အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးလေ့လာသုံးသပ်ချက်

သမ္မတထရမ့်၏ ကမ္ဘာ့အခင်းအကျင်းသစ်ထဲက မြန်မာမူဝါဒ ၅ ရပ်နှင့် ဖြစ်တန်ရာခြေများ  

နေပြည်တော်က စိုးရိမ်လာရသည်မှာ သမ္မတထရမ့်က ဗင်နီဇွဲလား၊ အီရန်တို့မှ ရာဇဝတ်အစိုးရများကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း၊ တရုတ်-အမေရိကန်ကြား မြေရှားသတ္တုစစ်ပွဲတွင်လည်း မြန်မာပြည်က အသုံးချခံဖြစ်နေကြောင်း ဆောင်းပါးရှင် သုတဇော်က သုံးသပ်ထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ၄၇ ဦးမြောက် အမေရိကန်သမ္မတဖြစ်လာသော  ဒေါ်နယ်ထရမ့်သည် ခန့်မှန်းရန် အခက်ခဲဆုံး သမ္မတတစ်ဦးဖြစ်ပြီး၊ ၎င်း၏ သမ္မတ  ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲနေ့တွင် MAGA (Make America Great Again) မူဝါဒကို ထပ်မံကြေညာခဲ့သည်။ သို့သော် ၄၅ ဦးမြောက်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျင့်သုံးခဲ့ဖူးသော MAGA ကိုပင် ဆက်လက်ကျင့်သုံးလိမ့်မည်၊ အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြန်လည်စတင်လိမ့်မည်ဟုသာ လူအများ ယူဆခဲ့ကြသည်။

သို့သော် သမ္မတထရမ့် MAGA 2.0 ကို စတင်မိတ်ဆက်လိုက်ချိန်တွင် ကမ္ဘာ့စီးပွားရေးနယ်ပယ်တစ်ခုလုံး အမြစ်ကဆွဲခါလိုက်သကဲ့သို့ လှုပ်ခါသွားခဲ့သည်။ ဤတစ်ကြိမ် သမ္မတထရမ့်၏ MAGA 2.0 သည် တရုတ်တစ်နိုင်ငံတည်းကိုသာ ပစ်မှတ်ထားခြင်းမဟုတ်၊ အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံများ အားလုံးကို အခွန်စစ်ပွဲ ဆင်နွှဲလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မတထရမ့်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (World Trade Organization) ၏ နိုင်ငံတကာကုန်သွယ်ရေးစာချုပ်များနှင့် သဘောတူညီချက်များကို အမှိုက်ပုံးထဲ ထည့်လိုက်ပြီး၊ အမေရိကန်နှင့် ကုန်သွယ်လိုလျှင် အမေရိကန်သတ်မှတ်သော ကုန်သွယ်ရေးစည်းမျဉ်းကို လိုက်နာရမည့် စနစ်ဖြင့် အစားထိုးလိုက်ခြင်း ဖြစ်သည်။ ယင်းသည် သမ္မတထရမ့်၏ MAGA 2.0 ပင် ဖြစ်သည်။

တပြိုင်နက်တည်းတွင် ထရမ့်သည် သမ္မတသက်တမ်း ပထမနှစ်အတွင်း “ငြိမ်းချမ်းရေးသမ္မတ” (Peace President) ပုံရိပ်ကို  တည်ဆောက်ခဲ့သည်။ ရုရှား- ယူကရိန်းစစ်ပွဲနှင့် အစ္စရေး- ဂါဇာစစ်ပွဲတို့ကို အမေရိကန်ဟူသော မဟာအင်အားကြီး ဩဇာအရှိန်အဝါကို အသုံးပြု၍ အမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေးရရှိရန် အပြင်းအထန်ကြိုးပမ်းပြခဲ့သည်။ ဂါဇာပြန်လည် ထူထောင်ရေးအတွက် Board of Peace ဆိုသည့် အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့သည်။ အရှေ့တောင် အာရှတွင် မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့သော ထိုင်း- ကမ္ဘောဒီးယားနယ်စပ် စစ်ရေးပဋိပက္ခကိုပင် ကြားဝင်စေ့စပ်ခဲ့ပြီး၊ အာဆီယံအသင်းကြီးက ကမကထပြုသော ငြိမ်းချမ်းရေးစာချုပ်တွင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးခဲ့သလို သူသာလျှင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရထိုက်ကြောင်း ကြွေးကြော်ခဲ့သည်။ 

သို့သော် သမ္မတထရမ့်သည် ၎င်း၏ သမ္မတသက်တမ်း ဒုတိယနှစ်ထဲ ဝင်ရောက်သည်နှင့် ရုတ်ချည်းဆိုသလိုပင် MAGA 2.0 ၏ စာမျက်နှာသစ်ကို ထပ်မံဖွင့်လှစ်ပြလိုက်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဗင်နီဇွဲလား နိုင်ငံ သမ္မတနီကိုလပ်စ်မာဒူရိုကို ၎င်း၏သမ္မတအိမ်တော်အတွင်းထိ အမေရိကန်အထူးတပ်ဖွဲ့များဖြင့် ဝင်ရောက် စီးနင်း ဖမ်းဆီးပြီး၊ ၎င်းကျူးလွန်ထားသော ရာဇဝတ်မှုများအတွက် အမေရိကန် တရားရေးစနစ်ဖြင့် ပြစ်ဒဏ်ပေးရေးအတွက် အမေရိကန်သို့ ခေါ်ဆောင်ခဲ့ရန် သမ္မတထရမ့် အမိန့်ပေးခဲ့သည်။ 

နောက်နှစ်လခန့်အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အစ္စရေးနိုင်ငံနှင့်ပူးပေါင်း၍ အီရန်နိုင်ငံကို ရုတ်တရက် စစ်ခင်းလိုက်ပြီး၊ အီရန်၏ ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီကို နေ့အချိန် ဗုံးကြဲသတ်ဖြတ် စီရင် လိုက်ပုံသည် ကမ္ဘာကြီးတစ်ခုလုံး အံ့ဩတုန်လှုပ်သွားစေခဲ့သည်။ ဤတစ်ကြိမ် ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံအပေါ် အမေရိကန် ၏ စစ်ရေးအရ တစ်ကိုယ်တော် အရေးယူမှု (Unilateral Action) က ဒုတိယကမ္ဘာစစ်လွန် ဖွဲ့စည်းတည်ထောင်ခဲ့သော ကုလသမဂ္ဂ စနစ်ကြီးတစ်ခုလုံးကို အမြစ်က ဆွဲခါပစ်လိုက် သကဲ့သို့ ရမ်းခါ သွားစေသည်။  

သမ္မတထရမ့်၏ ငြိမ်းချမ်းရေးသမ္မတ ရုပ်ပုံလွှာလည်း ရုတ်ချည်းပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အမေရိကန်သမ္မတ တစ်ဦးက လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံနှစ်ခု၏  အကြီးအကဲများကို ထိုသို့ ပြုမူလိုက်ရာ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသော အမေရိကန်၏ ပြိုင်ဘက်ရုရှားနှင့် တရုတ်နိုင်ငံတို့က အမေရိကန်သည် နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်သည်ဟု ပြစ်တင်ရှုတ်ချခဲ့ကြသည်။ သမ္မတ ထရမ့်၏ ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံအပေါ်လုပ်ရပ်များကလည်း နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေသည်။ 

မဟာအင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှု၊ တတိယနိုင်ငံများ၏ ရွေးချယ်မှုနှင့် အကျိုးရလဒ်

သမ္မတ ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များသည် ဗင်နီဇွဲလားနှင့် အီရန်ကို စစ်ရေးအရ အရေးယူခဲ့ခြင်းက   နိုင်ငံတကာဥပဒေများအား ချိုးဖောက်ခြင်းဖြစ်ကြောင်း မသိရှိဘဲ မနေပါ။ သို့ဆိုလျှင် သမ္မတထရမ့်သည် အခွန်စစ်ပွဲမှသည် ရာဇဝတ်အစိုးရများကို ဖယ်ရှားသည့် အပြောင်းအလဲ (Criminal Regime Change) ဆီသို့ MAGA 2.0 ကို ပြောင်းလဲခဲ့ပြီး၊ အမေရိကန်စစ်တပ်၏ စစ်ရေးမဟာသာလွန်မှုနှင့် တိကျသေချာစွာ ပစ်မှတ်ထားတိုက်ခိုက်မှု (Military Supremacy and Precision- targeted Strikes) တို့ကို အသုံးပြု၍ ရုရှား၏ ယူကရိန်းစစ်ပွဲနှင့်မတူသော ကန့်သတ်စစ်ပွဲကို အဘယ်ကြောင့် ဆင်နွှဲခဲ့သနည်း။ သမ္မတထရမ့်သည် ပြိုင်ဘက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို ပေးချင်သော သတင်းစကားက အဘယ်နည်း။   

စင်စစ် သမ္မတထရမ့်သည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေသည်ဟု ကျယ်လောင်စွာ ပြစ်တင်ရှုတ်ချနေသော ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ခင်းခဲ့ပြီး၊ ယနေ့အချိန် ထိ စစ်ပွဲကာလ လေးနှစ်ကျော်လာသော်လည်း သမ္မတထရမ့်၏ စစ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုခဲ့သည်။ ရုရှားသမ္မတပူတင်၏ ယူကရိန်းကျူးကျော်စစ်သည် နိုင်ငံတကာဥပဒေများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပါလျက် တစ်ကမ္ဘာလုံးကို ဝိုင်းဝန်းဆန့်ကျင်နေချိန် တရုတ်သမ္မတရှီကျင့်ဖျင် လျစ်လျူရှုခဲ့ရုံမျှမက၊ ရုရှားဘက်က ထောက်ခံရပ်တည်နေသည် မဟုတ်ပါလား။ ထိုပြိုင်ဘက် နှစ်နိုင်ငံလုံး၏ မဟာမိတ် အီရန်နိုင်ငံကို ဗုံးမိုးရွာချပြခြင်းဖြင့် သမ္မတထရမ့်သည် အမေရိကန်၏ စစ်ရေးစွမ်းရည်အား ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြသပြီး ရုရှားနှင့် တရုတ်ခေါင်းဆောင်များကို MAGA 2.0 စာမျက်နှာသစ်ဖွင့်လှစ် သတိပေးလိုက်ပုံရသည်။  

ထိုစစ်ဆင်ရေးကြီးနှစ်ခု ဖော်ဆောင်ရန် သမ္မတထရမ့်၏ အချိန်ရွေးချယ်မှုကို နိုင်ငံတကာလေ့လာ သုံးသပ်သူများက အာရုံစိုက်ခဲ့ကြပြီး၊ ထူးခြားချက်တစ်ခုအဖြစ် မတ်လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတထရမ့်၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့် “ထရမ့်- ရှီကျင့်ဖျင် ထိပ်သီးအစည်းအဝေး” မတိုင်မီ တရုတ်၏ ရေနံစွမ်းအင်လိုအပ်ချက် အဓိက အရင်းအမြစ်များဖြစ်သော အီရန်နှင့်ဗင်နီဇွဲလားနိုင်ငံတို့ကို တိုက်ခိုက်ခဲ့ခြင်း သည် သမ္မတရှီကျင့်ဖျင်ထံ သမ္မတထရမ့် ကြိုတင်သတင်းစကားပါးခဲ့ခြင်းလားဟု စဉ်းစားစရာ ဖြစ်လာသည်။ 

သမ္မတထရမ့်၏ တရုတ်ခရီးစဉ်မတိုင်မီ အီရန်နှင့်ဗင်နီဇွဲလား ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းသည် တိုက်ဆိုင်မှုမဟုတ်ပါ။ ထိုဖြစ်ရပ်များသည် အမေရိကန်- တရုတ် ဆက်ဆံရေးတင်မက၊ မဟာအင်အားကြီး နှစ်နိုင်ငံ၏ ကမ္ဘာ့အခင်းအကျင်းသစ်ကို ပုံဖော်မည့် တွေ့ဆုံပွဲအပေါ်များစွာ ဩဇာသက်ရောက်လိမ့်မည်မှာ သံသယ ရှိစရာမလိုပါ။

စင်စစ် ရုရှား၏ ယူကရိန်းစစ်၊ အမေရိကန်၏ အီရန်စစ်ပွဲများသည် ရှောင်လွှဲ၍ရသော စစ်ပွဲများ ဖြစ်သည်။ ထိုစစ်ပွဲ နှစ်ခုလုံး၏ နောက်ကွယ်အကြောင်းတရားကို ရှာဖွေကြည့်သည့်အခါ ယူကရိန်း၊ အီရန်တို့၏   နိုင်ငံအကြီးအကဲများနှင့် အစိုးရများသည် ရုရှားနှင့် အမေရိကန်ကဲ့သို့သော အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတွင် ၎င်းတို့၏ ရွေးချယ်ရပ်တည်မှုများသည် ထိုစစ်ပွဲများ ဖြစ်ပေါ်လာစေရန် အကြောင်းတရားများ အဖြစ် လေ့လာတွေ့ရှိရသည်။ ထိုစစ်ပွဲများ ဆင်နွှဲရခြင်းကို အကြောင်းပြချက်ပေးရာတွင် ရုရှားနှင့် အမေရိကန် သမ္မတနှစ်ဦးလုံး၏ တူညီသော အကြောင်းပြချက်သည် “အမျိုးသားလုံခြုံရေး” ဖြစ်သည်။

ယူကရိန်း၏ နေတိုးစစ်စာချုပ်အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုသည် ရုရှားသမ္မတပူတင်အတွက် ရုရှား၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ယူကရိန်းကျူးကျော်စစ်ဆင်နွှဲရန် အကြောင်းရင်းရရှိသွားစေပြီး၊ အီရန်နိုင်ငံ၏ နျူးကလီးယားလက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းမှုသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် သမ္မတထရမ့်  အီရန်ကို စစ်ခင်းရန် အကြောင်းရင်း ရရှိသွားစေခဲ့သည်။ 

အမေရိကန်အမျိုးသားလုံခြုံရေးနှင့် မြန်မာစစ်အာဏာရှင်များအကြား အဆက်အစပ် 

အမေရိကန်သည် ကမ္ဘာ့အခင်းအကျင်းသစ်ကို အခွန်စစ်ပွဲမှသည် ရာဇဝတ်အစိုးရများကို အပြောင်းအလဲ (Criminal Regime Change) ဆီသို့ အသွင်ကူးပြောင်း ပုံဖော်နေချိန် ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းခဲ့သော မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင် အမေရိကန်နှင့်ဆက်ဆံရေး အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်။ 

အမေရိကန်- မြန်မာဆက်ဆံ‌ရေး အတိတ်သမိုင်းကို ပြန်ကြည့်လျှင် ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ၏ ဆိုးရွားသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအခြေအနေများအပေါ် အခြေခံပြီး၊ အာဏာသိမ်းစစ်အုပ်စုသည် အမေရိကန် နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည် ဟု အမေရိကန်သမ္မတ အဆက်ဆက် သမ္မတအမိန့်များ ထုတ်ပြန်၍ သံတမန်ရေးနှင့် စီးပွားရေးဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့ကြသည်။ 

ထိုအချက်ကို သာမန်အားဖြင့်ကြည့်လျှင် အရှေ့တောင်အာရှဒေသရှိ မြန်မာနိုင်ငံသည် မိုင်ထောင်ချီဝေးကွာသော မြောက်အမေရိကတိုက်ရှိ ကမ္ဘာ့မဟာအင်အားကြီး အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေ သည်ဟု ဆိုခြင်းမှာ ယုတ္တိမတန်သည့် ဆင်ခြေတစ်ခုမျှသာဟု ယူဆနိုင်ပါသည်။ ထိုကဲ့သို့ ထင်မြင်ယူဆသူများ အထဲ စစ်အာဏာရှင်ဟောင်း သန်းရွှေနှင့် လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ထိပ်ဆုံးက ဖြစ်သည်။ 

အတိတ်သမိုင်းတွင် မြန်မာနိုင်ငံကို ကိုလိုနီပြုဖူးသည့် သမိုင်းဟောင်း၊ သမိုင်းကြွေးမရှိခဲ့သော အမေရိကန်သည် မြန်မာ့ ဒီမိုကရေစီအင်အားစုများကို အစဉ်အဆက် ထောက်ခံကူညီရပ်တည်ပေးခဲ့သည်။ မြန်မာစစ်အာဏာရှင် များကလည်း အမေရိကန်ကို ခေတ်သစ်ကိုလိုနီဝါဒဖြင့် မြန်မာ့ပြည်တွင်းရေး ဝင်ရောက်ခြေရှုပ်နေသည်ဟု အမြဲစွပ်စွဲလေ့ရှိသည်။ စစ်အုပ်စုက ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများကတဆင့် အမေရိကန်အစိုးရအဆက်ဆက်ကို အမည်တပ်၍တစ်မျိုး၊ အမည်မတပ်၍တစ်ဖုံ စကားလုံးစစ်ပွဲ ဆင်နွှဲလာခဲ့သည်မှာ ဆယ်စုနှစ် လေးခုနီးပါးပင် ရှိနေပြီ ဖြစ်သည်။ 

ထိုကာလအတွင်း ၂၀၁၀- ၂၀၂၀ ဆယ်စုနှစ် တစ်ခုသည် အမေရိကန်- မြန်မာ ဆက်ဆံရေး အလှည့်အပြောင်းဖြစ်ခဲ့သော ဆယ်စုနှစ်ဟု ဆိုရပေလိမ့်မည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် ထိုဆက်ဆံရေးတစ်ခုလုံးကို အနုတ်လက္ခဏာဘက် ဦးလှည့်သွားခဲ့ပြီး မြန်မာသည် အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသော နိုင်ငံတစ်ခုအဖြစ် ထိုစဉ်က သမ္မတဂျိုးဘိုင်ဒင်က သမ္မတအမိန့်ထုတ်ပြန် သတ်မှတ်ခဲ့သည်။ သမ္မတထရမ့်အစိုးရ လက်ထက်ရောက်လာသည့်အခါ ထိုအမိန့်ကို ဆက်လက်သက်တမ်းတိုး သတ်မှတ်ခဲ့ခြင်းကြောင့် မြန်မာအရေးတွင် အမေရိကန်သည် ဒီမိုကရက်နှင့် ရီပါပလစ်ကန် ပါတီနှစ်ရပ်လုံးနှင့် သမ္မတများအကြား ရှားရှားပါးပါး “ဘုံမူဝါဒ” ချမှတ်နိုင်သော အရေးအဖြစ် ဆက်လက်ရှိနေသေးသည်။

သမ္မတထရမ့်၏ ဝါရှင်တန် အစိုးရနှင့် လွှတ်တော်အသိုက်အဝန်းအကြား တောင်အာရှ၊  အရှေ့တောင်အာရှဒေသနှစ်ခု စပ်ကြား အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူလျက် မဟာဗျူဟာကျကျ တည်ရှိပြီး၊ အမေရိကန်၏ မဟာပြိုင်ဘက် တရုတ် နိုင်ငံနှင့် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံသည် အမေရိကန်၏ အင်ဒို- ပစိဖိတ် ပထဝီ နိုင်ငံရေးအတွက် အရေးပါသော နိုင်ငံတစ်ခု ဖြစ်သည်။ 

မြန်မာသည် တရုတ်၏ လက်ဝေခံနိုင်ငံ လုံးလုံးလျားလျား ဖြစ်သွားမည်ဆိုလျှင် မြန်မာ့ကမ်းရိုးတန်းကို အခြေပြုပြီး တရုတ်၏ပင်လယ်ပြာရေတပ်ကြီး (China’s Blue Ocean Navy) က အိန္ဒိယသမုဒ္ဒရာကို အတားအဆီးမရှိ အသုံးချလာမည့်အရေး၊ ထိုင်ဝမ်ကျွန်းကို စစ်ရေးအရ တရုတ်ကျူးကျော်ခဲ့လျှင် အရှေ့အလယ်ပိုင်းမှ တင်သွင်းနေသော ရေနံစွမ်းအင်လမ်းကြောင်းကို အမေရိကန်ရေတပ်က မလက္ကာရေလက်ကြားမှ ဖြတ်တောက်ပိတ်ဆို့မှုမည့်ဗျူဟာ ရင်ဆိုင်ရမည့် တရုတ်တပ်နီတော်အတွက် မြန်မာ့ကမ်းရိုးတန်းမှ တဆင့် ရေနံတင်သွင်းမည့် “ကယ်ပေါက်” ထားရှိရေး တရုတ်အစိုးရ၏ ကြိုးပမ်းမှုများသည် စင်စစ် အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အင်ဒို- ပစိဖိတ် မဟာဗျူဟာကို တိုက်ရိုက် ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်။

ထို့အပြင် သမ္မတထရမ့်သည် MAGA 2.0 အရ တရုတ်နိုင်ငံနှင့် အခွန်စစ်ပွဲကို ပြန်လည်စတင်ခဲ့သည့်အခါ သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သို့ တင်ပို့နေသော မြေရှားသတ္တုများကို တားဆီးပိတ်ပင်သည့်နည်းဖြင့် တုံ့ပြန်ခဲ့ရာ သမ္မတထရမ့် အကြီးအကျယ် အမျက်ဒေါသထွက်ခဲ့သည်။ တရုတ်အစိုးရ၏ ကမ္ဘာ့မြေရှား သတ္တုဈေးကွက်ကို လက်ဝါးကြီးအုပ် ချုပ်ကိုင်နိုင်သော အခြေအနေသည် မထင်မှတ်ဘဲ သမ္မတထရမ့်၏ အဓိကအားနည်းချက်တစ်ခုအဖြစ် သမ္မတရှီကျင့်ဖျင် တွေ့ရှိခဲ့သည်။ ဤတွင် တရုတ်ကို မြေရှားသတ္တု ကုန်ကြမ်းများ အဓိကထောက်ပံ့နေသော မြန်မာသည် သမ္မတထရမ့်၏ ရေဒါစက်ဝန်းထဲ ပထမဆုံး ဝင်ရောက်လာခဲ့သည်။  

သမ္မတထရမ့်၏ ကမ္ဘာ့အခင်းအကျင်းသစ်ထဲ မြန်မာမူဝါဒ လားရာ  

အထက်တွင် ဆွေးနွေးခဲ့သော သမ္မတထရမ့်၏ ကမ္ဘာ့အခင်းအကျင်းသစ် ဖော်ဆောင်လာချိန် မြန်မာနိုင်ငံတွင်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းမှုမှ အတုအယောင်ရွေးကောက်ပွဲဖြင့် အရပ်သားအစိုးရအသွင် ပြောင်းလဲရန် ပြင်ဆင်နေချိန်နှင့် ကြုံကြိုက်လျက်ရှိသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဧပြီလတွင် အသစ်ဖွဲ့စည်းမည့် အစိုးရတွင် သမ္မတရာထူး ရယူရန် ပြင်ဆင်နေသည်ဟု သတင်းကြီးလျက်ရှိသည်။

စင်စစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတထရမ့်အစိုးရ စတင်အာဏာယူချိန်ကတည်းက MAGA 2.0 မူဝါဒကြောင့် သမ္မတသက်တမ်းပထမနှစ်တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများသည် ယခင်က မကြုံတွေ့ခဲ့ဖူးသော အမေရိကန်အစိုးရ၏ မြန်မာ့အရေးအပေါ် လျစ်လျူရှုမှု၊ အခက်အခဲများဖန်တီးမှုကိုပင် ကြုံတွေ့လာရသည်။ မြန်မာ့ဒီမိုကရေစီအင်အားစုကို ပေးအပ်နေသည့် အကူအညီများ ဖြတ်တောက် လိုက်သည့်အပြင် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကမ္ဘာ့အသိုက်အဝန်း တစ်ခုလုံး သိရှိနိုင်ရန် သတင်းအချက်အလက်များ ဆောင်ကြဉ်း ပေးလျက်ရှိသော RFAနှင့် VOA ကဲ့သို့ သတင်းဌာနများ ပိတ်သိမ်းခံခဲ့ရသည်။ 

သို့သော် အဆိုပါ အခက်အခဲများသည် မြန်မာနိုင်ငံကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ဘဲ၊ MAGA 2.0 မူဝါဒကို အမေရိကန် အစိုးရအဖွဲ့အတွင်း အကောင်အထည်ဖော်ရန် အပြောင်းအလဲများစွာ ပြုလုပ်ခြင်းမှ ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ စင်စစ် ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ဆောင်ရွက်ချက်များကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လျက်သော သမ္မတထရမ့်သည် သမ္မတဘိုင်ဒင်၏ မြန်မာအရေးအမိန့် Executive Order 14014 ကိုမူ ဆက်လက်အတည်ပြု ကျင့်သုံးလျက်ရှိသည်မှာ ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်သည်။ 

သို့သော် သမ္မတဘိုင်ဒင်နှင့်မတူကွဲပြားသော မူဝါဒများ ချမှတ်လျက်ရှိရာတွင်  ထရမ့်၏ သမ္မတသက်တမ်း ကာလအတွင်း မြန်မာအရေးနှင့်ပတ်သက်၍ ယခုချိန်အထိ မြန်မာစစ်ခေါင်းဆောင်နှင့် စစ်အုပ်စုကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုအသစ် မလုပ်သေးသည်ကို လေ့လာတွေ့ရှိရသည်။ ထို့အပြင် ယခင်က စစ်အုပ်စုနှင့် စီးပွားဖက်ဖြစ်၍ အရေးယူခံခဲ့ရသော မြန်မာနိုင်ငံသား အချို့ကို အရေးယူမှုစာရင်းမှ ပယ်ဖျက်လိုက်သော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်သဖြင့် မြန်မာ့ဒီမိုကရေစီ အသိုက်အဝန်းအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

သမ္မတထရမ့် အားကိုးအားထားပြုလျက်ရှိသော နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုသည် လွှတ်တော်ကိုယ်စားလှယ် ဘဝက မြန်မာ့အရေး တက်ကြွစွာပါဝင်ခဲ့သော မှတ်တမ်းရှိခဲ့ဖူးသော်လည်း၊ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီး နောက် ယနေ့အချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို သီးသန့်ထုတ်ဖော် ကြေညာခြင်းမျိုး မပြုလုပ်ခဲ့ပါ။ ယင်းသည် မြန်မာ့အရေးက အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးအရေးကိစ္စ လုံးဝမဟုတ်တော့ကြောင်း အချက်ပြခြင်းလား ဟု မေးခွန်းထုတ်စရာ ဖြစ်ပါသည်။  

ထိုအခြေအနေကို အကဲခတ်လျက်ရှိသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတထရမ့်၏ မြန်မာ့အရေး မူဝါဒအပြောင်းအလဲအပေါ် အခွင့်ကောင်းယူရန် ဝါရှင်တန်အခြေစိုက် လော်ဘီကုမ္ပဏီများမှ တဆင့် သမ္မတထရမ့်ထံ ဆက်ဆံရေးလမ်းကြောင်းသစ်ဖောက်ရန်၊ မြေရှားသတ္တုကို ငါးစာချ ကြိုးပမ်းလာပါသည်။ RFA နှင့် VOA တို့ကို ဖျက်သိမ်းလိုက်ခြင်းသည် မှန်ကန်သည့်လုပ်ရပ်အဖြစ် စစ်ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်က သမ္မတထရမ့်အား ချီးကျူး မြှောက်ပင့်စကား ဆိုခဲ့သေးသည်။ မြန်မာအပေါ် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမည့် အကြောင်းကြားစာ လက်ခံရရှိခဲ့ခြင်းကိုပင် မင်းအောင်လှိုင်သည် ဝမ်းသာအားရဖြစ်လျက် သမ္မတထရမ့်နှင့် ဆက်ဆံရေးလမ်းကြောင်း ဖောက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဝါရှင်တန်၏ တုံ့ပြန်မှုကို မျှော်လင့်ထားသလို မရရှိခဲ့ပါ။ 

အမေရိကန်၏ မြန်မာမူဝါဒ ၅ ချက် ဖြစ်တန်ရာခြေကို လေ့လာခြင်း  

ဤကာလအတွင်း ရန်ကုန်မြို့ရှိ သံတမန်အသိုက်အဝန်းအတွင်းမှ ထွက်ပေါ်လာပြီး၊ အတည်မပြုနိုင်သော်လည်း ဖြစ်တန်ရာခြေများသော သမ္မတထရမ့်အစိုးရ၏ မြန်မာအရေး မူဝါဒ (၅) ချက်ကလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။ ထိုမူဝါဒ ၅ ချက်၏ ဖြစ်တန်ရာခြေများကို လက်တွေ့မြေပြင်ဖြစ်ပေါ်တိုးတက်မှုများနှင့် ယှဉ်ထိုးလေ့လာရာတွင် ဝါရှင်တန်အစိုးရ အသိုက်အဝန်းအတွင်းက မြန်မာအရေး စတင်လှုပ်ရှားမှုများနှင့် အချိတ်အဆက်မိနေသည် ကိုလည်း လေ့လာတွေ့ရှိရသည်။ 

ထိုမူဝါဒ ၅ ချက်မှာ –
(၁) အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး (Combating Scam)၊
(၂) တရုတ်လွှမ်းမိုးမှုကို တန်ပြန်ရေး (Countering China’s Influence)၊
(၃) တရုတ်လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသော မြေရှားသတ္တု အရေး (Rare Earth)၊
(၄) ငြိမ်းချမ်းရေး (Peace) နှင့်
(၅) မြန်မာအရေးတွင် အာဆီယံနှင့် ချိတ်ဆက်ဆောင်ရွက်ရေး (Engaging with ASEAN)တို့ ဖြစ်သည်။ 

ထို့ကြောင့် အစဉ်အလာအရ အမေရိကန်အစိုးရများ၏ မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေပြု မူဝါဒချမှတ်ခြင်းမှာ လမ်းခွဲထွက်လာခြင်းဟု တွေ့မြင်လာရသည်။

ဝါရှင်တန်အစိုးရအတွင်း မြန်မာအရေး လက်တွေ့ဖြစ်ပေါ်တိုးတက်မှုများအရလည်း အစဉ်အလာအရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးဆောင်လေ့ရှိရာမှ မထင်မှတ်ဘဲ တရားရေးဌာနနှင့် လုံခြုံရေးအေဂျင်စီများ ပူးပေါင်း၍ မြန်မာအပေါ် အရေးယူဆောင်ရွက်မည့် ခြေလှမ်းသစ်ကို ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် စတင်လိုက်ပါသည်။ ယင်းမှာ မြန်မာနိုင်ငံတွင် အခြေပြု၍ အမေရိကန်နိုင်ငံသားများအပေါ် ပစ်မှတ်ထားကျူးလွန်နေသော “တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများ”ကို နှိမ်နင်းရန်ဖြစ်ပြီး၊ သမ္မတထရမ့်၏ မူဝါဒ ငါးချက်ထဲက ပထမအချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် Scam Center Strike Force  (SCSF) စတင်ဖွဲ့စည်းလိုက်သည်ဟု ကြေညာခဲ့ပြီး၊ အမေရိကန် တရားရေးဌာနက ဦးဆောင်လျက် လုံခြုံရေးအေဂျင်စီများဖြစ်သော USSS (US Secret Service)၊ FBI (Federal Bureau of Investigation) နှင့် DEA (Drug Enforcement Administration) တို့သည် မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြေပြင်တွင် ပူးပေါင်းလုပ်ဆောင်နေပြီ ဟု အသိပေးခဲ့သည်။

ဇန်နဝါရီလ ၃ ရက်နေ့ ဗင်နီဇွဲလား သမ္မတနီကိုလပ်စ်မာဒူရိုကို မူးယစ်ဆေးဝါးဂိုဏ်းများအား လက်ခံအကာအကွယ် ပေးထားခြင်းကြောင့် ရာဇဝတ်အစိုးရ ဖြုတ်ချမှု (Criminal Regime Change) ကို   အမေရိကန်အထူးတပ်ဖွဲ့များ စေလွှတ်ပြီး ဝင်ရောက်စီးနင်းဖမ်းဆီးပြခဲ့ပြီး ဖြစ်သည်။ ထိုဖြစ်ရပ်နောက်ပိုင်း နှစ်လခန့်အကြာ မတ်လ ၆ ရက် နေ့တွင် သမ္မတထရမ့်သည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းရာဇဝတ်မှုများနှင့် ငွေလိမ်မှုများ ကျူးလွန်နေသော နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ (Transnational Criminal Organizations – TCOs) ကို နှိမ်နင်းရန် Combating Cybercrime, Fraud, and Predatory Schemes Against American Citizens သမ္မတ အမိန့် ထုတ်ပြန်ခဲ့သည်။ 

ထိုအမိန့်ကို ထုတ်ပြန်ချိန်သည် အီရန်နိုင်ငံအပေါ် စစ်ခင်းနေခြင်း ခုနစ်ရက်မြောက်နေ့ဖြစ်ပြီး၊ ထိုအမိန့်၏ ပစ်မှတ်သည် မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသရှိ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများတွင် ခြေကုပ်ယူ လှုပ်ရှားနေသော တရုတ်ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ထိရောက်စွာ ခြေရာခံနှိမ်နင်းရန် သမ္မတအာဏာကို စတင်အသုံးပြုလာခြင်း ဖြစ်သည်။ 

သမ္မတထရမ့်၏ မြန်မာ မူဝါဒ (၅) ချက်ထဲမှ အချက်နံပါတ် (၂) နှင့် (၃) တို့၏ ဖြစ်တန်ရာခြေ အလွန်ရှိသော မူဝါဒများအဖြစ် လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရေးနှင့် မြန်မာ့မြေရှား သတ္တုကုန်ကြမ်းများကို တရုတ်အစိုးရ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခြင်း၊ သမ္မတရှီကျင့်ဖျင်၏ မြေရှား အနိုင်ဖဲ (Winning Card) ဖြင့် သမ္မတထရမ့်၏ ကုန်သွယ်ခွန်စစ်ပွဲကို တန်ပြန်ထိုးစစ်ဆင် ကစားလာခြင်း တို့ကို ဆက်စပ်လေ့လာမှ ပြည့်စုံမည် ဖြစ်သည်။ သမ္မတထရမ့်သည် သံတမန်ရေးကစားခြင်းကို စိတ်မဝင်စားဘဲ၊ လက်တွေ့အရေးယူခြင်းကိုသာ အားသန်သော သမ္မတတစ်ဦး ဆိုသည်ကို ယခုအခါ သမ္မတရှီကျင့်ဖျင် ကောင်းစွာသိရှိနေလောက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရေး ဆိုသည်မှာ စင်စစ် အမေရိကန်အစိုးရများ၏ ကာလကြာရှည် ချမှတ်ထားသော မြန်မာမူဝါဒ၏ အခြေခံအုတ်မြစ် ဟုပင် ဆိုရပေလိမ့်မည်။ အမေရိကန်၏ အင်ဒို- ပစိဖိတ်ပထဝီနိုင်ငံရေး၊ လုံခြုံရေးအကျိုးစီးပွားများနှင့်လည်း ဆက်စပ်လျက်ရှိသည်။ ထိုအချက်ကို ပြိုင်ဘက် တရုတ်နိုင်ငံကလည်း ကာလရှည်ကြာ ကောင်းစွာသိရှိထားပြီး ဖြစ်သည်။ သို့သော် သမ္မတ ထရမ့်လက်ထက်ရောက်မှ အမေရိကန်အစိုးရ၏ မြန်မာဆိုင်ရာ စိတ်ဝင်စားမှုနယ်ပယ်သစ်သည် မြေရှားသတ္တု ဖြစ်လာသည်။ 

ထိုအချက်ကို မြန်မာ စစ်အုပ်စုက သမ္မတထရမ့်နှင့် ဆက်ဆံရေးတည်ဆောက်နိုင်မည့် အခွင့်အရေးအဖြစ် ရှုမြင်ပြီး၊ အမေရိကန် လိုအပ်လျက်ရှိသော မြေရှားသတ္တုကို မြန်မာက ကူညီနိုင်လေဟန် ငါးစာချ လှုပ်ရှားနေသလို၊ ထရမ့်က မြန်မာမြေရှားကို လိုချင်သည်ထက် ကမ္ဘာ့အခြားဒေသများမှ ရယူနိုင်ရန် နည်းလမ်းရှာ နေသည်ကို တွေ့မြင်ရပြီး၊ မြန်မာမူဝါဒတွင် ထည့်သွင်းထားခြင်း၏ ရည်ရွယ်ချက်သည် တရုတ်၏ လက်ဝါးကြီးအုပ်ထိန်းချုပ်မှုကို လျှော့ချကန့်သတ်ရန် ရည်ရွယ်ချက်က ပို၍ဖြစ်တန်ရာခြေရှိသည်ကို လေ့လာတွေ့ရှိရသည်။ အမေရိကန်၏ မြန်မာမူဝါဒငါးချက်ထဲမှ ပထမသုံးချက်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပေါ် အခြေခံထားခြင်း မဟုတ်ဘဲ၊ အမေရိကန်အမျိုးသားလုံခြုံရေးအပေါ် အခြေပြုထားကြောင်း စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။

မြန်မာမူဝါဒ အချက်နံပါတ် (၄) နှင့် (၅) သည် ငြိမ်းချမ်းရေးသမ္မတအဖြစ် ၎င်း၏ပုံရိပ်ကို ဖော်ဆောင်ခဲ့သော ထရမ့်သည် မြန်မာပြည်တွင်း ဖြစ်ပွားနေသော စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အကြား တိုက်ပွဲများရပ်တန့်ပြီး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် သဘောထားရှိခြင်းမှာ ဖြစ်တန်ရာခြေ များပါသည်။ အာဆီယံ၏ ဘုံရပ်တည်ချက် ငါးရပ်နှင့် ကိုက်ညီသည့်အတွက်လည်း သဘာဝကျပါသည်။ ထို့အတူ မြန်မာအရေး ဖြေရှင်းရာတွင် ကုလသမဂ္ဂအပါအဝင် အာဆီယံ၏ ဦးဆောင်ဖြေရှင်းမှုကို လက်ခံထားသည့်အထဲ အမေရိကန်နိုင်ငံပါဝင်သဖြင့် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုသည့် အချက်နံပါတ် (၅) သည် ကျိုးကြောင်း ဆီလျော်သည်။

မြန်မာမှ ရာဇဝတ်စစ်ခေါင်းဆောင်နှင့် စစ်အုပ်စုကို သမ္မတထရမ့် အရေးယူနိုင်မလား

ဗင်နီဇွဲလားဖြစ်ရပ်ကို လေ့လာမည်ဆိုလျှင် လက်တင်အမေရိက မူးယစ်ဆေးဝါးဂိုဏ်းများကို အစိုးရအကြီးအကဲ သမ္မတကိုယ်တိုင်က အကာအကွယ်ပေးထားပြီး၊ အမေရိကန်နိုင်ငံထဲသို့ မူးယစ်ဆေးဝါး ကုန်သွယ်မှုများနှင့် ဆက်စပ်နေသဖြင့် သမ္မတမာဒူရို တစ်ဦးတည်းကို ပစ်မှတ်ထား ဖမ်းဆီးခြင်းမျှသာ ဖြစ်သည်။ ဗင်နီဇွဲလားစစ်တပ်နှင့် စစ်ခင်းသည့်အဆင့်အထိ သမ္မတထရမ့် မရည်ရွယ်ခဲ့သဖြင့် အထူးစစ်ဆင်ရေးသည် နာရီပိုင်း အတွင်း ပြီးဆုံးခဲ့သည်။ 

အကယ်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏စစ်အုပ်စုသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား အွန်လိုင်းငွေလိမ်မှုများ ကျူးလွန်နေသော တရုတ်ကျားဖြန့်ဂိုဏ်းများ မြန်မာနိုင်ငံထဲ ခြေကုပ်ယူလှုပ်ရှားနေခြင်းကို ဟန်ပြနှိမ်နင်းမှုများသာလုပ်ဆောင်ပြီး၊ ကျားဖြန့်ဂိုဏ်းများမှ အကျိုးအမြတ်များကို ခွဲဝေခံစားနေလျှင်၊ (ထိပ်တန်း စစ်ဗိုလ်ချုပ်အချို့၏ ကျားဖြန့်ဂိုဏ်းများနှင့်ဆက်စပ်မှုများ ပေါ်ပေါက်ခဲ့ပြီးဖြစ်)၊ အမေရိကန်ကို ပစ်မှတ်ထား ဒုက္ခပေးနေသော ကျားဖြန့်လုပ်ငန်းကို မသိကျိုးနွံ ရှင်သန်ခွင့်ပြုထားလျှင်၊ ထိုကဲ့သို့ လုပ်ဆောင်နေကြောင်း SCSF က သက်သေအထောက်အထားများ ခိုင်မာစွာရရှိခဲ့လျှင် မင်းအောင်လှိုင်ကို ဗင်နီဇွဲလား သမ္မတမာဒူရို ထက်ပင် ဖမ်းဆီးရ ပို၍လွယ်ကူပါလိမ့်မည်။ သမ္မတထရမ့်အတွက် မင်းအောင်လှိုင်ကို ဖမ်းဆီးခေါ်ဆောင်ပြီး၊ အမေရိကန် တရားရုံးတွင် အပြစ်ပေး အရေးယူရန် တရားစွဲဆိုနိုင်သော အမှုများကလည်း အဆင်သင့်ရှိထားပြီး ဖြစ်သည်။

သို့သော် မြန်မာသည် အနောက်ကမ္ဘာခြမ်း (Western Hemisphere) က နိုင်ငံတစ်ခုမဟုတ်ဘဲ၊ တရုတ်၏ ဩဇာ လွှမ်းမိုးမှု စက်ဝန်းထဲက (China’s Sphere of Influence) နိုင်ငံအဖြစ် သမ္မတထရမ့် လက်ခံထားမည်ဆိုလျှင် မင်းအောင်လှိုင်သည် မာဒူရို၏ ကံကြမ္မာမျိုး ကြုံတွေ့နိုင်မည့် အလားအလာ နည်းပါးသည်။ သို့သော် ထိုကဲ့သို့ ဖြစ်တန်ရာခြေများ ရှိနေ၍လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် အသည်းအသန် ပေါင်းလျက် ရုရှားနှင့်တရုတ်တို့၏ အကာအကွယ်ကို ရယူရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ပါသည်။ 

Related Articles

Back to top button