နိုင်ငံအလယ်ပိုင်း စီးပွားရေးမြို့တော်မန္တလေးနှင့် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့ရှိ ဈေးဆိုင်ခန်းများကို မှန်တံခါးများတပ်ခြင်း၊ မှန်များကာရံခြင်းတို့ဖြင့် အဆင့်မမြှင့်ပါက တရားစွဲမည်ဟု စစ်ကော်မရှင်လက်အောက်ခံ မြို့တော်စည်ပင်သာယာရေးဌာနများက ညွှန်ကြားချက်ထုတ် ခြိမ်းခြောက်ထားသည်။
အထက်ပါမြို့များ၏ လမ်းမကြီး ဘယ်၊ ညာတစ်လျှောက် ဈေးဆိုင်ခန်းများသည် ကမ္ဘာနိုင်ငံကြီးများမှ ဈေးဆိုင်များနည်းတူပြင်ဆင်ဖွင့်လှစ်ရန် လိုအပ်သည်ဟု မြို့တော်စည်ပင်သာယာရေးဌာနများ၏ စက်တင်ဘာလ ၁၁ ရက် က ထုတ်ပြန်သည့်ညွှန်ကြားချက်တွင် ဖော်ပြသည်။
ဆိုင်အမည်နှင့် ဆိုင်းဘုတ်များကို အရွယ်အစား၊ အနိမ့်အမြင့် တပ်ဆင်ရန်၊ ဆိုင်ရှေ့တွင် အမိုး၊ အဖီများ မထားရန်၊ မိုးကာတဲများဖြင့်မရောင်းရန်၊ ဆိုင်ဝင်ပေါက်၊ ထွက်ပေါက်ကို အကျယ် လေး ပေ၊ အမြင့် ခုနစ် ပေဖြင့် မှန်တံခါး တပ်ဆင်ရန်တို့ကို စက်တင်ဘာလ ၃၀ ရက်နေ့အပြီးပြုလုပ်ရန် ညွှန်ကြားထားသည်။
ထိုသို့မပြုလုပ်ပါက ပထမအကြိမ်တွင် ဒဏ်ငွေဆောင်စေခြင်း (သို့မဟုတ်) တရားစွဲခြင်း၊ ဒုတိယအကြိမ်တွင် ဆိုင်ပိုင်ရှင်ကို စည်းကမ်းပျက်စာရင်းသွင်းမည်၊ တတိယအကြိမ်တွင် ဆိုင်ကို တစ်လ ပိတ်သိမ်းစေမည်ဟုလည်း ညွှန်ကြားချက်တွင် ပါရှိသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဈေးဆိုင်ဖွင့်ထားသည့်အမျိုးသမီးတစ်ဦးကစည်ပင်သာယာရေးကော်မတီ၏ အကြောင်းကြားစာ လက်ခံရရှိထားသော်လည်း ဆိုင်ကိုပြင်ဆင်ဆောက်လုပ်ရန်အခက်အခဲများရှိနေသည်ဟု Myanmar Now ကို ပြောသည်။
“အခုချိန်မှာ အားလုံးက ကျပ်တည်းနေတာ အရောင်းအဝယ်တွေလည်း မဖြစ်ကြဘူး ဒီလိုပြင်ဆင်ဖို့ဆိုတာလည်း ငွေကြေးကလည်း အတော်ကုန်ဦးမယ် အများကြီးခက်ခဲတာပေါ့ အခုချိန်ထိတော့ ဘယ်သူမှပြင်ဆင်တာ မတွေ့ရသေးဘူး” ဟု အသက် ၄၀ အရွယ် ယင်း အမျိုးသမီးက ပြောသည်။
မန္တလေးမြို့သည် လွန်ခဲ့သည့် ခြောက်လခန့်က စစ်ကိုင်းငလျင်ကြီးဒဏ်ကို အကြီးအကျယ်ခံစားထားရပြီးပြန်လည်ထူထောင်ရေး လုပ်ငန်းများအားနည်းနေပြီး အပြိုအပျက်များပင် ရှင်းလင်းနေရဆဲ ဖြစ်သည်။

ပြင်ဦးလွင်မြို့မှ ဈေးဆိုင်ခန်းရှင်အချို့မှာမူ ပြင်ဆင်မှုများပြုလုပ်နေသည်ဟု သိရသည်။
“လူစည်ကားတဲ့ လမ်းမကြီးဘေးနေရာတွေမှာ မှန်တံခါးတွေတပ်နေ၊ ပြင်နေတာတွေ တွေ့ရတယ်။ စစ်တပ်မြို့ဆိုတော့ ကြောက်ကြတာလည်းပါမယ်”ဟုပြင်ဦးလွင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တက္ကသိုလ်ကြီးများရှိရာ ပြင်ဦးလွင်မြို့သို့ စစ်ခေါင်းဆောင်များ မကြာခဏ လာရောက်လေ့ရှိသည့်အတွက် လုံခြုံရေးအထူးတင်းကျပ်ထားပြီး စစ်ဗိုလ်ချုပ်များလာရောက်ချိန်တွင် လမ်းဘေးဈေးသည်များ အားလုံး ပိတ်သိမ်းပေးရသည်ဟုလည်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“တစ်ခါလာရင် တစ်မြို့လုံး လမ်းဘေးဈေးသည်အကုန် တစ်ပတ်နှစ်ပတ် ပိတ်ပေးရတယ်။ ဈေးသည်တွေလက်လုပ်လက်စားတွေ ဒုက္ခရောက်ကြတာပေါ့”ဟု ပြောသည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးအပန်းဖြေလာသူများ ပြင်ဦးလွင်မြို့မှ ပြန်ပါက ပြင်ဦးလွင် အမှတ်တရဒေသအစာများ၊ လတ်ဆတ်သည့်ဟင်းရွက်များနှင့် ဒေသထွက်ကုန် ပစ္စည်းများရောင်းချလေ့ရှိသည့် ပြင်ဦးလွင်မြို့အထွက်ရှိ ဈေးတန်း လေး နေရာခန့်လည်း အမြင်မတော်ဟုဆိုကာ ဖျက်သိမ်းခံခဲ့ရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
“အကုန်ဖျက်ခံထားရတယ် ဆိုင်ခန်းတွေ ဆောက်ပေးမယ်ဆိုပြီး ဖျက်သွားတာပဲ ဈေးသည်တွေလည်းတောင်ရောက်မြောက်ရောက် ဘာလုပ်စားရမှန်း မသိတော့တဲ့အခြေအနေတွေ”ဟု ဆိုသည်။
ပြင်ဦးလွင်မြို့လယ်ခေါင်တွင်ရှိသည့် “မီးပွိုင့်ဈေးလေး”ဟု ယခင်ကခေါ်ဆိုသည့် သုမင်္ဂလာဈေးကိုလည်း ဖျက်သိမ်းကာ ခြောက်ထပ် အဆင့်မြင့်ကုန်တိုက်တစ်ခု ဆောက်လုပ်နေသည်ကို တွေ့ရသည်။ ထိုအဆောက်အအုံလုပ်ငန်းခွင်သို့ စစ်ခေါင်းဆောင်က ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာလတွင်သွားရောက်ကြီးကြပ် ညွှန်ကြားခဲ့သည်ကိုတွေ့ရသည်။
အဆိုပါသုမင်္ဂလာဈေးမှ ရာနှင့်ချီသည့်ဈေးသည်များကို အဝေးပြေးကားကြီးဝင်းအနီး ပြင်ဦးလွင်ဈေးသို့ မိမိအစီအစဉ်ဖြင့် နေရာပြောင်းရွှေ့ခိုင်းခဲ့သည်။ သို့သော် အထက်ပါ ခြောက်ထပ်ကုန်တိုက်တွင် ဆိုင်ခန်းများ ပြန်လည်ချမပေးဘဲ ဖယ်ရှားခိုင်းသည့်အတွက် ဈေးသူဈေးသားများနှင့် မြို့ခံများက မကျေနပ်ကြပေ။



