စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံတစ်ဦး ယနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) နံနက်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောကြသည်။
တော်လှန်ရေးအဖွဲ့များ စိုးမိုးနယ်မြေဖြစ်သည့် ဝက်လက်မြို့နယ်၊ ကျီးကန် (မြောက်) ရွာ ပအဖ တာဝန်ခံ အသက် ၄၀ ကျော်အရွယ် ဦးမင်းသန့်သည် ယနေ့နံနက် ၉ နာရီခန့်က ကျေးရွာအနီး ကွင်းလမ်းပေါ်တွင် ဦးခေါင်းကို အနီးကပ် ပစ်ခတ်ခံရကြောင်း ကျီးကန်ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။
“သူက လက်ဘက်ရည်ဆိုင်ဖွင့်ထားတာ။ အဲ့ဒါကျီးကန်ကနေ လှတောကို အအေးသွားဝယ်တာ။ အပြန်မှာ လမ်းတစ်ဝက်မှာ အပစ်ခံရတာ။ခေါင်းမှာပစ်ခံရတာ တစ်ချက်တည်းပဲ”ဟု ကျီးကန်ရွာ ပကဖတာဝန်ခံ ကိုကျော်မျိုးသူက ဆိုသည်။
နံနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် အခင်းဖြစ်ပွားရာနေရာတွင် ဦးမင်းသန့်ကို တွေ့ရှိရပြီး ဆေးခန်းသွားသည့် လမ်းတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“ဆေးခန်းတော့သွားသေးတယ် လမ်းမှာပေါ့။ ဒီကနေတော့ အသက်လေးတော့ရှိသေးတယ်။ မေးလို့တော့ မရတော့ဘူး။ အသက်က ငွေ့ငွေ့ပဲကျန်တော့တာ”
အခင်းဖြစ်ပွားချိန်အနီးဝန်းကျင်ရှိသူများ၏ထွက်ဆိုချက်အရ ပစ်ခတ်သူမှာ နှစ်ဦးဖြစ်ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)အပါအဝင် တော်လှန်ရေးအင်အားစုများက လိုက်လံစုံစမ်းနေသည်ဟု ကိုကျော်မျိုးသူကပြောသည်။
လက်လုပ်သေနတ်ဖြင့် ပစ်ခတ်သည်ဟု ယူဆရပြီး ရပ်ကျေးပအဖတာဝန်ခံကို မည်သည့်အကြောင်းဖြင့် ပစ်သတ်သည်၊ ကျူးလွန်သူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးပေ။
ရွှေဘို – မန္တလေးလမ်းပေါ်တွင် ရှိသော ကျီးကန်(မြောက်)ရွာနှင့်(တောင်)ရွာမှာ တဆက်တည်းရှိပြီး ဝက်လက်မြို့အနောက်ဘက် ကိုးမိုင်ခန့်အကွာတွင်ရှိသည်။ အနီးရှိ လှတောရွာတွင် စစ်တပ်ကအထိုင်ချ တပ်စွဲထားရာ လှတောနှင့်ကျီးကန်ရွာကို ဆက်ထားသည့် ကွင်းလမ်းမှတဆင့် သွားလာရသည့်အခြေအနေ ဖြစ်သည်။
မူးမြစ်နှင့်ဧရာဝတီမြစ်ကြား ဝက်လက်မြို့နယ်တွင် စစ်တပ်က ဝက်လက်မြို့ပေါ်၊ ရွှေဘို မန္တလေးလမ်းပေါ်ရှိ ရွာသာကြီး၊ လှတောနှင့် စိုင်နိုင်ကွေ့၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရှိန်းမကားတို့တွင် ခြေကုပ်ယူထားသလို တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသအများစုကို နယ်မြေစိုးမိုးထားသည်။
ဝက်လက်မြို့နယ်၊ လှတောရွာတွင် ယခင်လက တော်လှန်ရေးအင်အားစုအချို့ပါဝင်သည့် လူသတ် ဓားပြ တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို မြို့နယ်ပလဖ က ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေသည်။
စက်တင်ဘာလ ၅ ရက်နေ့ကလည်း ရွာသာကြီးရွာ ဒေသကာကွယ်ရေးအဖွဲ့ဝင် လက်နက်ကိုင် တစ်ဦးက အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို မုဒိမ်းမှုကျူးလွန်ခဲ့သည်။ ဖမ်းဆီးရမိထားသည့် သံသယတရားခံအား ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူရန် ဒေသခံလူထုက ဆန္ဒပြတောင်းဆိုမှုများရှိခဲ့သည်။
ဝက်လက်မြို့နယ် အမှုအခင်းများနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တရားရုံးများမှ စစ်ဆေး ကြားနာမှုများရှိသော်လည်း တရားရေးလုပ်ငန်းစဉ်မှာ နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း ဒေသခံများ က ဝေဖန်နေကြသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလက ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေးနှင့် ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ် သမီးငယ်တို့ မိသားစု လိုက် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သည်မှာ တစ်နှစ် နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒမာ ၊ ကန့်ဘလူမြိုန့ယ် တင်ငုတ်ကြီးရွာ ပအဖ တာဝန်ခံ ဦးသိန်းဝေတို့ယခုနှစ် ဇန်နဝါရီလအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရ သည်။
“အဓိက ပြဿနာကတော့ လက်နက်ကိုင် အစုအဖွဲ့တွေကို စနစ်တကျ ကိုင်တွယ်နိုင်မှုအားနည်းတာနဲ့ NUG ဝန်ထမ်းတွေရဲ့ လုံခြုံရေးအားနည်းမှုကတော့ အဓိကဖြစ်မယ်ထင်တယ်”ဟု ကနီမြို့နယ် ဒေသခံတစ်ဦးက သုံးသပ်သည်။
နိုင်ငံအလယ်ပိုင်းတော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်းတွင် တရားရုံး ၂၅ ရုံး ၊ မကွေးတိုင်းတွင် တရားရုံး သုံး ရုံး ဖွဲ့ထားပြီး မြို့နယ် တရားသူကြီး ၁၀၇ ဦး ခန့်အပ်ထားကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်ပြုလုပ်ထားသည့် တရားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ ပြောထားသည်။
တရားရုံးများ စတင်လည်ပတ်နိုင်ခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းမှစပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ရာဇဝတ်မှုနှင့် တရားမမှုပေါင်း ၁၆၀၀ စွဲဆိုနိုင်ခဲ့သည့်အနက် အမှု ၈၄၀ ကျော် ပြီးပြတ်ခဲ့ပြီး လက်ကျန်အမှု ၇၅၀ ကျော် ဆက်လက်ဆောင်ရွက်နေကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သိရသည်။



