ပဲခူးတိုင်းအရှေ့ပိုင်း ၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အနီး၌ စစ်ကော်မရှင်တပ်ဖမ်းဆီးထားသည့် ဒေသခံ ရာဂဏန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပဲခူးတိုင်း စစ်ဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက မတ်လ ၇ ရက်နှင့် ၈ ရက်ညပိုင်းတွင် စစ်ဆင်ရေးဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
စစ်ကော်မရှင်တပ်သည် မတ်လ ၅ ရက်နံနက်ပိုင်းတွင် ပိန်းဇလုပ်မြို့ဘက်မှ မြို့အရှေ့ဘက် လေးမိုင်ကျော်အကွာရှိ ကျောင်းကုန်းရွာနှင့် ရေတွင်းကုန်းရွာကို ရုတ်တရက်ဝင်ရောက်စီနင်းကာ ဒေသခံရွာသူ၊ ရွာသား ၁၆၀ ထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပဲခူးတိုင်းစစ်ဌာနတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် KNU ဘက်က ရွာသား ၁၆၀ အဖမ်းခံရသည်ဟုဆိုပြီး ပဲခူးတိုင်းစစ်ဌာနဘက်က ရွာသား ၃၀၀ ကျော် အဖမ်းခံရသည်ဟု ဆိုသဖြင့် ထုတ်ပြန်ချက်နှစ်ခုသည် ကွဲလွဲနေသည်။
အဖမ်းခံရသူများသည် ရေတွင်းကုန်း ၊ ကျောင်းကုန်းနှင့် ဝက်ချဲဆိုသည့် ရွာများမှ ဒေသခံများဖြစ်ကြောင်း ဒေသတွင်း အခြေအနေသိသူများကဆိုသည်။
ပဲခူးတိုင်းစစ်ဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားက “ကျွန်တော်တို့က ရေတွင်းကုန်း၊ ကျောင်းကုန်းမှာပိတ်မိနေတဲ့ ဓားစာခံ အရပ်သားတွေကို ကယ်တင်ဖို့ စစ်ဆင်ရေးတစ်ခုလုပ်ခဲ့တယ်။ အဲဒီမှာတကယ်တမ်း လွတ်မြောက်လာတာက အင်အား ၃၀၀ ကျော်ပေါ့။ စစ်ဆင်ရေးက နှစ်ရက်ဆက်တိုက်လုပ်ခဲ့ရတယ်” ဟု Myanmar Now ကိုပြောသည်။
တိုက်ပွဲအတွင်း အရပ်သားများကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ရဲဘော် တစ်ဦးနှင့် ပဲခူးတိုင်းစစ်ဌာနလက်အောက်ခံ PDF ရှစ်ဦး တိုက်ပွဲအတွင်း သေဆုံးကြောင်း ၎င်းက ဆိုသည်။
ပဲခူးတိုင်းအခြေစိုက် အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တော်လှန်ရေးတပ်များ ညစစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်စဉ်တွင် စစ်ကော်မရှင်တပ်က ရေတွင်းကုန်းနှင့် ကျောင်းကုန်းရွာအနောက်ဘက်သို့ ယာယီဆုတ်ခွာသွားကြောင်းဆိုသည်။
စစ်ကော်မရှင်တပ်များ ယာယီဆုတ်ခွာသွားချိန်တွင် PDF နှင့် KNLA ပူးပေါင်းတပ်က ဒေသခံများကို ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်များ တန်ပြန်စစ်ကြောင်းထိုးချိန်တွင် PDF နှင့် KNLA ပူးပေါင်းတပ်များ ပြန်ဆုတ်လာခဲ့ကြောင်း ပဲခူးတိုင်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“မနက်မိုးလင်းခါနီးမှာ စစ်ကော်မရှင်တပ်က ဒရုန်းတွေနဲ့ အိမ်တိုင်းစေ့လိုက်ကြဲတဲ့ပုံစံ ဖြစ်လာတော့ ကျွန်တော်တို့ဘက်က ဆုတ်လိုက်ရတယ်။ စစ်ကောင်စီက ဆုတ်သွားတဲ့အချိန်မှာ ရွာသားတွေကို ပြန်ကယ်ထုတ်နိုင်တာရှိတယ်။ ရွာသားတွေ လွတ်တဲ့ဘက်ကို ပြန်ပြေးလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
အရပ်သားများကို ကယ်ထုတ်သည့် စစ်ဆင်ရေးတွင် ပါဝင်သည့် PDF ရဲဘော်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကော်မရှင်တပ်သည် ရွာသားများကို ရေတွင်းကုန်းရွာရှိ အိမ်တစ်အိမ်အောက်တွင် မြေအုတ်များကာရံ၍ ထိန်းသိမ်းထားသည်ကို တွေ့ခဲ့ရကြောင်းဆိုသည်။
“အကျယ်ချုပ်အနေနဲ့ထားတာပေါ့။ ဘယ်မှလည်း မသွားခိုင်းဘူး။ ဘေးက ရွာမှာလည်း မိုင်းတွေထောင်ထားတယ်ပေါ့။ ဘယ်မှ မသွားနဲ့ပေါ့။ သူတို့ကလည်း ဘယ်မှမသွားရဲကြဘူး။ အကုန်လုံးကို စုပြီးထားတဲ့သဘောပေါ့” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ရွာသားများမရှိတော့ဘဲ ရေတွင်းကုန်း ၊ ကျောင်းကုန်းနှင့် ဝက်ချဲရွာများတွင် စစ်ကော်မရှင်တပ်က နေရာယူတပ်စွဲထားကြောင်း အရပ်သားများကို ကယ်ထုတ်သည့် စစ်ဆင်ရေးတွင် ပါဝင်သည့် PDF ရဲဘော်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။
ပဲခူးတိုင်းစစ်ဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားကမူ ရေတွင်းကုန်း၊ ကျောင်းကုန်းစသည့် ရွာနှစ်ရွာတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ စစ်ရေးပြင်းထန်နေပြီး တိုက်ပွဲဖြစ်နေကြောင်းဆိုသည်။
ရန်ကုန်- မန္တလေး အမှတ် (၂) ကားလမ်းနှင့် ရထားလမ်းဖြတ်သန်းရာ ပိန်းဇလုပ်မြို့ဘက်မှ စစ်ကော်မရှင်တပ်သည် မတ်လ ၅ ရက်နံနက် ၅ နာရီတွင် ကျောင်းကုန်းရွာဘက်မှ တဆင့် အင်အား ၁၀၀ စီပါသော စစ်ကြောင်း လေးကြောင်းဖြင့် ဖြန့်ခွဲ၍ ရုတ်တရက်စစ်ကြောင်းထိုးလာသည်။
ညပိုင်းတိတ်တဆိတ် စစ်ကြောင်းဝင်လာသည်ဖြစ်ရာ ဒေသခံများသည် စစ်ကော်မရှင်တပ် ရွာအတွင်း ဝင်ရောက်ပြီးနောက်တွင်မှ အန္တရာယ်ရှိနေပြီဟုသိရပြီး စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းခံရကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်အချို့ကဆိုသည်။
စစ်ကော်မရှင်တပ်သည် ဒေသခံများကို ဖမ်းဆီးထားစဉ် လေကြောင်းတိုက်ခိုက်မှု ၊ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်မှု၊ အသေခံဒရုန်း တိုက်ခိုက်မှုသာမက လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်အချို့ကဆိုသည်။
ဒေသခံများကို ထိန်းသိမ်းစဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဆယ်နှင်ချီသေဆုံးသလို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အသက်သေဆုံးသည့် ဒေသခံများလည်း ရှိကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်နှစ်ဦးက Myanmar Now ကိုပြောသည်။
စစ်တပ်လက်ချက်ကြောင့် အရပ်သားများသေကြေသည့် ဖြစ်စဉ်သည် မတ်လ ၅ ရက်နေ့လယ်ပိုင်းတွင်ပင် ဖြစ်ပွားခြင်းဖြစ်ကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်အချို့ကဆိုသည်။
“ဖမ်းထားတဲ့ရွာသားတွေကို ကျောင်းကုန်းဘုန်းကြီးကျောင်းထဲ ဝင်ခိုင်းပြီး လေယာဉ်နဲ့လာကြဲတဲ့ ဖြစ်စဉ် ဖြစ်သွားတာပေါ့။ ကျန်တာကတော့ ကျည်နဲ့ပဲ ပစ်သတ်တဲ့ပုံစံ ဖြစ်သွားတယ်” ဟု မြေပြင်အခြေအနေသိသည့် စစ်ရေးသတင်း ရင်းမြစ်ကဆိုသည်။
သေဆုံးသည့် အရပ်သားအရေအတွက်နှင့်ပတ်သက်၍ KNU ဗဟို နှင့် ပဲခူးတိုင်းစစ်ဌာန နှစ်ခုလုံးက သတင်းထုတ်ပြန်သော်လည်း ထုတ်ပြန်ထားသည့် အရေအတွက်သည် ကွဲလွဲနေသည်။
KNU က အရပ်သား ၂၅ ဦးဖမ်းဆီးခံထားရစဉ် စစ်လေယာဉ်ဖြင့် ဗုံးကြဲခံရသောကြောင့် သေဆုံးပြီး ဒေသခံ ငါးဦးသည် အသတ်ခံထားရကြောင်းဆိုသည်။
ပဲခူးတိုင်းစစ်ဌာနဘက်ကမူ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများကြောင့် ကလေး သုံးဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၄၀ သေဆုံးကြောင်းဆိုသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်တွင် ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ ညောင်လေးပင် အခြေစိုက် ခမရ (၂၀) ၊ ပိန်းဇလုပ်မြို့အခြေစိုက် ခလရ (၂၆၄) ၊ ကညွတ်ကွင်းမြို့အခြေစိုက် ခမရ (၄၃၉) စသည့် တပ်များပါဝင်ကြောင်း KNU ဗဟိုနှင့် ပဲခူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။



