မြန်မာနှစ်သစ်ကူးသင်္ကြန်တွင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေသည့် စစ်တပ်သည် ယနေ့ (သင်္ကြန်အတက်နေ့)တွင်လည်း မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပေါက်မြို့ တောင်ဘက်လေးမိုင်ခန့်အကွာရှိ ဝန်လဲရွာကို ယနေ့ (ဧပြီလ ၁၆ ရက်) နေ့လယ် နှစ်နာရီခွဲဝန်းကျင် တွင် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးနှစ်လုံးကြဲချခဲ့ရာ ရွာလယ်တွင်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့အပြင် အသက် ၁၆ နှစ်အရွယ် မိန်းကလေး တစ်ဦးအပါအဝင်ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေးဦး ဒဏ်ရာပြင်းထန်ကြောင်း ပေါက်မြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ လူသားချင်း စာနာမှုဆိုင်ရာအကူညီပေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“အဲ့ဒီမှာတိုက်ပွဲလည်းမရှိဘူး။ ပျူရွာလည်းမနီးဘူး။ နောက်ပြီးကာကွယ်ရေးရဲဘော်ဆိုတာလည်းမရှိဘူး။ ရွာလေးကငယ်ငယ်လေး။…ရေကစားမဏ္ဍပ်လည်းမရှိဘူး။ ပျော်ပါးကခုန်နေတာလည်း မရှိဘဲနဲ့ အကြောင်းမဲ့သက်သက်လာပစ်သွားတာ”ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ခုနစ်လုံးပျက်စီးသွားပြီး ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြောင်း ၎င်းကဆက်ပြောသည်။
ကျေးလက်ဒေသရှိပြည်သူများမှာ သင်္ကြန်နှစ်သစ်ကူးကာလအတွင်း လေကြောင်းသတိပေးချက်ကို နားစွင့်ပြီး ဖြတ်သန်းနေရကြောင်း အထက်ပါ လူသားစာနာတာဝန်ရှိသူက ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် စစ်တပ်ဦးဆောင်သည့် အမည်ခံရွေးကောက်ပွဲအပြီး အရပ်ဝတ် အသွင်ပြောင်းပြီးနောက် နိုင်ငံအနှံ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို သင်္ကြန်တွင်းတွင်ပင် ဆက်တိုက် ပြုလုပ်နေသည်။
တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် သင်္ကြန်အကြိုနေ့က တိုက်သစ် ဘုန်းကြီးကျောင်းကိုလေကြောင်းမှ ဗုံးကြဲသဖြင့် သင်္ကြန်တွင်း ရဟန်းဝတ်နေသည့် ဒုလ္လဘ နှစ်ပါးနှင့် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့သည်။
စစ်ကိုင်းတိုင်း၊ နမခအနီးရှိမြို့များဖြစ်သည့် အရာတော်၊ ရွှေဘို၊ ဒီပဲယင်းတို့ကို ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီးပစ်ခတ်မှုများအပြင် ယင်းမာပင်နှင့် ပုလဲမြို့နယ်စပ် ကျေးရွာများကို နှစ်ဖက်ညှပ်စစ်ကြောင်းထိုး မီးရှို့မှုများလုပ်နေသည်။
စစ်တပ်လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအရှိန်မြှင့်လာရာ ပြီးခဲ့သည့် မတ်လတစ်လအတွင်းတွင်ပင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၈၀ ကျော်သေဆုံးပြီး ၄၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။



