အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖလမ်းမြို့အနီးရှိ စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များ ပူးပေါင်းသိမ်းပိုက်

ယမန်နှစ်ကုန်ကတည်းက ဖလမ်းမြို့ပြန်သိမ်းနိုင်ရေးအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှစစ်ကြောင်း နှစ်ကြောင်းထိုးနေသည့် စစ်တပ်၏ မြို့အနီး အခြေချတပ်စွဲထားသော စစ်စခန်းတစ်ခုကို ချင်းတော်လှန်ရေးအင်အားစု နှစ်ခုပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုကို ဒေသတွင်း အားကောင်းသည့် ချင်းညီနောင်အဖွဲ့(CB)နှင့်  ချင်းပြည်ကောင်စီ (CC) စသည့် ချင်းတော်လှန်ရေးအင်းအားစုနှစ်ခု ပူးပေါင်း၍ ဧပြီလ ၁၄ ရက် (သင်္ကြန်အကျ နေ့) တွင် ရုတ်တရက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ 

ဖလမ်းမြို့မြောက်ဘက် မျဉ်းဖြောင့်တိုင်းလျှင် ငါးမိုင်အကွာ ခွန်းလီကျေးရွာတွင် အခြေချထားသော စစ်တပ်စခန်း ကို ၎င်းတို့နှင့်အတူ ချင်းပြည်ကောင်စီ (CC) အဖွဲ့ဝင်တပ်များက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း ထိုတိုက်ပွဲတွင် ပါဝင်သည့် ချင်းညီနောင် (CB) အဖွဲ့ဝင် (CNO/ CNDF) က ယနေ့ သတင်းထုတ်ပြန်သည်။

“ဖလမ်းမြို့ကို စစ်ကြောင်းလာထိုးတဲ့တပ်တွေရဲ့ရှေ့တန်းစခန်းပေါ့။ ဘန်ကာတွေလည်း တည်ဆောက်ထားတယ်။ အဲဒီစခန်းကို သိမ်းလိုက်တာဖြစ်ပါတယ်” ဟု (CNO/CNDF) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ဖလမ်းကို ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းက အခိုင်အမာ စခန်းချထားသော ခွန်းလီကျေးရွာသည် မဏိပူရ်မြစ်၏ အနောက်ဘက်ကမ်းရှိ မြင့်မားသော တောင်ပေါ်တွင် တည်ရှိသည်။

ဖလမ်းမြို့ကို ဦးတည်နေသည့် စစ်တပ်က မြို့ကို ထိုးစစ်လုပ်လာနိုင်ဖွယ်ရှိသဖြင့် ချင်းတော်လှန်ရေးတပ်များက မြို့နှင့် ငါးမိုင်အကွာတွင် စခန်းချလိုက်သော စစ်တပ်စခန်းကို လက်ဦးမှုယူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CNO/CNDF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း MA စီးရီး ရိုင်ဖယ် ၂၄ လက်၊ Star Link အင်တာနက်စက်၊ လက်ပစ်ဗုံးအချို့နှင့် ကျည်ဆန်များ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း  စစ်တပ်၏ လေကြောင်းဗုံးကြဲမှုအပါအဝင် ကျည်ဆန်ထိမှန်မှုကြောင့် CNO/CNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ချင်းပြည်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း CNO/CNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

အမှတ် (၂၆၈) ခြေလျင်တပ်ရင်း အခြေစိုက်ရာ ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုများ စုဖွဲ့ထားသည့် ချင်းညီနောင် (CB) အဖွဲ့က ငါးလကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၂၀၂၅ ခုနှစ် ဧပြီလတွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်သည်။

ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်သည့် ဖလမ်းမြို့ကို ပြန်သိမ်းရန် စစ်တပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် စတင်၍ မြို့အရှေ့မြောက်ဘက် မိုင် ၇၀ ကျော်အကွာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ အင်အား ရာနှင့်ချီသည့် စစ်ကြောင်း နှစ်ကြောင်းဖြင့် ချီတက်လာနေရာ မြို့အနီး ငါးမိုင်ဝန်းကျင်ကို ရောက်ရှိနေခြင်းဖြစ်သည်။

အာရက္ခတပ်တော် (AA) ၏ မဟာမိတ်ဖြစ်သော ချင်းညီနောင် (CB) တပ်ဖွဲ့ဝင်များနှင့် ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဦးဆောင်သော ချင်းပြည်ကောင်စီ (CC) တပ်များအကြား ပစ်ခတ်မှုဖြစ်သည်အထိ ပဋိပက္ခများရှိဖူးသော်လည်း ဖလမ်းစစ်မြေပြင်တွင် ထိုးစစ်ဆင်လာသည့် စစ်တပ်ကို အတူ ခုခံတိုက်ခိုက်နေသည်မှာ လနှင့်ချီရှိနေပြီဖြစ်ကြောင်း CNO/CNDF ထံကသိရသည်။

“ဖလမ်းမြို့မှာ လေယာဉ်ကွင်းရှိတယ်။ ဖလမ်းကိုရရင် စစ်တပ်က လေယာဉ်နဲ့ ပစ္စည်းချတာတွေက အလွယ်တကူဖြစ်သွားမှာလေ။ အဲဒါကြောင့် CC ဘက်ကနေ ဝိုင်းတိုက်ပေးတာဖြစ်တယ်။ ဖလမ်းကိုရရင် ချင်းညီနောင်ပဲ နစ်နာမှာမဟုတ်ဘူး။ CC အတွက်လည်း ပိုပြီးနစ်နာနိုင်တယ်။ စစ်ရေးပိုင်း မြေပြင်မှာတော့ စစ်တိုက်ရင် အတူတူတိုက်တယ်။ အောက်ခြေရဲဘော်တွေအချင်းချင်းက အခုတော့ အဆင်ပြေကြပါတယ်” ဟု CNO/CNDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်တွင် ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်အကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်နေကြောင်း သိရသည်။

ဖလမ်းမြို့အနီးအထိ စစ်တပ်စစ်ကြောင်းများ ကပ်လာနိုင်သော်လည်း မြို့ကိုမသိမ်းနိုင်သေးဘဲ                           ချင်းတော်လှန်ရေးတပ်များ၏ ခုခံတိုက်ခိုက်မှုကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်အချို့က ဆိုသည်။

ချင်းပြည်နယ် မြို့နယ် ကိုးခုရှိသည့်အနက် ဟားခါး၊ ထန်တလန်၊ တီးတိန်တို့တွင်သာ စစ်တပ်က ခြေကုပ် ယူထားပြီး မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းတို့ကို ချင်းညီနောင်ထိန်းချုပ်၍ ၎င်း၏ မဟာမိတ် အာရက္ခတပ်တော်က ပလက်ဝကို သိမ်းပိုက်ထားသည်။ တွန်းဇံမြို့ကို ချင်းပြည်ကောင်စီ (CC) က သိမ်းပိုက်ထားသည်။ 
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် ချင်းပြည်နယ်မှ လူဦးရေ တစ်သိန်းကျော် (၁၀၀,၃၀၀) ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ အဖွဲ့ UNHCR က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလဆန်းတွင် ထုတ်ပြန် ထားသည်။ 

၂၀၂၃ ခုနှစ် မတ်လက ဖလမ်းနယ်အတွင်း တိုက်ပွဲမဝင်မီ ဆုတောင်းနေသော ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ- CNDF)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button