စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက် ကြံသာရွာကို စစ်တပ်က ထိုးစစ်ဆင်လာစဉ် လက်နက်ခဲယမ်း မလုံလောက်သဖြင့် လက်လွှတ်ပေးလိုက်ရကြောင်း တော်လှန်ရေးတပ်များထံက သိရသည်။
ကြံသာကျေးရွာနှင့် သုံး မိုင်ခန့်အကွာ ဂန့်ဂေါမြို့နယ်ပြည်သူ့စစ်ကျေးရွာများတွင် အခြေစိုက်သော စစ်တပ်က စက်တင်ဘာလ ဒုတိယပတ်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာတွင် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် တော်လှန်ရေးတပ်များက ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့နဲ့ သူတို့က မီတာ ဘယ်လောက်မှမကွာဘူး။ အမြဲတမ်းလတိုင်းဒီအတိုင်းစောင့်ကြည့်နေရ တဲ့အနေအထားပေါ့။ နောက်တော့ မီတာ ၃၀၀ လောက်ကနေ ကြာသပတေးနေ့မှာဖြည်းဖြည်းချင်း ပြန်ရွေ့ လာတယ်။ တိုက်ပွဲပြင်းထန်တယ်။ သူတို့ကိုကာနိုင်တဲ့အတွက် သူတို့ပြန်ဆုတ်တယ်။ စနေနေ့ မနက်ပိုင်း ၈ နာရီ ၉ နာရီလောက်မှာ တိုက်ပွဲပြင်းထန်တာပေါ့။ နောက်ဆုံးမှာ ပြန်ပေးလိုက်ရတာပေါ့” ဟု ချင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့ – ကလေး၊ ကဘော်၊ ဂန့်ဂေါ (CDF KKG) မှ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ ကြံသာတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ခြောက် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညနေပိုင်း ဆုတ်ခွာချိန်တွင် ကာပစ်ပေးသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ် ဦး သေဆုံးကြောင်း ၎င်းက ဆက်ပြောသည်။
ကလေးမြို့တောင်ဘက် မိုင် ၄၀ ခန့်အကွာ ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ ကြံသာရွာသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့်မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့စစ် (ပျူစောထီး) ကျေးရွာများသို့ ဆက်သွယ်ရေး အတွက် အရေးပါသည့် နေရာတွင်ရှိသဖြင့် စစ်တပ်က ထိုရွာ ပြန်ရရေးအကြိမ်ကြိမ် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက သုံးသပ်သည်။
“ ကြံသာကတော့ သူတို့အတွက်က အိမ်တစ်အိမ်ဆိုရင်တော့ ခြံတံခါးမကြီးလိုဖြစ်နေပေါ့။ ဆိုတော့ ကျွန်တော်တို့က သူတို့ရဲ့အိမ်ထဲကို ကြိုက်သလိုဝင်လို့ရတဲ့အနေထားပေါ့။ ကျန်တဲ့ပျူစောထီးရွာတွေ ကြိုက်သလိုဝင်လို့ရတဲ့ အနေအထားဆိုတော့ သူတို့က ကြံသာကို မရ၊ ရအောင်လုပ် ၊ အိမ်ရှေ့တံခါးမကို ပြန်ပိတ်ချင်တဲ့သဘောပေါ့”

ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ ဂန့်ဂေါမြို့နယ် ဟံသာဝတီ၊ မြောက်ခင်ရန်း ကျေးရွာတို့သည် စစ်တပ်နှင့် ပြည်သူ့စစ် အင်အားကောင်းသည့်ရွာများဖြစ်ပြီး ကလေးမြို့နယ်၊ အင်းကျွန်း၊ ရေရှင်၊ ကျောက်ပြုတ် အပါအဝင် ပြည်သူ့စစ်အထိုင်ချထားရာကျေးရွာ ၁၀ ရွာခန့်ရှိသည်။
ကလေးနှင့်ဂန့်ဂေါကြား စစ်တပ်အခြေစိုက်စခန်းများဖြစ်သည့် ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်)၊ ကြံသာကျေးရွာတို့ကို ဖေဖော်ဝါရီလမှ ဧပြီလအတွင်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိတွင် စစ်တပ်က ကြံသာတွင် ပြန်လည်ခြေကုပ်ယူပြီးနောက် ကလေးတောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ကျေးရွာများသို့ ပြန်လည် စစ်ကြောင်းထိုးလာနိုင်ဖွယ် ရှိသည် ဟုအထက်ပါ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက သုံးသပ်သည်။
“ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင်တော့ တစ်ယောက်တစ်ပေါက်လုပ်ရင်တော့ ထိန်းနိုင်မှာမဟုတ်ဘူး။
တစ်ယောက်တစ်ပေါက် သူ့နယ်ကိုယ့်နယ် ဒီဘက်မှာလာမတိုက်နဲ့ဆိုတာမျိုး ဖြစ်နေသရွေ့ကတော့ ထိန်းထားတဲ့နေရာတွေ တစ်မြို့ပြီးတစ်မြို့၊ တစ်နေရာပြီးတစ်နေရာ၊ တစ်စခန်းပြီးတစ်စခန်းဆုံးရှုံးမှာပဲ။ ကျွန်တော်တို့ မစည်းလုံးဘူး ဆိုရင်တော့ ပေးရမှာပဲ”ဟု ၎င်းက ဆက်ပြောသည်။
ကြံသာရွာကို စစ်တပ်နှင့် ဒေသပြည်သူ့စစ်ပူးပေါင်းတပ်က ထိုးစစ်ဆင်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက်လက်ထိုးစစ်ဆင်ရန် စစ်ရေးအရှိန်မြှင့်တင်နေကြောင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရန်များတွင် ဖော်ပြသည်။
ကလေးတောင်ပိုင်းတွင် ကြံသာကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သလို ကလေးမြို့မြောက်ပိုင်းတွင်လည်း တမူး – ကလေးလမ်းကို ဩဂုတ်လပိုင်းကစပြီး စစ်တပ် ထိုးစစ်ဆင်နေရာ ဒေသတွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်။
ကလေးမြို့မြောက်ပိုင်းတိုက်ပွဲများတွင် စစ်တပ်က အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်များကိုပါ ထည့်သွင်းအသုံးပြုနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) အမှတ် (၁) စစ်ဒေသကလည်း ထုတ်ပြန် အသိပေးထားသည်။
စစ်ကိုင်း၊ ချင်း၊ မကွေးနယ်စပ်တို့ဆုံရာ ကလေးမြို့တွင် စစ်တပ်က ဩဂုတ်လကတည်းက အင်တာနက် လိုင်းအများစုကို ဖြတ်တောက်ထားပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် U9 (အော်ရီဒူး) ကို ထပ်မံ ဖြတ်တောက်လိုက်သဖြင့် အင်တာနက်လုံးဝပြတ်တောက်နေသည်မှာ နှစ်ပတ်နီးပါးရှိလာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းတို့ ကမောက်ကမဖြစ်နေသည်။




