အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗန်းမော်မြို့ရှိ ခြေလျင်တပ်နှင့် တင့်ကားတပ်ကို စစ်တပ် ပြန်ရသွားဟု KIA အတည်ပြု

KIA ခြောက်လကြာ ထိန်းချုပ်ထားသည့် ဗန်းမော်လေဆိပ်အနီး အမှတ် (၂၃၆) ခြေလျင်တပ်ရင်း ၊ အမှတ် (၅၀၁၄) တင့်ကား တပ် တို့ကို စစ်တပ်က ပြန်ရသွားသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်(KIA) က ခြောက်လကြာ သိမ်းပိုက်ထားသည့် တပ်ရင်း နှစ်ခုကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်ဟု KIA ထံက သိရသည်။

မြို့မြောက်ဘက်တွင်ရှိသည့် ဗန်းမော်လေဆိပ်အနီးရှိ စစ်တပ်၏ အမှတ် (၂၃၆) ခြေလျင်တပ်ရင်း ၊ အမှတ် (၅၀၁၄) တင့်ကားတပ်တို့ကို လက်လွှတ်လိုက်ရသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို အတည်ပြုသည်။

“သံချပ်ကာကား (၅၀၀၄) တွေ ခလရ(၂၃၆)တွေ သူတို့ပြန်ရသွားတာရှိပါတယ်။ ကျန်တဲ့နေရာမှာကတော့ နဂို အတိုင်းပဲဖြစ်ပါတယ်။ တိုက်ပွဲလည်းရှိပါတယ်။ အဲဒီဘက်မှာ ဒီနေ့ကတော့ နည်းနည်း ပြန်ငြိမ်နေပါ တယ်။ မနေ့က မနက်ပိုင်းမှာ တိုက်ပွဲကတော့ တော်တော် ပြင်းပြင်းထန်ထန်ရှိတယ်။ သူတို့ဘက်ကလည်း အကျအဆုံး တွေရှိတယ်၊ ထိခိုက်တာတွေရှိတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 

ဗန်းမော်မြို့တိုက်ပွဲအတွင်း လေဆိပ်နှင့် တပ်ရင်းဌာနချုပ် ၄ ခု၊ တပ်စခန်းတစ်ခုတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ ပြီး တပ်ရင်ဌာနချုပ်များကို သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်တပ်က ယမန်နေ့ (စက်တင်ဘာလ ၁၁ ရက်နေ့) က ထုတ်ပြန် သော်လည်း မည်သည့် တပ်ရင်းဌာနချုပ်များဖြစ်ကြောင်း မဖော်ပြထားပေ။

စစ်တပ် ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ ဗန်းမော်လေဆိပ်အနီးတွင်ရှိသည့် ခလရ(၂၃၆)၊ အမှတ် (၅၀၁၄) တပ်ရင်းတို့ရှေ့တွင် အောင်ပွဲခံနေသည့် စစ်သားများကို တွေ့ရသည်။ 

တပ်ရင်း နှစ်ခု စစ်တပ်ပြန်ရသွားသည်ကို KIA က အတည်ပြုသော်လည်း တိုက်ပွဲများဆက်ရှိနေသည်၊ ဗန်းမော် လေယာဉ်ကွင်းကိုလည်း တစ်ခြမ်းစီ ထိန်းချုပ်ထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ၊ ၁၀ ရက်နေ့တွင် အမှတ် (၃၆၆) အမြောက်တပ်နှင့် လေယာဉ်ကွင်းနေရာမှ KIA ပူးပေါင်း တပ်များ နောက်ဆုတ်ပေးလိုက်ရ ပြီးနောက်  လေယာဉ်ကွင်းတစ်ခြမ်း KIA က ဆက်လက်ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော ဗန်းမော်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ကာ KIA၊ အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လခန့် အကြာမှာပင် မြို့ပေါ်ရပ်ကွက်အချို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

မြို့မြောက်ဘက် ဗန်းမော်လေဆိပ်နှင့်အနီးဝန်းကျင်ရှိ ခလရ(၂၃၆)၊ အမတ (၃၆၆)၊ (၅၀၁၄) တင့်ကားတပ် ၊ အမှတ် (၇၀၀၆) သံချပ်ကားတပ်တို့နှင့် ကာကင်းစခန်းများကို တိုက်ပွဲစတင်ပြီး သုံးလခန့်အကြာ ယခုနှစ် ဖေဖာ်ဝါရီလအတွင်း KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်။

ဗန်းမော်မြို့တွင်းစစ်တပ်ထိန်းချုပ်မှုပြမြေပုံ။

စစ်တပ်သည် ဗန်းမော်မြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းပစ်ကူအများအပြား အသုံးပြုခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့်တစ်မြို့လုံး ပျက်စီးနေပြီဖြစ်သည်။ 

ထို့နောက် ယခုနှစ် စစ်တပ်၏ နိုင်ငံအနှံ့တန်ပြန်ထိုးစစ်တွင် မန္တလေးမြို့ စစ်ကူစစ်သင်္ဘောများ ဩဂုတ်လ ၁ ရက်နေ့တွင် ဗန်းမော်မြို့သို့ ရောက်ရှိလာပြီးနောက် မြေပြင်ထိုးစစ်များ လျင်လျင်မြန်မြန် ပြုလုပ်ကာ မြို့ပေါ်ရပ်ကွက်များနှင့် စစ်တပ်ဌာနချုပ်များကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

ခြေလျင် စစ်ကြောင်း ခုနစ်ကြောင်းဖြင့် လေကြောင်း၊ ဒရုန်းပစ်ကူများ သုံးကာ ဗန်းမော်မြို့ကို ထိုးစစ်ဆင် နေသည်ဟု စစ်တပ်၏ ယမန်နေ့ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိအချိန်အထိ ဗန်းမော်လေယာဉ်ကွင်းတစ်ခြမ်း၊ ခလရ(၂၃၆)၊ အမတ (၃၆၆)၊ (၅၀၁၄) တင့်ကားတပ်  တို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီး ဖြစ်သည်။ အလားတူ ဗန်းမော်မြို့ရှိ ဆက်သွယ်ရေး၊ ထောက်ပို့ ရေးစသည့် လက်ရုံးတပ်များနှင့် မြို့တောင်ဘက်တွင်ရှိသည့် ခလရ(၄၇)တပ်ရင်းတို့ကို စစ်တပ်က ဆက် ထိန်းချုပ်ထားသည်။

စစ်တပ်က ပြန်သိမ်းပိုက်နိုင်သည့်ဆိုသည့် တပ်ရင်းဌာနချုပ်များမှာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ၂၁)၏ အရှေ့ဘက်တွင် ရှိပြီး ဗန်းမော်လေဆိပ်၏ ဘေးပတ်လည်တွင်တည်ရှိကြသည်။

​​အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ထိုးစစ်ဆင်ရန် အနီးဆုံးနေရာများဖြစ်သည့် တပ်ရင်း နှစ်ခု လက်လွှတ်လိုက်ရသည့်အတွက်  KIA အတွက် စကခ-၂၁ ထိုးစစ်မှာ ပိုမိုခက်ခဲသွားနိုင်ဖွယ်ရာ ရှိနေသည်။ 

KIA ဘက်ကမူ လေယာဉ်ကွင်းတစ်ခြမ်း၊ အမှတ် (၇၀၀၆) သံချပ်ကားတပ် တို့နှင့် နေရာအချို့တွင် ဆက် လက်ထိန်းချုပ်ထားသည်ဟု ယူဆရပြီး တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။ 

“သူတို့ကတော့ အခုကတော့ ဘယ်ဘက်ကို ပြန်ပြီး စစ်ကြောင်းတွေထိုးမယ်ဆိုတာကတော့ သဲသဲကွဲကွဲ မရှိပါဘူး။ ကျွန်တော်တို့လည်း သူတို့ စစ်တပ်ကြားမှာ နေရာယူထားတာတွေအများကြီးရှိပါတယ်။ ဒါကြောင့် တိုက်ပွဲကတော့ ဆက်ရှိနေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

KIA နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက စခန်းအချို့လက်လွှတ်ထားရသော်လည်း အပြီးသတ်ပေး ရခြင်းမဟုတ်ဘဲ အပြန်အလှန်ထိုးစစ်ဆင်နေဆဲအနေအထားဖြစ်ကြောင်း ပြောသည်။

“အဆုတ်အတက် ကစားတာပါ၊ သူတို့ဟာနဲ့ သူတို့ ပုံတင်တယ်၊ ဗွီဒီယိုတွေရိုက်တဲ့ ဒရုန်းနဲ့ ရိုက်တယ်။  ပုံတင်တယ် ပြီးရင် ပြန်ဆုတ်သွားကြတာပဲ။ ကျွန်တော်တို့ဘက်ကတော့ အဆုတ်အတက် ကစားတာပါ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြို့ပေါ် ၁၆ ရပ်ကွက်ရှိပြီး လူဦးရေ တစ်သိန်းကျော်ရှိသည့် ဗန်းမော်မြို့သည် ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည်။ တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့်သာ ဝေးကာ ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ကချင်ပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်းကို ဆက်သွယ်နိုင်သည့် ဗျူဟာမြောက် မြို့တစ်ခုဖြစ်သည်။

စစ်တပ်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှ ယနေ့အထိ ကိုးလတာအတွင်း တိုက်ပွဲကြီး ၁၆ ကြိမ်၊​ တိုက်ပွဲငယ် ၄၉၀ ခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်မှ အလောင်း ၁၆၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ ဗန်းမော်တိုက်ပွဲများအတွင်း KIA ပူးပေါင်းတပ်မှ ၄၆၀၀ ကျော် သေပြီး ၅၀၀၀ နီးပါ ဒဏ်ရာရကာ ၎င်းတို့ဘက်မှ အရာရှိ၊ စစ်သည် အချို့ သေဆုံးကြောင်း စစ်တပ်က ဝါဒဖြန့်ချိ နေသည်။

KIA သည် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှစတင်သည့် KIA ၏ ကချင်ပြည်နယ် ထိုးစစ်အတွင်း စစ်တပ်၏ ရာနှင့်ချီသည့် တပ်စခန်းများနှင့် မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ရရှိလာသည့် စစ်အင်အားများဖြင့် အာဏာသိမ်းစစ်တပ်က ယခုနှစ် နှစ်လယ်မှစတင်ကာ ကချင်အပါအဝင် နိုင်ငံအလယ်ပိုင်း၊ ရှမ်းမြောက်၊ ကရင်၊ ကရင်နီ ဒေသများကို ထိုးစစ်ဆင်ကာ လက်လွှတ်လိုက်ရသောနယ်မြေများ ပြန်ရယူရန် ကြိုးပမ်းနေသည်။

 စစ်တပ်က ထုတ်ပြန်ထားသော ခလရ (၂၃၆) ရှေ့ အောင်ပွဲခံနေသော စစ်သားများ။

Related Articles

Back to top button