စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လူ ၅၀၀ ထက်မနည်း ဒေသခံများ၏ ကိုယ်ရေး အချက်အလက်များကို ဝယ်ယူ၍ ကမ္ဘောဇဘဏ်၏ အွန်လိုင်းငွေကြေးစနစ်ဖြစ်သည့် KBZ Pay ( အများအခေါ် K Pay) ဖွင့်လှစ်ရန် အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သူများက ဝယ်ယူနေသည်ဟု စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ်လတွင် စတင်၍ မိုဘိုင်းဘဏ်အကောင့် ဖွင့်လှစ်ရန် လိုအပ်သော လူတစ်ဦး၏ မှတ်ပုံတင်၊ မျက်နှာ Scan ဖတ်ခြင်း အပါအဝင် ကိုယ်ရေးအချက်အလက်များကို မြန်မာငွေ ကျပ်ငါးသောင်းဖြင့် လိုက်လံဝယ်ယူခြင်းဖြစ်ပြီး ချောင်းဦးမြို့နယ် ခုနစ်ရွာထက်မနည်းမှ ဒေသခံများက ရောင်းချခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ထံက သိရသည်။
ချောင်းဦးမြို့နယ်သည် မုံရွာမြို့နှင့် မလှမ်းမကမ်းတွင်ရှိပြီး တော်လှန်ရေးအဖွဲ့များ အားကောင်းသည့်ဒေသ ဖြစ်သည့်အပြင် တိုက်ပွဲများပြင်းထန်သည့်နေရာလည်းဖြစ်ရာ တော်လှန်ရေးကာလ ငါးနှစ်ကျော်ရောက်လာချိန် ဒေသခံများ လူမှုစီးပွားရေးကျပ်တည်းနေချိန် ထိုသို့လိုက်လံဝယ်ယူမှု ပေါ်ပေါက်လာသည်။
မိသားစုဝင် ငါးဦးရှိသော မိသားစုအနေဖြင့် K Pay အကောင့်တစ်ခုဖွင့်မည်ဆိုပါက ကျပ် နှစ်သိန်းခွဲခန့် ရရှိမည်ဖြစ်ပြီး အဆိုပါငွေပမာဏသည် စစ်မက်ဖြစ်ပွားနေသောဒေသတွင် နေထိုင်ရသော မိသားစုများအဖို့ ခဏတာဝမ်းရေးပြေလည်စေမည်ဖြစ်သည်။ ထိုပမာဏသည် ချောင်းဦးမြို့နယ်တွင် ဆန်ကြမ်းနှစ်အိတ်နှင့် ညီမျှသော ပမာဏဖြစ်သည်။
ငွေကြေးလိုအပ်ချက်ကြောင့် K Pay အကောင့်ဖွင့်ရန် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များအား ရောင်းချခဲ့ခြင်းဖြစ်သည်၊ Wave Pay အကောင့်များလည်း ပါသည်ဟု ချောင်းဦးဒေသခံများက ဆိုကြသည်။
ဘဏ်အကောင့်ဖွင့်ရန် အချက်အလက်များ ရောင်းချ၍ရသည်ကို ထော်လာဂျီမောင်းသည့် ကားသမား တစ်ဦးထံကသိရှိခဲ့ရကြောင်း၊ ထော်လာဂျီခ ငါးထောင်ပေးပြီး ကျန်ငွေကို ရယူခဲ့ကြောင်း အသက် ၃၈ နှစ်အရွယ် ချောင်းဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ရွာက ထော်လာဂျီက အဲ့ဘက် (ချောင်းဦး) ကို ပြေးတော့ ရွာက ထော်လာဂျီသမားကို ပြောလိုက်ကြတော့ ရွာက ထော်လာဂျီသမားက လိုက်စပ်တာပေါ့။ သူက လိုက်စပ်တော့ မှတ်ပုံတင်ပါရင် ငါးသောင်းရမှာဆိုတော့ ရွာထဲက သူ့ထော်လာဂျီနဲ့ လိုက်ကြတာ။ ထော်လာဂျီခက ငါးထောင်နုတ်တာ၊ ပေးတာက ငါးသောင်းပေးတာ။ ကျုပ်တို့ကြတော့ လေးသောင်းခွဲပဲရတာ၊ ထော်လာဂျီခက ငါးထောင်နုတ်တာဆိုတော့”ဟု ၎င်းက ဆိုသည်။
၎င်းတို့၏ အချက်အလက်များဖြင့် ဘဏ်အကောင့်ဖွင့်သည်ကိုသာသိရပြီး မည်သည့်အတွက်ကြောင့် ဖွင့်လှစ်သည်ကို မသိကြသလို ဝယ်ယူသူများက ရှင်းပြခြင်းမရှိဟု ဒေသခံအချို့က ပြောကြသည်။
ထိုလုပ်ငန်းစဉ်များအပေါ် သံသယစိတ်များရှိခဲ့သော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီဈေး ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် ငွေကြေး လိုအပ်နေသဖြင့် ရောင်းချလိုက်ရသည်ဟု အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
“မှတ်ပုံတင်ကိုလည်း (ဓာတ်ပုံ) ရိုက်တယ်၊ လူပုံကိုလည်း ရိုက်တယ်။ အဲဒါ ရိုက်ပြီးတော့ ပိုက်ဆံပေးတာပဲ။ ဘာလုပ်လို့ လုပ်မှန်းမသိဘူး။ အဲ့ဒီတုန်းက စဉ်းစားမိတယ်။ ဓာတ်ပုံတွေ ရိုက်တုန်းကတော့ စဉ်းတော့စဉ်းစား မိတယ်။ ဘာများလုပ်မလို့တုန်းပေါ့။ ပိုက်ဆံကလည်း အခက်အခဲဖြစ်တော့ ထုတ်မိတာပေါ့နော်။ စိတ်ထဲကတော့ မသင်္ကာဘူး။ အလုပ်ကလည်းမရှိဘူးဆိုတော့ ငါးသောင်းဆို ငါးသောင်းပဲဆိုပြီး ထုတ်ခဲ့တာပေါ့” ဟု ထိုအမျိုးသမီးငယ်က ဆိုသည်။
တဆင့်ခံ ပွဲစားများ
K Pay ခေါ် KBZ Pay သည် လူသုံးစွဲမှုများသော ဒီဂျစ်တယ် ငွေကြေးပလက်ဖောင်းတစ်ခုဖြစ်ပြီး အကောင့်ဖွင့်မည်ဆိုပါက သုံးစွဲသူ၏ မှတ်ပုံတင်နှင့်အချက်အလက်များသာမက မျက်နှာကိုပါ Scan ဖတ်၍ မှတ်တမ်းတင်ထားလေ့ရှိသည်။
ထို့ကြောင့် အကောင့်များဖွင့်ရန် ပုဂ္ဂိုလ်ရေးအချက်အလက်များ လိုအပ်သောကြောင့် စလော့၊ ငါးပစ်ဂိမ်းစသည့် လောင်းကစားလုပ်ငန်းများက လောင်းကစားလုပ်သူ ချောင်းဦးဒေသခံ လူငယ်အချို့ကို ပစ်မှတ်ထားကာ ငွေသွင်းငွေထုတ်အတွက် လိုအပ်သည့် ဘဏ်အကောင့်များဖွင့်ရန် မက်လုံးပေးခိုင်းစေခဲ့သည်ဟု ချောင်းဦးဒေသခံ သုံးဦးထက်မနည်းက Myanmar Now ကို ပြောသည်။
ထိုဝယ်ယူခဲ့သော ဘဏ်အကောင့်များကို အွန်လိုင်းလောင်းကစား ငွေကြေးလွှဲပြောင်းခြင်းများတွင် အသုံးပြု ခဲ့ခြင်း ရှိမရှိ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ဘဏ်အကောင့်တစ်ခု ဖွင့်ရလျှင် တစ်သိန်းကျပ်ပေးမည်ဟု ကြားပွဲစားအဖြစ် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ထိုလူငယ်များက လူတစ်ဦးလျှင် ဘဏ်ဖွင့်ရန်အချက်အလက်များပေးပါက ကျပ်ငါးသောင်းရရှိမည် ဟုဆိုကာ ကျေးရွာများအား လိုက်လံစည်းရုံးခိုင်းခြင်းဖြစ်သည်။
ပြီးခဲ့သည် မတ်လ တတိယအပတ်တွင် ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ လူငယ်တစ်ဦးက လိုက်လံ ဝယ်ယူသော်လည်း ထိုကျေးရွာက လက်မခံသောကြောင့် အခြားတစ်ရွာတွင် ထပ်မံစည်းရုံးခဲ့သည်။ ထိုမှ စတင်ခဲ့သည်ဟု ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံက ကိုဇာနည်သိမ်းက ပြောသည်။
“တဖြည်းဖြည်းနဲ့ လူက များလာတာပေါ့၊ ထော်လာဂျီတွေနဲ့ပါ သူတို့ဆီမှာ သွားဖွင့်တဲ့အခါကြတော့ သူတို့ရွာက ဟာ ဒါတွေလုပ်လို့မရဘူးဆိုပြီး ပိတ်လိုက်တယ်ပေါ့နော်။ အဲ့ဒီတော့ တခြားရွာတွေကို သူကသွားပြီးတော့ လုပ်လိုက်တယ်”
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်တွင် ပုဂ္ဂလိကဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သော ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇာနည်သိန်းက K Pay ဖွင့်ပေးသည်ဟူသော မသင်္ကာစရာကိစ္စများအား သတိထားလာမိ၍ စတင်စစ်ဆေးခဲ့သည်ဟု ဆိုသည်။
“ဒေသတစ်ခုကို ကျွန်တော် တာဝန်နဲ့ ရောက်တော့ ပြည်သူတွေက မှတ်ပုံတင်ပေးလိုက်တယ် K Pay ဖွင့်တယ်၊ ငါးသောင်းပြန်ရလာတယ်ဆိုတဲ့အခါကြတော့ ဒါပုံမှန်မဟုတ်တော့ဘူးဆိုတာ ကောင်းကောင်း သိလိုက်တယ်ပေါ့။ ကျွန်တော်လည်း ဘဏ်ဝန်ထမ်း CDM တစ်ယောက်ဆိုတော့”ဟု သူက ဆိုသည်။
ထို့နောက် ဘဏ်အကောင့်ဖွင့်ရန် လိုက်လံဝယ်ယူနေသူ ချောင်းဦးဒေသခံများအား ခေါ်ယူစစ်ဆေး မေးမြန်းခဲ့သည်။ ၎င်းတို့က ဇာတိကျေးရွာများ၊ အနီးအနားကျေးရွာများတွင် လိုက်လံစည်းရုံးခဲ့ကြောင်း ထွက်ဆိုသည်ဟု ကိုဇာနည်သိမ်းက ပြောသည်။
ကနဦး ခေါ်ယူစစ်ဆေးခဲ့သော ချောင်းဦးဒေသခံ လူငယ်တစ်ဦးမှတဆင့် အချက်အလက်များ လိုက်ဝယ်သော လူငယ် ၂၆ ဦးထက်မနည်းရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဧပြီလဆန်း၌ လူ ၃၀၀ ထက်မနည်း အွန်လိုင်းဘဏ်အကောင့်များဖွင့်ရန် ကိုယ်ရေးအချက်အလက်များ ပေးခဲ့ရသည်ဟုချောင်းဦးမြို့နယ် ပကဖထံက သိရသည်။
“သူတို့က သူတို့အထက်မှာ အေးဂျင့်ရှိတယ်ပေါ့နော်။ သူတို့ စလော့ ငါးပစ်ဂိမ်းဆော့ရင်းနဲ့ ငွေအသွင်းအထုတ် လုပ်တဲ့အခါမှာ ရင်းနှီးလာပြီးတော့ K Pay အကောင့်ရှာပေးတယ်ဆိုလို့ရှိရင် တစ်ကောင့်ကို သူတို့ တစ်သိန်းပေးမယ်လို့ ပြောတယ်ပေါ့နော်။ သူတို့က K Pay အကောင့်ဖွင့်ပေးမယ် ဖွင့်တဲ့သူကို ငါးသောင်း ယူပြီးတော့ သူတို့က ငါးသောင်းယူတဲ့ဆိုတဲ့ သဘောမျိုးပေါ့နော်” ဟု ကိုဇာနည်သိန်းက ပြောသည်။
ထိုသူများကို ဖမ်းဆီးစစ်ဆေးပြီး မိဘခေါ်ယူ၍ နောင်မပြုလုပ်ရန် ခံဝန်လက်မှတ်ထိုး ပြန်လွှတ်ပေးခဲ့ကြောင်း၊ နယ်မြေလုံခြုံရေးအခြေအနေများကြောင့် တပြိုင်နက်တည်း မစစ်ဆေးဘဲ သက်ဆိုင်ရာကျေးရွာ ပသုံးလုံးအဖွဲ့များထံ အပ်နှံ၍ စစ်ဆေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ဘဏ်အကောင့်များဖွင့်ရန် ခိုင်းစေသည့် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်သူများကို နယ်မြေထိန်းချုပ်မှုအကန့်အသတ်များကြောင့် ဖော်ထုတ်အရေးယူရန် အခက်ခဲများရှိနေသည်ဟု ပကဖဘက်က ဆိုသည်။
လက်ရှိတွင် ချောင်းဦးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် မြို့နယ်ပကဖက စီစဉ်လျက် ရှိသည်။
ဘဏ်ဖွင့်ရန် အချက်အလက်များ လိုက်လံဝယ်ယူခဲ့သည့် ချောင်းဦးဒေသခံ အသက် ၂၂ နှစ် အရွယ် လူငယ်တစ်ဦးက K Pay အကောင့်တစ်ခုဖွင့်ပေးမည်ဆိုပါက ကျပ်ခြောက်သောင်းရမည်ဆိုသောကြောင့် မုံရွာမှ သူငယ်ချင်းနှင့်အတူ လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ လူငယ်တွေ ဂိမ်း(အွန်လိုင်းလောင်းကစားဂိမ်း ) ဆော့ရာကနေ မသိဘဲနဲ့ လုပ်ခဲ့တာဗျ။ အခု သိသွားတဲ့ နောက်ပိုင်းကြတော့ မလုပ်ဘူး။ ကျွန်တော့် မိန်းမ ကလေးမွေးမှာရောဘာရော အဲ့ဒီလို အကျပ်အတည်းရောကြောင့် ဒါမျိုးစလုပ်ဖြစ်သွားတာ” ဟု ထိုလူငယ်က ပြောသည်။
၎င်းနေထိုင်သည့်ရွာနှင့် အနီးနားကျေးရွာများတွင် တစ်ရက်လျှင် အနည်းဆုံး အကောင့် ငါးခုမှ ၁၀ ခုအထိ ဖွင့်ပေးခဲ့ကြောင်း၊ ၎င်းရွာမှာပင် လူ ၁၀၀ ထက်မနည်းဖွင့်ပေးခဲ့ကြောင်း၊ ရက် ၂၀ ခန့် လုပ်ကိုင်ခဲ့ကြောင်း ၎င်းက ဝန်ခံသည်။
၎င်း၏သူငယ်ချင်းချိတ်ဆက်ပေးမှုဖြင့် “ကြည်ကြည်” ဟူသော အမည်ဖြင့်တယ်လီဂရမ်အကောင့်တစ်ခုနှင့် ဆက်သွယ်ရကြောင်း၊ ဘဏ်ဖွင့်သော အချက်အလက်များအား ထိုတယ်လီဂရမ်ထံ ပို့ပေးရကြောင်း အထက်ပါလူငယ်က ဆိုသည်။
“ကျွန်တော်တို့ကို ချိတ်ပေးတာကတော့ နာမည်ကတော့ နာမည်အမှန်တော့မဟုတ်ဘူးဗျ။ လိုင်းပေါ်ကနေဆိုတော့ ‘ကြည်ကြည်’ လို့တော့ သိရတယ်ဗျ”ဟု အသက်၂၂ နှစ်အရွယ် အဆိုပါ လူငယ်က ပြောသည်။
လက်ရှိတွင် ချောင်းဦးဒေသအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်စစ်ကြောင်းထိုးမှုများ ရှိလာမည်ကို စိုးရိမ်လျက်ရှိပြီး အချက်အလက်များ ရောင်းချခဲ့သည့် ချောင်းဦးနှင့် မုံရွာမြို့နယ် နယ်စပ် ချောင်းဦးမြို့နယ်တွင်းမှ ရွာခုနစ်ရွာ၏ အမည်ကို လုံခြုံရေးကြောင့် မဖော်ပြစေလိုကြောင်း ကာယကံရှင်များက ဆိုကြသည်။
ချောင်းဦးမြို့နယ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တည်ရှိရွာ မုံရွာနှင့် နီးနီးကပ်ကပ်တွင်တည်ရှိပြီး စစ်တပ်မှ ယခုဖြစ်စဉ်များဖြစ်ပွားခဲ့သော ကျေးရွာများအား တိုက်လေယာဉ်၊ အင်ဂျင်တပ် လေထီးများဖြင့် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသောဒေသဖြစ်သည်။
ဒေသခံများက ငွေကြေးအကျပ်အတည်းကြောင့် ရောင်းချခဲ့ရသော်လည်း ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအား မသမာသူများက အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ ငွေကြေးခဝါချမှုများတွင် အသုံးပြုမည်ကို စိုးရိမ်လျက်ရှိကြသည်။ အလားတူ အဆိုပါအချက်အလက်များ အသုံးချ၍ စစ်တပ်က ဖမ်းဆီးမည်ကိုလည်း စိုးရိမ်နေသည်ဟု ဆိုသည်။
“အဲဒါ မှတ်ပုံတင်ကို ယူပြီးတော့ တစ်ရွာတို့ဘာတို့ မထွက်ရဲတော့ဘူးလေ။ ဓာတ်ပုံတွေ ဘာတွေ သူတို့ (ဝယ်သူ) လက်ထဲ ရောက်သွားတော့ လမ်းတွေဘာတွေပေါ်မှာ သွားရင် စိတ်မချတာပေါ့” ဟု အသက် ၃၈ နှစ် အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တပ်စစ်ဆေးရေးဂိတ်များတွင် PSMS (Person Scrutinization and Monitoring System) ကိုယ်ရေး အချက်အလက်ဖြင့် လူရှာဖွေစစ်ဆေးသည့်နည်းပညာဖြင့် စစ်ဆေးအရေးယူများ ရှိနေသည်။
အဆိုပါ PSMS နည်းပညာသည် ဉာဏ်ရည်တုနည်းပညာ(AI)၊ သွင်ပြင်မှတ်သားတဲ့ (Facial Recognition) နည်းပညာ၊ ဗဟိုချုပ်ကိုင်မှု (CCTV)စောင့်ကြည့်ရေးနည်းပညာများအပြင် နိုင်ငံသားအချက်အလက်များ စုစည်းသိမ်းထားနိုင်ပြီး အချိန်ခဏအတွင်း စစ်ဆေးနိုင်သည့် နည်းပညာဖြစ်ကာ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်။

လောင်းကစားဝိုင်းများ အခြေချလာသည့် အညာဒေသ
ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက်တွင် အညာဒေသတွင်းတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လောင်းကစား လုပ်ငန်းများ အခြေချလာမည်ကို စိုးရိမ်လျက်ရှိသလို စစ်တပ်၏ နိုင်ငံရေးထိုးနှက်ချက်တစ်ခုအဖြစ် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ရှုမြင်ကြသည်။
အညာဒေသများဖြစ်သော စစ်ကိုင်းတိုင်း ချောင်းဦး၊ မုံရွာ၊ ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ခင်ဦးနှင့် အရာတော်ဒေသများတွင် လောင်းကစားဝိုင်းများ၊ စလော့ဂိမ်းဆော့သူ ပိုမိုများလာသည်ဟု ဒေသခံများ၏ ပြောပြချက်များအရသိရသည်။
“အဲဒါတွေက ရှိတယ်ဗျ၊ အလယ်အလတ်မြို့နယ်နဲ့လိုက်ပြီးတော့ လူငယ်တွေတော်တော်များများ ဆော့ကြ တာတွေတော့ တွေ့တယ်ဗျ” ဟု ချောင်းဦးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
ချောင်းဦးဒေသခံ အမျိုးသမီး နောက်တစ်ဦးက စလော့နှင့် ငါးပစ်ဂိမ်းကဲ့သို့သော အွန်လိုင်းလောင်းကစား ဂိမ်းဆော့သူများသည် အသက် ၁၈ နှစ်မှ ၃၅ အတွင်းလူငယ်၊ လူလတ်ပိုင်းများဖြစ်သည်ဟု ပြောသည်။
“ကိုယ်ကတော့ မဆော့ပါဘူး။ သူများတွေက အိမ်ဝင်းတွေ ပေါင်ရပြီ၊ မဆော့နဲ့ အဲ့ဒီလိုတော့ ပြောကြတာပေါ့။ ရွာကတော့ မရှိဘူးဆို နည်းနည်းပါးပါးတော့ရှိကြတာပေါ့နော်” ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ထိုကာလ စစ်တပ်၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက တရုတ်မီဒီယာတစ်ခုနှင့်တွေ့ဆုံချိန် အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် အကြမ်းဖက် အဖွဲ့များရှိသော ဒေသများ၊ တိုင်းရင်းသားလက်နက်ကိုင်များတည်ရှိသော နယ်စပ်ဒေသများတွင် တည်ရှိကြောင်း စွပ်စွဲပြောဆိုထားသည်။
၂၀၂၅ ခုနှစ် ဇွန်လတွင် PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်များရှိသော ဒေသများတွင် အွန်လိုင်း ငွေလိမ်လုပ်ငန်းများသည် ဆက်လက်ကြီးထွားနေသည်ဟု စစ်တပ်၏ ဝါဒဖြန့် ကြေးမုံသတင်းတစ်ပုဒ်တွင် ဆိုထားသည်။
ထို့ကြောင့် အထက်ပါဖြစ်စဉ်သည် တိုက်ဆိုင်ခြင်းမရှိဘဲ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ထိုးနှက်ခြင်းသာ ဖြစ်သည်ဟု ချောင်းဦးပကဖ တာဝန်ခံ ကိုဇာနည်သိန်းက ယူဆသည်။
ဒေသတစ်ခုအတွင်း အကောင့်များစွာ အလုံးအရင်းဖြင့် ဖွင့်နေသည်ကို ဘဏ်၏ဗဟိုစနစ်မှ အတိအကျ သိရှိနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ CDM ဝန်ထမ်းတစ်ဦးဖြစ်သော ကိုကျော်ဝဏ္ဏ ဆိုသူကလည်း ပြောသည်။
“သူတို့ဆီမှာ အကောင့်ဖွင့်လိုက်တာနဲ့ ဘဏ်မှာ တန်းဝင်ပြီးသားပေါ့လေ။ သူတို့ဆီမှာ Code တွေ တောင်းရတယ်။ Confirm ရတယ်။ ဒါတွေကို ဖွင့်လိုက်တာနဲ့ ဘဏ်က သိတယ်။ တစ်ရက်တစ်ရက်မှာ ဘယ်ဒေသမှာ ဘယ်လောက်ဖွင့်တယ်ဆိုတာလည်း ဘဏ်က တန်းသိပြီးသားပဲ” ဟု ကိုကျော်ဝဏ္ဏက ဆိုသည်။
ဘဏ်အကောင့်တစ်ခုဖွင့်မည်ဆိုပါက အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များအပြင် နေရပ်လိပ်စာ၊ အိမ်နံပါတ်ကဲ့သို့သော အချက်အလက်များစွာကို စနစ်တကျ စိစစ်ရသည်ဟု သူက ဆက်ပြောသည်။
ချောင်းဦးဒေသတွင် ဒေသခံများ၏ အချက်အလက်များကို လိုက်လံဝယ်ယူ၍ K Pay အကောင့်များ ဖွင့်လှစ်နေခြင်းအပေါ် KBZ ဘဏ်အား Myanmar Now က အီးမေးလ်ပို့ မေးမြန်းခဲ့ရာ “KBZPay တွင် Customer များ၏ Level သည် Level 2 အထိသာရှိပြီး Level Upgrade ပြုလုပ်ရန်ဆက်သွယ်လာလျှင် လိမ်လည်သူများမှ ဆက်သွယ်ခြင်းဖြစ်ကြောင်း သတိပြုရန် လိုအပ်ပါသည်” ဟူ၍ နောက်တစ်ရက်တွင် အီးမေးလ်မှတဆင့် ပြန်လည်အကြောင်းပြန်ခဲ့သည်။
KBZ ဘဏ်၏ စည်းမျဉ်းစည်းကမ်းများတွင် KBZ Pay Account ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှု သို့မဟုတ် တောင်းဆိုမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက မှတ်ပုံတင်ကိုင်ဆောင်ထားသူကိုသာလျှင် အကောင့်ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း၊ ဘဏ်အကောင့်ရောင်းချခြင်း ၊ ငွေကြေးဖြင့် မက်လုံးပေးပြီး မိမိ၏အရေးကြီးသောအချက်အလက်များ တောင်းခံပါက ပေးအပ်ခြင်း မပြုလုပ်ရန် အပါအဝင် အငြင်းပွားမှုများဖြစ်လာပါက အကောင့်ပိုင်ရှင်ကသာ ဖြေရှင်းရန် တာဝန်ရှိပြီး ဆုံးရှုံး၊ ထိခိုက်နစ်နာမှုများ ရှိလာပါက ကာယကံရှင်ကသာ တာဝန်ယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာ့ဘဏ်လုပ်ငန်းများ၏ လုံခြုံရေးစနစ်များသည် များစွာ လျော့ရဲလာသည်ကို တွေ့မြင်ရသည်ဟု CDM ဝန်ထမ်းလည်းဖြစ်၊ လက်နက်ကိုင် တော်လှန်သူလည်းဖြစ်သော ကိုဇာနည်သိန်းက ပြောသည်။
“ ဘဏ်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေလားဆိုတာကတော့ သူတို့ပဲ သိမယ်။ လောလောဆယ်တော့ ဘဏ်တွေက ထုတ်တဲ့ Product တွေနဲ့ပဲ ဒီလုပ်ငန်းတွေက ကျားဖြန့်လုပ်ငန်းတွေက လည်ပတ်နေတာလေ။ အွန်လိုင်းငွေလိမ်ဆိုမှတော့ အွန်လိုင်းကနေပဲ လိမ်မှာ။ Pay အကောင့်တွေပဲ သုံးရမှာ။ Pay အကောင့်တို့ Special တို့။ အွန်လိုင်းငွေချေစနစ်သုံးမှာလေ။ အဲဒီအွန်လိုင်းငွေချေစနစ်က ဘယ်ကနေလာတာလဲဆိုတော့ ဘဏ်ကနေပဲ လာတာလေ” ဟု သူက ဆက်ပြောသည်။

မြန်မာဘဏ်လုပ်ငန်းများမှ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ ငွေကြေးစီးဆင်းသည့်လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်မှုရှိ၊ မရှိသည် ၎င်းတို့ပဲ သိမည်ဖြစ်ပြီး လက်ရှိချောင်းဦးဒေသ၏ အဖြစ်အပျက်သည် KBZ Pay နှင့် Wave Pay များအား အသုံးပြုလာခြင်းက သက်သေဖြစ်သည်ဟု သူက ဆိုသည်။
KBZ နည်းတူ လူသုံးများသည့် Wave Money မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီကလည်း ငွေလိမ်သူ များ၏ အန္တရာယ်ကို သတိပြုရန် အသိပေးမှုများ မကြာခဏထုတ်ပြန်ထားလေ့ရှိသော်လည်း ကိုယ်ရေး အချက်အလက်ဝယ်ယူ၍ အလွဲသုံးစားလုပ်မှုများ ဆက်လက်ဖြစ်ပွားနေသည်။
ချောင်းဦးဒေသတွင် ဖွင့်ယူခဲ့သော ဘဏ်အကောင့် ရာပေါင်းများစွာသည် ဘဏ်အကောင့်များကို မှောင်ခို ဈေးကွက်တွင်ပြန်လည်ရောင်းချခြင်းနှင့် ငွေကြေးခဝါချသော လုပ်ငန်းများတွင် အသုံးပြုခြင်းနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ၌ အသုံးပြုနိုင်ခြေရှိသည်ဟု CDM ဘဏ်ဝန်ထမ်း ကိုကျော်ဝဏ္ဏကလည်း ပြောသည်။
ထို့ကြောင့် ဒေသခံများအနေဖြင့် နီးစပ်ရာ KBZ ဘဏ်များသို့ ကိုယ်တိုင်သွားရောက်ကာ မိမိအမည်ဖြင့် ဖွင့်ထားသော အကောင့်များကို အမြန်ဆုံး သွားရောက်ပိတ်သိမ်းကြရန် ၎င်းက အကြံပြုသည်။
မြန်မာနိုင်ငံတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသနှင့် ‘ဝ’ ကိုယ်ပိုင်အုပ်ခွင့်ရဒေသများတွင် စစ်တပ် အာဏာသိမ်းပြီးနောက် တဟုန်ထိုးကြီးမားလာခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်တောင်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းဒေသများတွင် ဆက်လက်ကူးစက်၍ ပျံ့နှံ့လာနေသည်။
နေပြည်တော်မှ ထိပ်တန်း စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ပြည်ထဲရေး ဝန်ကြီးရာထူးမှ ဖယ်ရှားခံလိုက်ရပြီး ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ကြောင်း တရုတ်အစိုးရ၏တိုင်ကြားမှုကြောင့်ဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွင် ဒေသခံပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက စစ်ရေးပဋိပက္ခများကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းခြင်းအား အခွင့်ကောင်းယူ၍ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကြီးထွားလာမည်ကို စိုးရိမ်ပူပန်လျက်ရှိနေကြသည်။



