ကချင်ပြည်နယ်အတွင်း စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ ၂၂ ရက်နေ့ တစ်ရက်တည်းတွင် ဖားကန့်နှင့် လန်ဆယ်ဒေသ၌ ကလေးတစ်ဦးအပါအဝင် ငါး ဦး သေဆုံးခဲ့ သည်ဟု ဒေသခံများထံက သိရသည်။
မွန်းလွဲ ၂ နာရီခန့်က ကချင်ပြည်နယ်မြောက်ပိုင်း၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် အရပ်သား သုံး ဦးသေဆုံးခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာလ ၂၃ ရက်နေ့က ပြောသည်။
“မနေ့ညနေပိုင်းလောက်မှာ လန်ဆယ်ဘက်ကို ဗုံးကြဲတာ ပြည်သူလူထုတွေကတော့ ကလေးအပါ သုံးယောက် သေသွားတယ်။ တခြားဒဏ်ရာရတာတော့ မရှိဘူး။ အဆောက်အအုံတွေ ထိပြီး ပျက်စီးသွားတာတွေ ရှိတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
သေဆုံးသူများ၏ အမည်၊ အသက်နှင့် အသေးစိတ်အချက်အလက်များကို အတည်ပြုနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
လန်ဆယ်ရွာမှာ တရုတ်နယ်စပ်မျဉ်းနှင့် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး လန်ဆယ်ရွာ၏ မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ လာဟီဆင်ဒေသတွင် စစ်တပ်နှင့် ပြည်သူ့စစ်များက ထိုးစစ်ဆင်နေသောကြောင့် ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် တိုက်ပွဲများ ပြင်းထန်နေသည်။
လန်ဆယ်ဒေသသည် ခေါင်းလန်ဖူးပြည်သူ့စစ်အဖွဲ့နှင့် စစ်တပ်တို့ ပူးတွဲအခြေစိုက်ခဲ့သည့် ဒေသဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က လန်ဆယ်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသော်လည်း လေကြောင်းတိုက်ခိုက်မှု သတင်းများ မကြားရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စက်တင်ဘာလ ၂၂ ရက်နေ့တွင် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဖားကန့်တွင် သားအဖနှစ်ဦး သေဆုံးခဲ့သည်။
ညနေ ၅ နာရီခန့်တွင် ဖားကန့်မြို့အနောက်ဘက် ဆိပ်မူကျေးရွာအုပ်စု ကျောက်သွေးတောင်ရွာရှိ နေအိမ် တစ်လုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည်။ အဆိုပါနေအိမ်ရှိ အသက် ၅၀ ခန့် အရွယ် ဦးကျော်စိုးနှင့် ၎င်း၏ သားဖြစ်သူ ထူးထူးစံတို့ သေဆုံးခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“တိုက်ပွဲကြီးရယ်လို့တော့ မရှိသေးဘူး၊ ပစ်ခတ်မှုအသေးလေးတွေရှိတယ်၊ စစ်ရေးတင်းမာနေတယ် ဒီလောက်ပဲ ဒရုန်းဗုံးက သက်သက်ချတာ နှစ်ယောက်လုံး ပွဲချင်းပြီးပဲ” ဟု အဆိုပါ အမျိုးသားက ဆိုသည်။
ဖားကန့်မြို့နယ် အနောက်ဘက် ဒေသတစ်ခုလုံး စစ်ရေးတင်းမာနေပြီး စစ်တပ်ဒရုန်းများက နေ့စဉ်နီးပါး ပျံဝဲနေသည်ဟု ဒေသခံများက ပြောကြသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်၏ ဒရုန်းဗုံးကြဲမှုကြောင့် ဖားကန့်မြို့ မရှီကထောင်ကျေးရွာအုပ်စုရှိ ထုံးဘိုကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။
စစ်ရေးတင်းမာမှု ဒရုန်းဗုံးကြဲမှုများကြောင့် ဖားကန့်မြို့အနောက်ရှိ ကျောက်သွေးတောင် အပါအဝင် ကျေးရွာအများစုမှာ မြစ်ကြီးနား၊ မိုးကောင်းနှင့် မိုးညှင်းမြို့နယ်များသို့ စစ်ဘေးရှောင်နေကြရသည်။
ကချင်ပြည်နည် ဖားကန့်၊ လန်ဆယ်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့တို့တွင် စစ်တပ်နှင့် KIA တို့အကြား အပြန်အလှန်ထိုးစစ်များကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ် မတ်လ ၇ ရက်မှစတင်သည့် KIA ၏ ကချင်ပြည်နယ် ထိုးစစ်အတွင်း စစ်တပ်၏ ရာနှင့်ချီသည့် တပ်စခန်းများနှင့် မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။



