အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သမ္မတ ဦးဝင်းမြင့်ပြန်လွတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းမည့်သတင်းထွက်

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် နေပြည်တော် သမ္မတအိမ်တော်တွင် ဖမ်းဆီးခံရသူ သမ္မတ ဦးဝင်းမြင့်မှာ ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှ နုတ်ထွက်ရန် စစ်တပ်၏ ဖိအားပေးမှုကို ငြင်းဆန်ပြီးနောက်တွင် စစ်ကောင်စီက ပုဒ်မ ၈ ခုဖြင့် တရားစွဲကာ ထောင် ၁၄ နှစ် ချထားသည်။

နှစ်ရှည်အကျဉ်းချခံထားရသည့် သမ္မတဦးဝင်မြင့်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ယနေ့ (ဧပြီ ၁၇)တွင် ကျရောက်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြန်လည်လွတ်ပေးလိုက်ကြောင့် စစ်ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

သမ္မတ ဦးဝင်းမြင့်အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသော ချွင်းချက်ဖြင့် ပြန်လည်လွတ်ပေးလိုက်ခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားမှတဆင့် ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD )ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ သမ္မတ ဦးဝင်းမြင့်မှာ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းစဉ် အစောဆုံးဖမ်းဆီးခံရသူများအနက်အပါဝင်ဖြစ်သည်။​

သမ္မတဦးဝင်းမြင့်ကို  အဂတိမှု၊ ရွေးကောက်ပွဲဆိုင်ရာစွပ်စွဲချက် ပုဒ်မ ၁၃ဝ-က ၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု၊ ဆူပူအောင်လှုံ့ဆော်မှု စသည့် ပုဒ်မ ၈ ခုဖြင့် တရားစွဲ၍ စစ်တပ်က ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့သည်။

ယနေ့တွင် သမ္မတရာထူးယူထားသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်က သမ္မတဦးဝင်းမြင့်၏ လက်ကျန်ချခံရမည့် ထောင်ဒဏ်များကို ဖြေလျော့ပေးလိုက်သည်ဟု စစ်တပ်ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။

ယနေ့ ပြန်လည်လွတ်မြောက်လာသူများအနက်အတွင် သမ္မတဦးဝင်မြင့်လည်း ပါဝင်လာမည်ဟု ကြားသိရပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ ချုပ်နှောင်မည်ဟု ကြားသိရကြောင်း NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အတည်ပြုပြောဆိုသည်။

“သမ္မတကြီးလွတ်တယ်ဆိုတဲ့ သတင်းကတော့ တခြားနေရာတွေကလည်း(အတည်ပြုတာ) Confirm လုပ်ပါတယ်။ ကျွန်တော်တို အခုနေပြည်တော်မရောက်သေးတဲ့အတွက် ကျွန်တော်တို့ကိုယ်တိုင်တော့ အတည်မပြုနိုင်ပါဘူး”ဟု ဒေါက်တာ မျိုးညွှန့်က ပြောသည်။

NLDပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ချုပ်နှောင်မည်ဟု ကြားသိရကြောင်းကိုလည်း ဒေါက်တာမျိုးညွှန့်က ပြောသည်။​ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ၎င်းတို့အနေဖြင့် သမ္မတဦးဝင်းမြင့်လွတ်လာသည့်အခြေနေကို မသိရသေးကြောင်း Myanmar Nowသို့ ပြောသည်။​ 

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် နေပြည်တော် သမ္မတအိမ်တော်တွင် ဖမ်းဆီးခံရသူ သမ္မတ ဦးဝင်းမြင့်မှာ ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှ နုတ်ထွက်ရန် စစ်တပ်၏ ဖိအားပေးမှုကို ငြင်းဆန်ပြီးနောက်တွင် စစ်ကောင်စီက ပုဒ်မ ၈ ခုဖြင့် တရားစွဲကာ ထောင် ၁၄ နှစ် ချထားသည်။ ထိုထဲမှ ၂ နှစ်ကို စစ်ကောင်စီက ပြန်လျှော့ပေးထားသည်။

စစ်တပ်သည် အသက် ၈၀ အရွယ် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်တွင် ချုပ်နှောင်ထားခြင်းဖြစ်ပြီး အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုပြီးနောက် ထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ထားသည်။​

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းထောင်အသီးသီး၌ ချုပ်နှောင်ခံထားရသူ စုစုပေါင်း ၄၃၃၅ ဦးကို  ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။​

လက်ရှိတွင် အကျဉ်းထောင်အသီးသီး၌ အကျဉ်းချခံထားရသူများကို စတင်လွတ်ပေးနေပြီ ဖြစ်ကြောင်း၊ ကနဦးကောက်ယူနိုင်သည့်စာရင်း အရ အကျဉ်းထောင် ၁၉ ခုမှ နိုင်ငံရေးအမှုဖြင့်  အကျဉ်းကျနေသူ   ၁၆၀ ကျော်သာ လွတ်မြောက်သေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ယက် (PPNM)ထံမှ သိရသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button