အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမေရိကန်က အခွန်နှုန်းတိုးကောက်ပြီးနောက် မြန်မာအထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်း

ရန်ကုန်မြို့ ရွှေပြည်သာနှင့်လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ လေးရုံခန့် ပိတ်သိမ်းခဲ့ပြီး အချို့ စက်ရုံများမှာ အလုပ်သမားလျှော့ချခြင်း၊ အချိန်ပိုအလုပ်ချိန်များ ရပ်ဆိုင်းခြင်းတို့ ရှိလာခဲ့သည်။

မြန်မာပို့ကုန်များကို အမေရိကန်၏ အခွန် ၄၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသည့် အစီအစဉ် အသက်ဝင်သည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ အထည်ချုပ်အမှာများ ကျဆင်းလာပြီး ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်းလာကြောင်း သိရသည်။

အခွန်နှုန်းထားသစ် အသက်ဝင်သည့် နှစ်လအတွင်း ရန်ကုန်မြို့ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ် များရှိ အထည်ချုပ်စက်ရုံ လေးရုံခန့် အနည်းဆုံး ပိတ်သိမ်းခဲ့ပြီး အချို့စက်ရုံများသည် အလုပ်သမား လျှော့ချခြင်း၊ အချိန်ပိုအလုပ်ချိန်များ ရပ်ဆိုင်းခြင်းရှိလာသည်ဟု မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ပြောရေးဆိုခွင့်ရှိသူ မအိက Myanmar Now ကို ပြောသည်။

အမေရိကန်အခြေစိုက် Callaway Golf ကုမ္ပဏီနှင့် ခရီးဆောင်အိတ်များ ထုတ်လုပ်သည့် Samsonite တို့အတွက် အထည်ချုပ်လုပ်ပေးသည့် Twinkle (Myanmar) စက်ရုံသည် အစောဆုံးပိတ်သိမ်းခဲ့သည့် ကုမ္ပဏီဖြစ်သည်။ လှိုင်သာယာမြို့နယ်မှ SDI Manufacture၊ Wan Xin Myanmar နှင့် Eternal Fashion ကုမ္ပဏီတို့၏ စက်ရုံများလည်း ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။

“(အမေရိကန်သမ္မတ) ထရမ့်ရဲ့ အခွန်နှုန်းထားကြောင့် ပိတ်တယ်လို့ ကျွန်မတို့ယူဆပါတယ်။ ယခင် တုန်းကလည်း အလုပ်ရှင်တွေအကြောင်းပြတဲ့ မီးမမှန်တာတို့၊ ကုန်ကြမ်းပြတ်တာတို့ လမ်းတွေပိတ်တယ် ဆိုတဲ့ အခြေအနေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမြဲတမ်းကြုံနေရတဲ့ အခက်အခဲကြီးပါ” ဟု မအိက ပြောသည်။
မြန်မာသည် အရှေ့တောင်အာရှတွင် လုပ်ခလစာဈေးအပေါဆုံးဖြစ်၍ အကျပ်တည်းပေါင်းစုံကြားတွင် စက်ရုံများ လည်ပတ်နိုင်ခဲ့သော်လည်း ထရမ့်၏ မြန်မာနိုင်ငံအပေါ် အခွန်တိုးမြှင့်သတ်မှတ်မှုသည် အမေရိကန်ဈေးကွက်ကို အဓိကတင်ပို့နေသည့် စက်ရုံများအတွက် ကြီမားသောရိုက်ခတ်မှု ဖြစ်စေသည် ဟုလည်း  မအိက ဆက်ပြောသည်။

အမေရိကန်ဈေးကွက်သို့ ဦးတည်သည့် အထည်ချုပ်စက်ရုံများအနက် လုံးဝမလည်ပတ်နိုင်တော့သည့် စက်ရုံအချို့ပိတ်သိမ်းခဲ့သော်လည်း အချို့စက်ရုံများမှာ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများမှ အထည်ချုပ်အမှာများ ရယူ၍ အားပြုချုပ်လုပ်လာရသည်ဟု လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်တစ်ခုတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

“တတ်စွမ်းသလောက်တော့ နည်းလမ်းပေါင်းစုံ ကြိုးစားပြီးတော့လုပ်ပေးနေပါတယ်။ အခုနက ပြောတဲ့ (ပိတ်သိမ်းစက်ရုံတွေ) မရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ ရှိနေတဲ့ စက်ရုံတွေဆိုရင်လည်း ထိန်းကျောင်းပြီးတော့ အော်ဒါလေးတွေ မျှပေးဖို့ပေါ့။ သူတို့လည်း ရပ်တည်လို့ရကြပါတယ်။ ဟန်မပျက်လေးပေါ့” ဟု ၎င်းက ဆိုသည်။

ထိုအခြေအနေများနှင့်ပတ်သက်၍ ပိတ်သိမ်းသွားသည့်စက်ရုံများနှင့် အထည်ချုပ်အသင်း တာဝန်ရှိသူ များထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်မှုမရသေးပေ။ 

မြန်မာနှင့် အမေရိကန်တို့၏ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၇၀၀ ဝန်းကျင်ရှိသည်။ အထူးသဖြင့် ချုပ်လုပ်ပြီး အဝတ်အထည်၊ အိတ်၊ ဖိနပ်၊ အီလက်ထရွန်နစ်ပစ္စည်း နှင့် လယ်ယာထွက်ကုန်များ မြန်မာနိုင်ငံမှ တင်ပို့နေကာ အမေရိကန်ထုတ်ကုန်များကိုမူ ဝယ်ယူမှုသုံးစွဲနိုင်မှု နည်းပါးသည်။ 

သမ္မတထရမ့်၏ အခွန်နှုန်းတိုးမြှင့်ကောက်ခံမှုနှင့်ပတ်သက်၍ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့စေလွှတ်၍ ဆွေးနွေးညှိနှိုင်းလိုကြောင်း စစ်ကော်မရှင်က ယခုနှစ် ဇူလိုင်လအတွင်း သတင်းထုတ်ပြန်ခဲ့သော်လည်း အထမမြောက်ခဲ့ပေ။ ထိုစဉ်က မြန်မာကုန်စည်များကို ၁၀ မှ ၂၀ ရာခိုင်နှုန်း၊ အမေရိကန်ကုန်စည်များကို သုညမှ ၁၀ ရာခိုင်နှုန်းကောက်ရန် ညှိနှိုင်းလိုကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ 

အထည်ချုပ်လုပ်ငန်းတွင် အမျိုးသမီးများအပါအဝင် အလုပ်သမားများစွာ မှီခိုနေရပြီး ထိုထုတ်ကုန်များ ကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဆိုပါက ထိခိုက်မှုကြီးမားနိုင်ကြောင်း စစ်ကော်မရှင် အကြံပေး ဒေါက်တာဇော်ဦးက ဇူလိုင်လကုန်ပိုင်းတွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီကို အကြံပေးနေသည့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာ ဇော်ဦးသည် စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ 

မြန်မာသည် ထရမ့်၏ အခွန်နှုန်းတိုးမြှင့်မှုအပြင် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ အဓမ္မခိုင်းစေမှု ပပျောက်ရေးစသည့် မြန်မာနိုင်ငံမှ သဘောတူထားပြီးဖြစ်သော ပြဋ္ဌာန်းချက်တို့ကို ချိုးဖောက်နေခြင်း ကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)၏ အရေးယူမှုလည်း ခံထားရသည်။  

မြန်မာ၏လက်ခစားစက်ရုံများ၌ အလုပ်သမား ၇ သိန်းကျော် လုပ်ကိုင်နေပြီး ဆက်စပ်လုပ်ငန်းများတွင် ထိုလုပ်သားများ၏ နှစ်ဆဝန်းကျင်ရှိသည်။ ထိုသူတို့ကို မှီခိုနေသည့် မိသားစုဝင်များမှာ လေးဆဝန်းကျင် ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အသင်းဝင် အထည်ချုပ်စက်ရုံများမှ ချုပ်လုပ်သည့် အထည်များကို ဥရောပဈေးကွက်သို့ ၆၀ ရာခိုင်နှုန်း၊ ဂျပန်ဈေးကွက်သို့ ၂၀ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများသို့ ၂၀ ရာခိုင်နှုန်းတင်ပို့သည်ဟု ဆိုသည်။

Related Articles

Back to top button