အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗန်းမောက်မြို့ ဇလုံတောင်သွားရာလမ်းတွင် တိုက်ပွဲဖြစ် ၊ SNA တပ်ဖွဲ့ဝင်အချို့ အရှင်ဖမ်းမိ

မြို့မြောက်ဘက် အထင်ကရနေရာတစ်ခုဖြစ်သော ဇလုံတောင်ဘုရား သွားရာလမ်းပေါ်တွင် တိုက်ပွဲများ ဖြစ်နေကာ SNA တပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းမိသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း ၊ ဗန်းမောက်မြို့ကို သိမ်းပိုက်ပြီးသော်လည်း မြို့မြောက်ဘက် နှစ်မိုင်ခွဲဝန်းကျင်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများဆက်ရှိနေပြီး ရှမ်းနီအမျိုးသားတပ်ဖွဲ့ဝင်အချို့ အရှင် ဖမ်းမိခဲ့ကြောင်း ဗန်းမောက် ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ နံနက်တွင် ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များ ဦးဆောင်၍ မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့ ညနေတွင် ဗန်းမောက်မြို့ကို အပြီးသတ် သိမ်းပိုက် နိုင်ခဲ့သည်။ 

“အခုက စစ်ရေးတင်းမာနေတာ။ နေ့တိုင်း ထိတွေ့မှု ရှိတယ်ဗျ။ ဇလုံတောင်ဘက်ကို သွားတဲ့လမ်းက ခမိုးရွာနားမှာ ဖြစ်နေတာ။ မြို့နဲ့ နှစ်မိုင်ခွဲလောက်ပဲ ဝေးတယ်” ဟု အထက်ပါ ဗန်းမောက် ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။ 

ဗန်းမော်မြို့မြောက်ဘက် ရှစ်မိုင်ကျာ်ခန့်အကွာ ဇလုံတောင်သည် ဘုရားဖူးခရီးသွားများအကြား လူသိများသည့် နေရာတစ်ခုဖြစ်ပြီး တိုက်ပွဲများကြောင့် စစ်တပ်က ၂၀၂၂ မှ ၂၀၂၄ နှစ်ကုန်အထိ ပိတ်ထားရာမှ ယခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြန်ဖွင့်ထားခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်နေသော ခမိုးရွာသည် မြို့မြောက်ဘက် နှစ်မိုင်ခွဲခန့်အကွာ ဇလုံတောင်သွားရာလမ်းပေါ်တွင်  တည်ရှိပြီး SNA က ဇလုံတောင်အနီး ခံစစ်ပြင်နေသည်ဟု သိရသည်။ 

စစ်တပ်သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်အတွင်း စစ်ကြောင်းများတွင် ရှမ်းနီအမျိုးသားတပ် (SNA) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း စစ်ရေးလှုပ်ရှားပြီး ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင်လည်း SNA အများစုပါ

ဝင်တိုက်ခိုက်သည်ဟု ကသာခရိုင်မှ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ဗန်းမောက်မြို့သိမ်းအပြီး မြို့အနောက်ဘက် တောတောင်များရှိ SNA အထိုင်ချနေသည့်နေရာများကို တော်လှန်ရေးအဖွဲ့များက လိုက်လံရှင်းလင်းရာ SNA တပ်ဖွဲ့ဝင်အချို့လည်း အရှင် ဖမ်းဆီးရမိထားသည်ဟု သိရသည်။  

“ ၂၃ ရက်နေ့ တိုက်ပွဲမှာ SNA သုံ့ပန်းတွေမိတာဗျ။ ကျွန်တော်တို့ လောလောဆယ်  နှစ်ယောက် စာရင်းရတယ်။ ဒဏ်ရာရပြီး ခေါ်မသွားဘဲ ပစ်ထားခဲ့တာ။ စုစုပေါင်း ဘယ်လောက်ရှိမယ် ဆိုတာတော့ မသိသေးဘူး။ ကျွန်တော်သိရတဲ့ နှစ်ယောက်ကတော့ လက်နက်အစုံလည်းပါတယ်။ အခု ဆေးကုပေးထားတယ်ဗျ” ဟု အထက်ပါ ကသာခရိုင်မှ စစ်ရေးသတင်းရင်းမြစ်နောက်တစ်ဦးက ပြောသည်။ 

စစ်သုံ့ပန်းဖမ်းဆီးရမိမှုတွင် နှစ်ဦးထက် ပိုနိုင်သည်ဟု အဆိုပါသတင်းရင်းမြစ်က ပြောသော်လည်း အခြား သောသတင်းရင်းမြစ်များကို ဆက်သွယ်မရသည့်အတွက် Myanmar Now အနေဖြင့် SNA အဖွဲ့ဝင် မည်မျှ ဖမ်းဆီးရမိသည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။ 

စစ်တပ်သည် လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင် ရွှေချောင်း၊ ပင်ဟင်းခါး နှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားကြောင်းလည်း NUG အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ 

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင်ကွပ်ကဲရေးမှူး ဦးစီးကာ ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ဗဟိုလုံခြုံရေးအဖွဲ့၊ အင်းတော်မြို့နယ် ပကဖ လက်ရုံးတပ်ခွဲ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ၊ အင်းတော်မြို့နယ် ပကဖ) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်တပ်သည် လေယာဉ်များဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့သည့်အပြင်  ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

အဆိုပါတိုက်ပွဲတွင် SNA ဗိုလ်တစ်ဦး အပါအဝင် စစ်တပ်ဘက်မှ ခုနစ် ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှ ရဲဘော် ခြောက် ဦး ကျဆုံးခဲ့သည်ဟု အမှတ်(၁) စစ်ဒေသ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အချို့ကမူ ဗန်းမောက်မြို့နယ် တပ်စခန်းအချို့မှ  SNA အဖွဲ့များ နောက်ဆုတ် လိုက်ရကြောင်း၊ ပင်ဟင်းခါးကျေးရွာတံတား မိုင်းခွဲရန် လာသည့် KIA နှင့် PDF  များကို SNA ဒရုန်းတပ်ဖွဲ့ က တိုက်ခိုက်ခဲ့ကြောင်း ၊ ကဒူး PDF အဖွဲ့ဝင် တစ် ဦးကို အသေရရှိခဲ့ကြောင်း ဖော်ပြနေကြသည်။ 
အင်းတော်မြို့၏ အနောက်မြောက် ဘက် ၂၈ မိုင် ကျော် အကွာတွင် ရှိသော ဗန်းမောက်မြို့နယ်အတွင်း  ကတူး၊ ကနန်း၊ ရှမ်းတိုင်းရင်းသားများ အများဆုံးအခြေစိုက်နေထိုင်ပြီး သစ်တောနှင့်တောတောင် အများအပြားရှိသည်။

မြို့အရှေ့ဘက် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တွင် NUG သိမ်းထားသည့် အင်းတော်နှင့် မော်လူးမြို့များ  ရှိသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ အစိုးရစာရင်းများအရ မြို့ပေါ် သုံးရပ်ကွက်ရှိကာ လူဦးရေ ၆၀၀၀ ကျော်နေထိုင်ကာ တစ်မြို့နယ်လုံးတွင် တစ်သိန်းကျော် နေထိုင်သည်။  စိုက်ပျိုးရေးနှင့် ရွှေသတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေးများ လုပ်ကိုင်ကြသည်။ 

ဗန်းမောက်မြို့နယ်ပြမြေပုံ။
ဗန်းမောက်မြို့နယ်ပြမြေပုံ။

Related Articles

Back to top button