စစ်အာဏာသိမ်းမှု ငါးနှစ်ကျော် ကြာမြင့်လာချိန် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ကို ယခုနှစ်တွင် အခက်အခဲများ ကြုံတွေ့နေသည့်ကြားမှ ဆင်နွှဲခဲ့ကြသည်ဟု နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများမှ အရပ်သားပြည်သူများက ဆိုကြသည်။
စစ်တပ် အာဏာသိမ်းပြီးငါးနှစ်အတွင်း ယခုနှစ်သည် အစည်ကားဆုံး သင်္ကြန်ဟုဆိုနိုင်ပြီး အခြားတစ်ဖက်တွင် ပြည်သူများသည် လူမှုဘဝဒုက္ခအထွေထွေကို အပြင်းထန်ဆုံး ကြုံတွေ့ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။
တရိပ်ရိပ်ကြီးမြင့်လာသည့် ကုန်ဈေးနှုန်းဒဏ်၊ အထွေထွေအကျပ်အတည်းများနှင့် စက်သုံးဆီ အခက်အခဲများ ကြား သွားလာရန်မလွယ်သည့် အခြေအနေတွင် သင်္ကြန်ကိုဆင်နွှဲကြခြင်းဖြစ်ကြောင်း ပြည်သူများက ဆိုကြသည်။
တနည်းအားဖြင့် လူထုသည်၎င်းတို့ ရင်ဆိုင်နေရသည့် ဒုက္ခအကျပ်အတည်းများကို လျော့ပါးသက်သာအောင် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ကုစားခြင်း၊ အထွေထွေဒုက္ခအကျပ်အတည်းမှ တဒင်္ဂ လွတ်မြောက် လိုခြင်းမျှသာဖြစ်သည်။
“လူတွေက ပင်ပန်းနေကြပြီ၊ ခုပဲ တော်လှန်ရေးက ငါးနှစ်ကျော်သွားပြီလေ၊ အခုမြို့ပေါ်လူတန်းစားတွေ ဆိုရင် ကုန်ဈေးနှုန်းနဲ့ လူနေမှုမလုံခြုံမှုတွေ အကုန်ခံနေကြရတာလေ၊ အဲဒီတော့ ဒီသင်္ကြန်က ထွက်ပေါက် အနေနဲ့ ပျော်ကြတာပေါ့” ဟု ရန်ကုန်မြို့မှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ယခင်နှစ်များတွင် အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်ခဲ့သည့် သင်္ကြန်ပွဲများ စည်ကားခြင်းမရှိဘဲ ပြည်သူအများစုက ပါဝင်ခြင်း မပြုခဲ့သော်လည်း ယခုနှစ်တွင် စစ်တပ်က ကျင်းပသည့် သင်္ကြန်ပွဲနေရာ များသာမက အများပြည်သူ ရပ်ကွက်များတွင်ပါ သင်္ကြန်ပွဲ ဆင်နွှဲခဲ့ကြသည်။
ယခုနှစ် သင်္ကြန်တွင် မဏ္ဍပ်ကြီးများတွင်မကဘဲ ရပ်ကွက်ထဲရှိ လမ်းကြို၊ လမ်းကြားထဲတွင်ပင် အုန်းလက်များဖြင့် မဏ္ဍပ်ငယ်များဆောက်လုပ်၍ ရေဆော့ကစားနေသည်ကို တွေ့မြင်ရကြောင်း ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေးမှ ဒေသခံပြည်သူများက ပြောကြသည်။
“ဒုက္ခတွေရှိတယ်၊ အခက်ခဲတွေရှိတယ်၊ ဒုက္ခတွေကြားထဲ ဒီအတိုင်းကြီး နေရတော့မှာလား၊ ပျော်စရာ မရှာဖွေရတော့ဘူးလား၊ ဒီလိုပျော်ရုံ၊ ရေပက်ရုံနဲ့ ဘာဖြစ်မှာလဲ၊ တော်လှန်ရေးကြီးတစ်ခုလုံး ရပ်သွားမှာလား၊ အစိုးရမဏ္ဍပ်တွေမသွားဘဲ၊ ကိုယ်ဘာသာပျော်ကြတယ်ဗျ။ ဒုက္ခတွေရဲ့ ထွက်ပေါက်က ဒီပျော်စရာပဲရှိတော့တယ်” ဟု စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့မှုများတွင် ပါဝင်ခဲ့သူ ရန်ကုန်မြို့နေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
လမ်းလျှောက်သင်္ကြန်အပါအဝင် စည်ကားရခြင်းသည် မြို့ကြီးများသို့ ရှောင်ရှားလာသည့် စစ်ဘေးရှောင်များနှင့် ပြည်တွင်းလူထုတို့၏ မွန်းကျပ်မှုများ ပေါက်ကွဲလို၍ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့တွင် မြို့တော်ခန်းမ၊ မဟာဗန္ဓုလပန်းခြံအနီး၊ ကမ္ဘာအေးဘုရားလမ်း၊အင်းလျားလမ်းနှင့် ပြည်သူ့ရင်ပြင်တို့တွင် လမ်းလျှောက်သင်္ကြန်၏ အစည်ကားဆုံးနေရာများဖြစ်ပြီး မြို့နယ်တိုင်းတွင် လမ်းလျှောက်သင်္ကြန် ရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

ရပ်ကွက်များတွင် စည်ကားသည့် မန်းသင်္ကြန်
ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့၏လမ်းမများပေါ်၌ ရေကစားကြသူများ၊ လည်ပတ်သူများဖြင့်အထူးစည်ကားလျက်ရှိနေပြီး ထိုအခြေအနေသည် တော်လှန်ရေးကာလ ငါးနှစ်ကျော် အတွင်း အစည်ကားဆုံးဖြစ်ကြောင်း မြို့ခံများက ပြောသည်။
၂၀၂၀ ပြည့်နစ် ကိုဗစ်-၁၉ ကပ်ရောဂါမှစ၍ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုများအပြီး သင်္ကြန်ပွဲတော်သည် ကာလရှည်ကြာခြောက်ကပ်ခဲ့သော်လည်း ယခုနှစ်သင်္ကြန်တွင်မူ ကျုံးတစ်လျှောက်မဏ္ဍပ်များ၊ လမ်းလျှောက် သင်္ကြန်နှင့်ရပ်ကွက်များအတွင်း ရေကစားကြသူများဖြင့် ယခင်နှစ်များထက် သိသိသာသာ များပြားခဲ့သည်။
“လူတွေလည်းပျော်ကြမှာပဲ။ စိတ်ညစ်စရာတွေများတော့ မွန်းကျပ်နေကြတာ။ ဒီနှစ်က တော်လှန်ရေး ကာလအတွင်း အစည်ကားဆုံးလို့ပြောလို့ရပါတယ်”ဟု မန္တလေးမြို့ခံ အသက် ၃၇ နှစ် အရွယ် အမျိုးသား တစ်ဦးက Myanmar Now ကို ပြောသည်။
နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးအခြေအနေများဖြင့် မွန်းကျပ်နေကြသော်လည်း ထိုစိတ်ပင်ပန်းမှုများ ပြေပျောက်ရန် လမ်းမပေါ် အပန်းဖြေထွက်လာကြခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။
“မဏ္ဍပ်တွေထက်ကို ရပ်ကွက်တွေမှာက ပိုစည်နေတယ်။ ကိုယ့်အိမ်ရှေ့ဟိုတစ်စု ဒီတစ်စု၊ ရေကစားကြတယ်။ သောက်စားကြတယ်။ တချို့ကျလည်း သူတို့ (စစ်တပ်) တွေရဲ့ မဏ္ဍပ်တွေကို မသွားဘူးဆိုတဲ့ စိတ်အခံနဲ့ တူရာတူရာစုပြီး ကိုယ့်နည်းကိုယ့်ဟန်ပျော်ကြတယ်”ဟု သူက ဆက်ပြောသည်။
စစ်တပ် ဦးဆောင်နေသည့်အခြေအနေတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီ အခက်အခဲ၊ စစ်မှုထမ်း အတင်းအကျပ် စုဆောင်းမှုအပါအဝင် အထွေထွေကျပ်တည်းမှုများဒဏ်ကို လူထုက ခါးစည်းခံနေရချိန် ယခုနှစ်တွင် လူအများက အတာသင်္ကြန်ပွဲကို အစည်ကားဆုံး ပါဝင်ခဲ့ကြခြင်းဖြစ်သည်။
စစ်ဗိုလ်ချုပ်ကြီးများ၏ နေပြည်တော်
ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူးခန့်အပ်ထားသည့် မင်းအောင်လှိုင်ကိုယ်တိုင် ပျဉ်းမနား-တောင်ညိုလမ်းမပေါ်ရှိ နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်ကို သင်္ကြန်အကျနေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။ လမ်းလျှောက်သင်္ကြန်ကို ပြည်သူ့ရင်ပြင်နှင့် ပျဉ်းမနားမြို့၏ မင်္ဂလာရှမ်းကန်ပတ်လည်တို့တွင် ပြုလုပ်ခဲ့ပြီး နာမည်ကြီး အဆိုတော်များပါဝင်၍ နေပြည်တော်ရှိ အစည်ကားဆုံးနေရာများ ဖြစ်ခဲ့သည်။
အာဏာသိမ်းစစ်အုပ်စု၏ စနစ်တကျ အကွက်ချစီမံထားသည့် သင်္ကြန်စင်မြင့်များ၊ ယိမ်းအကများ၊ မြူးကြွသည့် သီချင်းသံများသည် စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထု နှစ်ကာလရှည် ရင်ဆိုင်နေရသော အထွေထွေအကျပ်အတည်းများကို ဖုံးကွယ်ဖျောက်ဖျက်ရန် တတ်နိုင်မည်မဟုတ်ပေ။
တနည်းအားဖြင့် စစ်အုပ်စုသည် သွေးစွန်းနေသော ၎င်းတို့၏ လက်များကို သင်္ကြန်ရေဖြင့် ဆေးနိုင်မည်ဟု မျှော်လင့်နေသည်။
“မြန်မာသင်္ကြန်ကာလမှာပုံရိပ်တစ်ခုကို သေသေချာချာ ဖန်တီးပြနေကြပါတယ်။ အဲဒါကတော့ နိုင်ငံဟာ တည်ငြိမ်နေပြီ၊ “အစိုးရသစ်” ပေါ် ပေါက်လာပြီ။ ရေနဲ့အတိတ်ကို ဆေးကြောမယ်၊ နှစ်သစ်မှာ အားလုံး အသစ်ဖြစ်မယ်ဆိုတဲ့ အယူအဆကိုသုံးပြီး မပြီးဆုံးသေးတဲ့ အကျပ်အတည်းကြီးကို အဆုံးသတ်သွားပြီ လို့ အတင်းအဓမ္မ ပုံဖော်နေတာပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း မှတ်ချက်ပြုသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အသက် ၁၄ နှစ်သာရှိသေးပြီး ယခုတွင် ၁၉ နှစ်အရွယ်ရှိသည့် မောင်ဖိုးသား (အမည်လွှဲ) သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးချိန် ယခုနှစ် ကျရောက်သည့် သင်္ကြန်တွင် လည်ပတ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ပျော်ရွှင်လည်ပတ်မည်ဟု ဆိုသော်လည်း လွန်ခဲ့သည့် ငါးနှစ်က အာဏာသိမ်းခဲ့၍ ဆန္ဒပြခဲ့သည့် သိန်းနှင့်ချီသော လူအုပ်ကြီးနှင့် ယနေ့ချိန်ထိ ပြည်သူများခံစားနေရသော စစ်ဘေးအပါအဝင် ဒုက္ခများကို မေ့ပျောက်မည်မဟုတ်ဘဲ သိရှိထားကြောင်း ထိုလူငယ်က ပြောသည်။
“သူတို့(စစ်တပ်)သိမ်းတော့ အားလုံးဒုက္ခတွေရောက်ကုန်ကြတာလေ၊ ကျွန်တော်တို့လူငယ်တွေလည်း လမ်းတွေ ပျောက်ကုန်တယ်။ အခု ဆယ်တန်းအောင်ရင်တောင် ဘာလုပ်ရမှန်းမသိသေးဘူး”ဟု ဆိုသည်။
လက်ရှိတွင် မိသားစုအတွက် အိမ်အသုံးစရိတ်နှင့် ခက်ခဲနေသည့် စက်သုံးဆီရရှိစေရန် နံနက်သုံးနာရီတွင်စ၍ မွန်းလွဲ တစ်နာရီကျော်အထိ အပတ်စဉ် ဆီတန်းစီနေရပြီး ရရာအလုပ်ဖြင့် ပိုက်ဆံရှာနေရသူလည်း ဖြစ်သည်။
ဆွေမျိုးသားချင်း အစ်ကိုများမှာမူ လက်နက်ကိုင်၍ စစ်တပ်ကို ဆန့်ကျင်နေသူများရှိသော်လည်း ၎င်း၏ဘဝနှင့် အသက်အရွယ်ကြီးမြင့်လာသည့် မိဘများအတွက် ပိုက်ဆံရှာနိုင်မည့် အလုပ်လုပ်ရန်နှင့် ဘွဲ့တစ်ခုရယူရန် စိတ်ကူးထားကြောင်း ပြောသည်။

အဝေးကလူများ လွမ်းသည့် သင်္ကြန်
လူငယ်အများစု အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကာ လက်နက်ကိုင်သွားကြသလို ထွက်ပြေးတိမ်းရှောင် နေရသူများလည်းရှိရာ အများစုသည် မွေးရပ်မြေမှ သင်္ကြန်ကို လွမ်းဆွတ်ကြရသည်ဟု ဆိုကြသည်။
စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သောကြောင့် နိုင်ငံရေးပုဒ်မ ဖြစ်သော ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသူ ရန်ကုန်မြို့၊ တောင်ဥက္ကလာပတွင် နေထိုင်သူ အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦး ကလည်း နီးစပ်ရာ သူငယ်ချင်းများနှင့် မဲဆောက်တွင် စုပေါင်း၍ ရေကစားခဲ့သော်လည်း မိမိနိုင်ငံ အငွေ့အသက်ကို လွမ်းမိကြောင်း ပြောသည်။
ထိုသို့ မြို့ကြီးများတွင် ပြည်သူများ စိတ်ထွက်ပေါက်အနေဖြင့် သင်္ကြန်မှာပျော်ရွှင်နေသည်ကို အပြစ် မမြင်ကြောင်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး က ပြောသည်။
စစ်မက်ဖြစ်ပွားနေသည့်ဒေသဖြစ်သည့်အတွက် ဒေသခံအများစုမှာ မပျော်နိုင်ဘဲ သင်္ကြန်ကာလ လေကြောင်း တိုက်ခိုက်မှုများ ရှိနေသည့်အတွက် ပုန်းခိုကျင်းထဲတွင် အချိန်ကုန်ဆုံးရကြောင်း သူက ဆိုသည်။
“ရွာသူရွာခံတွေက ပျော်ဖို့နေနေသာသာ သင်္ကြန်အခါတွင်းကို အိမ်မှာ မနေရဲတော့ဘဲ ဂလုတ်တွင်းထဲမှာပဲ နေတာထိုင်တာ များတော့တာ၊ အချို့တွေသာ သွားစရာ၊ လာစရာရှိတဲ့သူမှသာ အပြင်ထွက်ကြတော့တာ၊ တော်တော်ရက်စက်ပါတယ်၊ မင်းအောင်လှိုင်က” ၎င်းက ပြောသည်။
တော်လှန်ရေးရဲဘော်များအနေဖြင့်လည်း လေကြောင်းအန္တရာယ်ကြောင့် အသံချဲ့စက်ဖြင့်မဖွင့်ဘဲ တိတ်တဆိတ် အနည်းငယ်သောက်စားပျော်ရွှင်ကြရပြီး ရှေ့တန်းထွက်ရဲဘော်များမှာမူ တိုက်ပွဲနှင့် ကျရာတာဝန်ကို ထမ်းဆောင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။
အရာတော်မြို့နယ်တောင်ဘက်ရှိ ကျောက်ပျောက်ရွာကို ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့) မွန်းတည့် ၁၂ နာရီအချိန်တွင် တိုက်လေယာဉ်၊ ပါရာမိုတာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကလေးတစ်ဦး အပါအဝင် မိသားစုဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုရဲဘော်က ပြောပြသည်။
“ကျေးရွာတွေမှာတော့ အပျော်မရှိဘူးပေါ့နော်။ သင်္ကြန်ရယ်လို့ ရေပက်တာလည်းမရှိဘူး။ မိမိနေထိုင်တဲ့ ဒီဝန်းကျင်ကို ပြောတာပေါ့နော်။ ဘာလို့ဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေက ခဏနေဝဲလာလိုက်၊ ကင်းလှည့် ဒရုန်းတွေ ဝဲလိုက်၊ နောက် ဆူဆိုက် (အသေခံဒရုန်း)တွေ လာလိုက် တောက်လျှောက် ပစ်ခတ်နေတာ။ အခုဆိုလည်း လက်နက်ကြီးတွ ပစ်နေတာပဲ။ အရာတော်လေ့ကျင့်ရေး (၁၀) ကနေ ပစ်တာပေါ့နော်။ လူစည်ကားတဲ့နေရာတွေကို”ဟု ဆက်ပြောသည်။
အရပ်ဝတ် အသွင်ပြောင်းစစ်အစိုးရက တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်းတိုင်း အတွင်း သင်္ကြန်ကာလအတွင်း ဘုန်းကြီးကျောင်းပါမချန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ရဟန်းသုံးပါးနှင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ …မြူမှောင်ဝေကင်း ငွေအဆင်း …ဆန္ဒပြည်ထောင် တိုင်းမြန်ပြည် … ငြိမ်းချမ်းအောင် ဆုသွန်းခါရေ … အေးစေကြောင်းလောင်းတဲ့ လုံမေ ထူးထူးကဲကဲ လှကြပါစေ …”
သင်္ကြန်အငွေ့အသက်များ၊ သင်္ကြန်အနံ့အသက်များ၊ အတိတ်များသည် သင်္ကြန်သီချင်းများနှင့်အတူ ပျံ့လွှင့်လာနေသည်။
အိမ်နှင့်မန္တလေး သင်္ကြန်ကို မျက်ရည်ကျသည်အထိ လွမ်းမိပြီး တော်လှန်ရေးပြီးဆုံးပြီး အသက်မသေပါက အတိုးချ၍ ပျော်ရွှင်မည့်အကြောင်းကိုလည်း ၎င်းက ဖွင့်ဟသည်။
“လွမ်းတာပေါ့ အရမ်းလွမ်းတာပေါ့ဗျ၊ အရင်တုန်းက မန္တလေး သင်္ကြန်ကြီးလည်း အရမ်းလွမ်းတာပေါ့ဗျ ” ဟု သူက ဆိုလိုက်သည်။



