အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတွင် သင်္ကြန်တွင်း ဘုန်းကြီးကျောင်းများပါမချန် စစ်တပ် လေကြောင်းတိုက်ခိုက်

သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ၊ တိုက်သစ်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သင်္ကြန်တွင်း ဒုလ္လဘဝတ်နေသည့် ရဟန်းနှစ်ပါးနှင့် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ယမန်နေ့ ဧပြီလ ၁၄ ရက်(သင်္ကြန်အကျနေ့)တွင် ဆားလင်းကြီးမြို့နယ် ရင်မောင်တိုင်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

အရပ်ဝတ်အသွင်ပြောင်းစစ်အစိုးရက တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်းတိုင်းတွင် သင်္ကြန်ကာလအတွင်း ဘုန်းကြီးကျောင်းပါမချန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ရဟန်းသုံးပါးနှင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများထံကသိရသည်။ 

သင်္ကြန်အကြိုနေ့ (ဧပြီလ ၁၃ ရက်) တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ၊ တိုက်သစ်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သင်္ကြန်တွင်း ဒုလ္လဘဝတ်နေသည့် ရဟန်းနှစ်ပါးနှင့် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ယမန်နေ့ ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့)တွင် ဆားလင်းကြီးမြို့နယ် ရင်မောင်တိုင်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ 

“မြေပြင်တိုက်ပွဲမရှိဘဲ ဘုန်းကြီးကျောင်းကိုပစ်သွားတာ။ ကိုရင်တစ်ပါးအပါအဝင် သံဃာသုံးပါး ပျံလွန်တော် မူတယ်။ တစ်ပါးကပွဲချင်းပြီး။ နှစ်ပါးကတော့ ဆေးရုံရောက်မှ ပျံလွန်တော်မူတယ်” ဟု ရွှေဘိုမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ 

အကြိုနေ့ နေ့လယ် ၃ နာရီဝန်းကျင်က ဗုံးသီးနှစ်လုံးချသည့် ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းငါးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆောင်များလည်း ပျက်စီးသွားကြောင်းသိရသည်။ 

မဟာစည်ဆရာတော်ဇာတိဖြစ်သည့် ဆိပ်ခွန်ရွာသည် ယက္ကန်းလုပ်ငန်းဖြင့်နာမည်ကျော်ပြီး ရွှေဘိုမြို့ အနောက်ဘက်ခုနစ်မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေနှစ်ထောင်ကျော် ၊ ဘုန်းကြီးကျောင်း ၂၆ ကျောင်းရှိသည့် ကျေးရွာကြီးဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာတွင် ရဲစခန်းရွှေ့သွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြန်လည်အခြေချသော်လည်း စခန်းတွင်း၌သာ ခြေကုပ်ယူထားသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများကဆိုသည်။ 

ထို့အပြင် ယနေ့သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅ ရက်)တွင်လည်း ရွှေဘိုမြို့အခြေစိုက် အမှတ် ၄၂ ခြေလျင် တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ သစ်ကြီးတောရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပြီး ရဟန်းတစ်ပါး နှင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

စစ်တပ်နယ်မြေထိန်းချုပ်ထားသည့် ရွှေဘိုမြို့ပေါ်တွင် ရေကစားမဏ္ဍပ်ဖြင့် စည်ကားနေချိန်မြို့အနီး ကျေးရွာများ သည် လေကြောင်း၊ လက်နက်ကြီးရန်တို့ကြောင့် သင်္ကြန်ကာလအတွင်း ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းမှ ဒေသခံထောင်နှင့်ချီသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။ 

ယမန်နေ့ (သင်္ကြန်အကျနေ့)တွင်လည်း မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ရင်မောင်တိုင် ကျေးရွာကို စက်တပ်လေထီးနှစ်စီးဖြင့် ဗုံးကြဲခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ 

“မနေ့က ခြောက်နာရီလောက်က နမခက တက်လာတဲ့ ပါရာမော်တာ နှစ်စီးနဲ့ချသွားတာ။ ဒေသခံပြည်သူ အမျိုးသား တစ်ဦးသေဆုံးသွားတာ။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ စစ်ကြောင်းလည်းမရှိဘူး။ ဒီအတိုင်းပဲ ချသွားတာ”ဟု အထက်ပါ ဒေသခံကပြောသည်။

ယနေ့ (သင်္ကြန်အကြတ်နေ့) တွင်လည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့အနီးရှိ အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ 

မုံရွာမြို့မှ မိုင်၂၀ ကျော်သာဝေးသည့် အရာတော်မြို့နယ်တောင်ခြမ်းကို  နှစ်ရက်ဆက် လေကြောင်း တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့တွင် စက်တပ်လေထီးနှစ်စီး၊ ဂျိုင်ရိုကော်ပတာခြောက်စီး၊ တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲခဲ့ကာ ယနေ့နံနက်ပိုင်းတွင်လည်း တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိရသည်။ 

အရာတော်မြို့အနီးဝန်းကျင်တွင် စစ်တပ်စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် အရာတော် – ရွာသာကြီး လမ်းပိုင်း၊ အရာတော် – ထီးဆောင်းလမ်းပိုင်းနှင့် အရာတော်မြို့အဝင်အထွက်လမ်းများအား အသုံးမပြုကြရန် မြို့နယ် ပကဖက အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားသည်။ 

ယနေ့ နံနက် ၉ နာရီခွဲတွင် မင်းကင်းမြို့နယ် တောင်တွင်းဒေသကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း ထိခိုက်ဒဏ်ရာရရမှုအခြေအနေကို မသိရသေးကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံကသိရသည်။ 

“တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့နယ်မြေတွေမှာတော့ သင်္ကြန်ကာလ လေယာဉ်ကြောက်ရတော့ သာမန်ပဲဖြတ်သန်းရတာ။ ပျော်ရွှင်မှုတော့ ထူးမရှိဘူးပေါ့။ အရင်တုန်းက သင်္ကြန်နဲ့တော့ မိုးနဲ့မြေလိုပေါ့။ အခုနေချိန်ကာလမှာ ကလေးတွေ ရေကစားမဏ္ဍပ်တောင်မရှိသလောက်ပဲ။ လေယာဉ်သံ အမြဲနားစွင့်နေရ တာပေါ့” ဟု မင်းကင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ်ခန့်အပ်ပြီးနောက် အစိုးရအဖွဲ့ ကိုလည်း စိတ်ကြိုက်ဖွဲ့စည်းလိုက်ပြီး အာဏာကိုဆက်လက်ဆုပ်ကိုင်ထားသည်။ 

စစ်တပ်က ပြုလုပ်သည့် အမည်ခံ ရွေးကောက်ပွဲအလွန်တွင် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်လာရာ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သား ၄၈၃ ဦးသေဆုံးပြီး ၄၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ 

တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်းတွင် ဝေဟင်တိုက်ခိုက်မှုများသာမက ယင်းမာပင်နှင့် ပုလဲနယ်ကိုလည်း စစ်ကြောင်းနှစ်ခု ညှပ်ထိုးနေသဖြင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button