြင်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။ 

အထက်မင်းလှမြို့နယ် ကပစ စက်ရုံများတွင်လည်း လုံခြုံရေးတိုးမြှင့်ထားသလို နှစ်လယ်ပိုင်းကစပြီး အထက်မင်းလှနှင့် ငဖဲနယ်စပ် ပုသိမ်- မုံရွာလမ်းနှင့် သရက်နယ်စပ်တွင် စစ်ကြောင်းထိုးနေသည်။ 

“ရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်နဲ့ပစ်တယ်။ စစ်ကြောင်းထိုးတာလည်းရှိတယ်။ ထိတွေ့မှုမဖြစ်ဘဲနဲ့ လိုက်လုပ်နေတာတွေလည်းရှိတယ်။ အဓိက ကတော့အကြောက်တရားပေါ့။ ရွေးကောက်ပွဲ အတွက် လုပ်ချင်တဲ့သဘောပေါ့။ သူတို့ (ရွေးကောက်ပွဲ)လုပ်ဝံ့မယ်ဆိုရင်တောင် အကုန်တော့ မလုပ်နိုင် ပါဘူး။ မြို့ပေါ်နဲ့အနီးအနားရပ်ကွက်နဲ့ ကပစ ဝန်းကျင်လောက်ပဲ။ နယ်တွေဘက်တော့ မျှော်လင့်လို့ မရပါဘူး”ဟု အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက ပြောသည်။ 

ဩဂုတ်လတွင် မကွေးတိုင်းအတွင်း မြို့နယ် ၆ မြို့နယ်တွင် ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ပြီး လေကြောင်း၊ ဒရုန်းနှင့် စက်တပ်လေထီးတို့ တိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော်ပြုလုပ်ခဲ့သလို စစ်ကြောင်းထိုးမီးရှို့မှု များကြောင့် အိမ်ခြေ ၁၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး အရပ်သား ပြည်သူ ၄၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအချက်အလက်များ စာရင်းပြုစုထားသော တမာဖွံ့ဖြိုးရေးအင်စတီကျူက ထုတ်ပြန်ထားသည်။ 

၁၀၂၇ စစ်ဆင်ရေးတွင် မြို့ပေါင်းဆယ်နှင့်ချီလက်လွှတ်ခဲ့ရသည့် စစ်တပ်သည် တရုတ်၏ကြားဝင် ညှိနှိုင်းမှုဖြင့် နှစ်ဆန်းပိုင်းကစပြီး ရှမ်းမြောက်တွင် တိုက်ပွဲအရှိန်သိသိသာသာလျော့ကျသွားပြီးနောက်  လားရှိုးမြို့ကို သေနတ်တစ်ချက်မဖောက်ဘဲ ပြန်လည်ရရှိခဲ့သည်။ 

ထို့ပြင် နိုင်ငံအနှံ့အဓမ္မစစ်သားစုဆောင်းခြင်းဖြင့် စစ်အင်အားလိုအပ်ချက်ကိုဖြည့်တင်းနိုင်ခဲ့ပြီးနောက် ယခုနှစ် ဇူလိုင်လကစပြီး ရှမ်းမြောက်၊ ကယား (ကရင်နီ) နှင့်မန္တလေးတိုင်းတို့တွင် သာလွန်အင်အားဖြင့် ထိုးစစ်ဆင်၍ အရေးပါသည့်မြို့များနှင့် လမ်းပိုင်းများကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် လနှင့်ချီကြာအောင် စစ်ကြောင်းမထိုးနိုင်ခဲ့သည့် စစ်တပ်သည် ဇူလိုင်လကစပြီး မြို့နယ် ၁၅ ခုထက်မနည်း မြေပြင်စစ်ကြောင်းထိုးကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ကြိုးပမ်းနေသည်။ 

စစ်တပ်သည် နေရာကွက်ပြီး အကန့်အသတ်နှင့်တန်ပြန်ထိုးစစ်ဆင်နေပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မြေပြန့်ရှိမဟာဗျူဟာအရအရေးပါသည့် လမ်းပိုင်းများကို ပြန်ထိန်းချုပ်နိုင်ရန် ဦးတည်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူ့ခုခံတွန်းလှန်စစ် လေးနှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

Related Articles

Back to top button