အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သပိတ်ကျင်းတွင် တော်လှန်ရေးထိန်းချုပ်ရွာကို စစ်တပ်ပြန်ရ၊ မိုးကုတ်ဘက် ထိုးဖောက်နေ

သပိတ်ကျင်းနယ်မှ တော်လှန်ရေးထိန်းချုပ်ရွာကို စစ်တပ်ကပြန်ရသွားပြီးနောက် သပိတ်ကျင်း- မိုးကုတ်လမ်းအတိုင်း ထိုးဖောက်လာနေ၍ ဒေသခံအများအပြား တိမ်းရှောင်နေကြရသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့အရှေ့ဘက်  သပိတ်ကျင်း-မိုးကုတ်လမ်းကို စစ်တပ်က ထိုးဖောက်နေပြီး တော်လှန်ရေးတပ်များထိန်းချုပ်ထားသော ကျေးရွာတစ်ရွာကို ပြန်သိမ်းသွားပြီးနောက် အနီးအနားရွာများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံနှင့် တော်လှန်ရေး စစ်ရေးရင်းမြစ်များထံက သိရသည်။

သပိတ်ကျင်းမြို့အရှေ့တောင်ဘက် လေးမိုင်ကျော်အကွာရှိ လမ်းလယ်ကျစ်ကျေးရွာကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်တွင် စစ်ကော်မရှင်တပ်များက ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူများ သုံးကာ သိမ်းယူခဲ့သည်။

ထို့နောက် မန္တလေး-မိုးကုတ်လမ်းအတိုင်း မိုးကုတ်မြို့ဘက်ကို စစ်တပ်က ထိုးဖောက်နေပြီး တော်လှန်ရေး တပ်များနှင့်တိုက်ပွဲပြင်းထန်နေသည်ဟု ထိုဒေသစစ်ရေးရင်းမြစ်များက Myanmar Now ကို ပြောသည်။

“တိုက်ပွဲက သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းမှာ ပြင်းထန်နေတယ်။ မန္တလေး-မိုးကုတ်သွားတဲ့လမ်းပိုင်းကို သူတို့လိုချင်နေတော့ အသည်းအသန် စစ်ကြောင်းတွေ ထိုးနေတယ်။ ဒီဘက်ကလည်း ပြန်တိုက်တော့ (တိုက်ပွဲ)အပြင်းအထန်တွေဖြစ်နေတယ်။ လမ်းလယ်ကျစ်က တစ်ရွာလုံးပေးလိုက်ရပြီ”ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လမ်းလယ်ကျစ်ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ထိန်းချုပ်ထားခြင်း ဖြစ်သည်။  

လမ်းလယ်ကျစ်ကျေးရွာတောင်ဘက် ကပ်လျက် အိမ်ခြေထောင်ဂဏန်းရှိသည့် ဇရပ်ကွင်းကျေးရွာအပြင် လမ်းလယ်ကျစ်ကျေးရွာ အရှေ့တောင်ဘက် နှစ် မိုင်ခန့်အကွာ၊ ကျောက်ဖျာကျေးရွာတို့မှ ဒေသခံများအား ယနေ့ နံနက် ၆ နာရီ နောက်ဆုံးထား တိမ်းရှောင်ရန် တော်လှန်ရေးတပ်များက ပြောထားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ လမ်းလယ်ကျစ် (ရွာ) ပါသွားတာရယ်၊ လေကြောင်းနဲ့လက်နက်ကြီး သုံးပြီး ထိုးနေတာတွေကြောင့်”ဟု သပိတ်ကျင်းမြို့နယ်တွင်နေထိုင်သည့် အဆိုပါ အမျိုးသားက ဆက်ပြောသည်။

လမ်းလယ်ကျစ်ရွာကို ပြန်သိမ်းပြီးနောက် ကျေးရွာအတွင်းတပ်စွဲကာ နေအိမ်များ မီးရှို့နေသည်၊ အနီးမှ ဇရပ်ကွင်းရွာကိုလည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်ကလည်း ယနေ့ နေ့လယ်က ပြောသည်။

“ဖော့တောလမ်းဆုံကိုတော့ သူတို့ မသိမ်းနိုင်ဘူး။ အဲဒီမှာ PLA တပ်ဖွဲ့တွေရော၊ ကျန်တဲ့အဖွဲ့စုံ ရှိတယ်။ သူတို့ (စစ်တပ်)ကတော့ သူတို့သာတဲ့ နည်းလမ်းပေါင်းစုံ သုံးမှာပေါ့နော်။ လေကြောင်းနဲ့ဒရုန်း ၊ လက်နက်ကြီးတို့ လက်လှမ်းမီတဲ့နေရာတွေ တောက်လျောက်ပစ်နေတယ်။ လမ်းလယ်ကျစ်ရွာကို သိမ်းပြီးတော့ မီးတွေ ရှို့နေတယ်လို့ကြားရတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ် ဝါဒဖြန့်သူများကမူ လမ်းလယ်ကျစ်ရွာနှင့် ဖော့တောလမ်းဆုံကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဖော်ပြနေကြသည်။

ဖော့တောလမ်းဆုံသည် လမ်းလယ်ကျစ်ရွာ၏ အရှေ့မြောက်ဘက် သုံး မိုင်ကျော်အကွာတွင် တည်ရှိပြီး သပိတ်ကျင်း-မန္တလေး-မိုးကုတ်ကို ဆက်သွယ်ထားသောလမ်းဆုံဖြစ်၍ အရေးပါသောနေရာဖြစ်သည်။ 

တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး MDY-PDF အပါအဝင် ထိုဒေသရှိ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များထံ Myanmar Now က မေးမြန်းထားဆဲဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့က သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာနှင့် ကျောက်ဖျာကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း အရပ်သား လေးဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

မန္တလေးမြို့၏မြောက်ဘက် မိုင် ၈၀ ကျော်အကွာ ရွှေတူးဖော်ရေးလုပ်ငန်းအများအပြားရှိသည့် သပိတ်ကျင်းမြို့ကို ယမန်နှစ်အတွင်း NUG က သိမ်းပိုက်ခဲ့ပြီး ယခုနှစ် ဇူလိုင်လတွင် စစ်တပ်က ပြန်ရယူ သွားခဲ့သည်။

မြို့ပေါ်ကိုရပြီးနောက် မြို့နယ်တစ်ခုလုံးထိန်းချုပ်ရန် စစ်တပ်က ကြိုးပမ်းလာရာ မြို့အရှေ့ဘက်ကို ထိုးဖောက်လာသည်။

သပိတ်ကျင်းမြို့အရှေ့ဘက်ရှိ မိုးကုတ်မြို့ကိုလည်း စစ်တပ်က ပြန်လည်ရယူရန် ကြိုးပမ်းနေရာ မိုးကုတ် မြို့တောင်ဘက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ဘက်မှလည်း စစ်ကြောင်း ထိုးဖောက်နေဿည်။ 

တောတောင်များအတွင်းတိမ်းရှောင်နေသော သပိတ်ကျင်းဒေသခံများ။ (ဓာတ်ပုံ-မိုးဦး)
တောတောင်များအတွင်းတိမ်းရှောင်နေသော သပိတ်ကျင်းဒေသခံများ။ (ဓာတ်ပုံ-မိုးဦး)

Related Articles

Back to top button