အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူးတွင် စစ်တပ် စစ်ကြောင်းဆက်ထိုး၊ နေရပ်စွန့်ခွာဒေသခံ ထောင်ချီရှိလာ

ပဲခူးတိုင်းအရှေ့ပိုင်းတွင် စစ်တပ်သည် မတ်လ ၅ ရက်တွင် ညောင်လေးပင်မြို့နယ်၌ စစ်ကြောင်းထိုး၍ တော်လှန်ရေးတပ်စိုးမိုးသည့် ရွာ လေးရွာကို စီးနင်းပြီး အရပ်သား ၂၈ ဦးကို သတ်ဖြတ်ခဲ့သည်။

ပဲခူးတိုင်းအရှေ့ပိုင်းနှင့် အနောက်ပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးနယ်မြေရှင်းလင်းခြင်း ဆက်လုပ်နေသဖြင့် နေရပ်စွန့်ခွာရသည့် ရွာများတိုးလာပြီး ထွက်ပြေးရသည့်ဒေသခံ ထောင်ချီရှိလာနေကြောင်း ပဲခူးတိုင်းအရှေ့ပိုင်းနှင့် အနောက်ပိုင်းအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များက Myanmar Now ကို ပြောသည်။

ပဲခူးရိုးမတောင်တန်းသည် ဒေါင်လိုက်အနေအထားဖြင့် ပဲခူးတိုင်းအား နှစ်ပိုင်းခွဲထားသကဲ့သို့တည်ရှိနေရာ ဒေသခံအများစုသည် ပဲခူးတိုင်းကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ခွဲပြောလေ့ရှိသည်။

ပဲခူးတိုင်းအရှေ့ပိုင်းတွင် စစ်တပ်သည် မတ်လ ၅ ရက်တွင် ညောင်လေးပင်မြို့နယ်၌ စစ်ကြောင်းထိုး၍ တော်လှန်ရေးတပ်စိုးမိုးသည့် ရွာလေးရွာကို စီးနင်းပြီး အရပ်သား ၂၈ ဦးကို သတ်ဖြတ်ခဲ့သည်။

ဒေသခံရာနှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးရကြောင်း KNU ဗဟိုနှင့် NUG ပဲခူးတိုင်းစစ်ဌာနထံက သိရသည်။

စစ်တပ်နှင့် ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးတပ်များသည် ညောင်လေးပင်တွင် ထိတွေ့တိုက်ပွဲများ ဆက်ဖြစ်နေ ကြောင်း ပဲခူးတိုင်းအရှေ့ပိုင်း အခြေစိုက်တော်လှန်ရေးတပ် သတင်းရင်းမြစ်အချို့ကပြောသည်။

ညောင်လေးပင်တွင် ထိတွေ့တိုက်ပွဲဖြစ်နေစဉ် စစ်တပ်သည် မတ်လ ၁၇ ရက်နေ့မှ စတင်၍ ညောင်လေးပင်မြို့နယ်မြောက်ဘက်ရှိ ကျောက်တံခါးမြို့နယ်တွင်ပါ စစ်ကြောင်းထိုးလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF ပဲခူးတိုင်းစစ်ဌာနသတင်းရင်းမြစ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်အချို့က Myanmar Now ကိုပြောသည်။

ပဲခူးတိုင်းအရှေ့ပိုင်းရှိ ကျောက်တံခါး၊ ညောင်လေးပင်နှင့် ရွှေကျင်မြို့နယ်များကို KNU က ညောင်လေးပင်ခရိုင် အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး စစ်ရေးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၃ နှင့် PDF ပဲခူးတိုင်း စစ်ဌာနတို့ ပူးပေါင်းဖော်ဆောင်နေကြောင်း အဆိုပါအဖွဲ့များထံက သိရသည်။

ရန်ကုန်- မန္တလေးလမ်းဟောင်းနှင့် ရထားလမ်းဖြတ်သန်းရာ ပိန်းဇလုပ်မြို့အနောက်ဘက်ရှိ ဆေးရိုးခင်ရွာမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဇရပ်ခင်၊ နံဇလေးနှင့် သဲဖြူရွာများသို့ မတ်လ ၁၇ ရက်တွင် စစ်ကြောင်းထိုးလာကြောင်း KNU ဗဟိုက မတ်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇရပ်ခင် ၊ နံဇလေးနှင့် သဲဖြူရွာများသည် ရန်ကုန်- မန္တလေးလမ်းဟောင်းနှင့် ရထားလမ်းဖြတ်သန်းရာ ပိန်းဇလုပ်မြို့မြောက်ဘက်ရှိ ပဲနွယ်ကုန်းမြို့နှင့် ပိုနီးပြီး ပဲနွယ်ကုန်းအရှေ့ဘက် သုံးမိုင်အကွာတွင်ရှိသည့် ရွာများဖြစ်သည်။

စစ်တပ်စစ်ကြောင်းဝင်လာမှုကြောင့် ရွာ ရှစ်ရွာနေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူဦးရေ ၁၇၄၃ ဦးဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရသိရသည်။

တိမ်းရှောင်နေရသည့် ရွာများမှာ သဲဖြူရွာသစ်၊ ရွှေတဲစု၊ ပေါက်ကုန်း၊ သဲဖြူရွာဟောင်း၊ ဇရပ်ခင်၊ နံဇလေး၊ ရွာသာယာနှင့် သစ်တဲရွာများဖြစ်ကြောင်း KNU ဘက်ကဆိုသည်။ 

အဆိုပါရွာများသည် KNU နှင့် PDF များ ဝင်ထွက်သွားလာလှုပ်ရှားကြသည့် ရွာများဖြစ်သည်။

KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်ကော်မရှင်တပ်သည် ၎င်းတို့၏ အရှုံးကိုလက်မခံဘဲ လူထုကို ပစ်မှတ်ထားပြီး ပိုမိုတိုက်ခိုက်လာနေကြောင်း Myanmar Now ကိုပြောသည်။

“စစ်တပ်က ဒီနယ်မြေတွေမှာ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အစစ အရာရာ ဆုံးရှုံးသွားပြီဆိုတဲ့ ပကတိအခြေအနေကိုလက်မခံနိုင်ဘဲ ဒါဟာ ပြည်သူတွေကြောင့်ဖြစ်ရပါတယ်ဆိုပြီးတော့ ကျားနာခဲ ခဲပြီး လူထုအပေါ်စစ်ရာဇဝတ်မှုဆက်လက်ကျူးလွန်နေတာပဲ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

KNU ညောင်လေးပင်ခရိုင် ပြောရေးဆိုခွင့်ရှိသူ စောဟဲဂေက စစ်ကော်မရှင်တပ်သည် ဆုံးရှုံးသွားသည့် နယ်မြေများ ပြန်ရရန် စစ်ကြောင်းထိုးလာနေကြောင်း ပြောသည်။

“သူတို့ကို လက်ခံနိုင်တဲ့လူဆိုရင်တော့ တမျိုးပေါ့။အခုက လက်ရှိအခြေအနေမှာတော့ လူထုတော်တော်များများက လက်မခံဘူး။သူ့ကိုလက်မခံတဲ့သူကို သူ့ရန်သူလို့ သတ်မှတ်ပြီးတော့ ကျေးရွာအတွင်း လက်နက်ကြီးပစ်တာတွေ၊ ဒရုန်းနဲ့ပစ်တာတွေ စက်တပ်လေထီးနဲ့ပစ်တာတွေ၊ တစ်လျှောက်လုံးမှာ ကျေးရွာလူထုအတွင်း အသိုင်းအဝိုင်းမှာပဲပစ်တယ်။ ကျွန်တော်တို့လက်ရှိတပ်တွေရဲ့ နေရာတွေကိုပဲ ပစ်တာမဟုတ်ဘူး” ဟု စောဟဲဂေက ဆိုသည်။

NUG ၏ ပဲခူးတိုင်းစစ်ဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း ကျောက်တံခါးမြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာသည်မှာ မှန်ကန်ကြောင်းအတည်ပြုပြီး တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဆက်ဖြစ်နေကြောင်းဆိုသည်။

KNU ညောင်လေးပင်ခရိုင် ပြောရေးဆိုခွင့်ရှိသူ စောဟဲဂေက စစ်ကော်မရှင်တပ်၏ လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ဒေသခံလူထုသည် ရွာများအတွင်း မနေရဲဘဲ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ပြောသည်။

“ဒေသခံပြည်သူတွေက ဘဝကို ပြန်ထူထောင်ဖို့ရာ အစကနေ ပြန်စရမယ့်အခြေအနေရှိတယ်။ လက်ရှိမှာ စားဝတ်နေရေးအတွက် အခက်အခဲရှိမယ်။ သူတို့ထွက်ပြေးနေတဲ့အတွက် ဘာတစ်ခုမှကို မယူဆောင်နိုင်ဘူး။ ဆေးဝါးလိုအပ်ချက်တွေ ရှိမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ထွက်ပြေးနေသည့် စစ်ရှောင်များသည် KNU ညောင်လေးပင်ခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း ရွာများရှိ အသိမိတ်ဆွေများထံအကူအညီတောင်း၍ ယာယီတဲများဖြင့်နေထိုင်နေရကြောင်း KNU ညောင်လေးပင်ခရိုင်ထံက သိရသည်။

KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် အခြားအကူအညီများမပေးနိုင်သည့်တိုင် လူသားချင်းစာနာမှုအကူအညီများကို လျစ်လျူမရှုဘဲ ဆက်လက်ပေးသင့်ကြောင်း Myanmar Now ကိုပြောသည်။

“လူထုမှာ အသက်ဘေးကနေတိမ်းရှောင်ရပြီး လက်လွတ်ခွက်ကျွတ်ပြေးနေရတာ ဘာမှမကျန်တော့ဘူး။ တကယ့်အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပေါ့။ တခြားဟာမကူနိုင်ရင်တောင် နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့က အရေးပေါ်လိုအပ်တာကို တတ်နိုင်သမျှ ဖြစ်အောင်လုပ်ပေးဖို့တော့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပဲခူးအရှေ့တွင် စစ်တပ်စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများထောင်ချီထွက်ပြေးနေရသလို ပဲခူးရိုးမတောင်တန်း၏ အခြားတစ်ဖက်ဖြစ်သည့် ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်တွင်လည်း စစ်တပ်စစ်ကြောင်းထိုးဝင်လာမှုကြောင့် ဒေသခံ ထောင်ချီထွက်ပြေးနေရသည်။

ပဲခူးအနောက်ပိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသည့် အရေတွက်သည် ပဲခူးအရှေ့ပိုင်းထက်ပိုများပြီး စုစုပေါင်း လူဦးရေ ၈၀၀၀ အထိ ရောက်လာနေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ပဲခူးတိုင်း အနောက်ခြမ်း နတ်တလင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်များက စစ်ကြောင်းထိုး လာသလို ကျေးရွာများကို မီးရှို့မှုများလုပ်နေကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်များကြောင့် ထိတ်လန့်ကာ နေရပ်မပြန်နိုင်သည့ စစ်ဘေးရှောင်များ ထောင်နှင့်ချီများပြားလာပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် နတ်တလင်းမြို့နယ် အရှေ့ပိုင်းကို စစ်ကော်မရှင်တပ်များက စစ်ကြောင်းထိုးလာပြီး ဖလံပင်ရွာ၊ ရှားစေးဖိုးရွာ၊ သရက်ပုဂံရိုးရွာတို့ရှိ အိမ်ခြေ ၁၅၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ်ဘေးရှောင်များ ပိုမိုများပြားလာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူညီများ လိုအပ်လာနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်တပ်သည် နတ်တလင်းမြို့နယ် အရှေ့ဘက် ပဲခူးရိုးမတောင်တန်းဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးနေသည်။

နတ်တလင်းမြို့နယ်ရှိ ရှားစေးဖိုး၊ ဖလံပင်၊ သရက်ပင်ကံရိုး၊ ငုတ်တရာ၊ ညောင်ဝိုင်း၊ ခွေးသေ ကျေးရွာတို့အပါအဝင် ကျေးရွာပေါင်း ၂၀ ထက်မနည်းမှ ဒေသခံများထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် အမျိုးသမီးတစ်ဦးကဆိုသည်။

ထိုအရေအတွက်သည် လက်လှမ်းမီသမျှကောက်ယူထားသည့် စာရင်းဖြစ်ပြီး ပိုမိုများသည့် အရေအတွက်ထိရှိနိုင်ကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။

“စစ်ရှောင်စခန်းက သတ်သတ်မရှိဘူး၊ တောထဲက နေရာလွတ်မှာ ဝါးနဲ့ ယာယီတဲလေးဆောက်ပြီး ယာခုတ်ပြီး ကိုယ့်ဝမ်းစာကိုယ် ဖြေရှင်းနေကြရတာ၊ စစ်ရှောင်များလာရင်တော့ အကူညီက ပိုလိုလာတာပဲ” ဟု ထိုအမျိုးသမီးက  ဆိုသည်။

နတ်တလင်းစစ်ရှောင်များသည် ပဲခူးရိုးမနှင့်အစပ် တောင်ကုန်းများအပါအဝင် နေရာလွတ်များတွင် ယာယီတဲများထိုး၍ နေထိုင်ကြသည်။

ငွေကြေးတတ်နိုင်သူများသည် မြို့ပေါ်တွင် အိမ်ငှားနေကြပြီး အချို့ စစ်ရှောင်များသည် ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့ခိုလှုံနေထိုင်ကြရကြောင်း စစ်ရှောင်ကူညီနေသူများက ဆက်ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ နတ်တလင်း မြို့နယ် အရှေ့ဘက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့ စိုးမိုနယ်မြေများကို ပြန်လည်ရယူရန် စစ်တပ်က စစ်ကြောင်းထိုးနေသည်။

စစ်ကြောင်းထိုးမှုသည် လနှင့်ချီကြာမြင့်လာသဖြင့် စစ်ရှောင်အရေအတွက်များ ပိုမိုများပြားလာနေခြင်း ဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူများက ဆိုသည်။ 

Related Articles

Back to top button